News

POST TYPE

PERSPECTIVE

အမှိုက်မှသည် စွမ်းအင်ဆီသို့​နှင့် ပြည်သူ့ကျန်းမာရေးအတွက် သတိပြုစရာများ
နိဒါန်း

လွန်ခဲ့သည့် ၄ နှစ်ခန့်က ကျွန်တော် အမှိုက်မှသည် စွမ်းအင်ဆီသို့ဟူသော အမည်ဖြင့် ဆောင်းပါးတစ်ပုဒ် The Voice တွင် ရေးခဲ့ပါသည်။ အကြောင်းမှာ စင်ကာပူတွင် အမှိုက်များကို မီးရှို့ပြီး လျှပ်စစ်ဓာတ်ထုတ်လုပ်ခြင်းအကြောင်းဖြစ်၏။ ထိုစက်ရုံကို dk Incineration Plant ဟု ခေါ်သည်။ 

Incineration Plant အစ ဂျပန်က ဖြစ်၏။ နေ့စဉ် လူတို့စွန့်ပစ်နေသည့် အမှိုက်များကို နိုင်နိုင်နင်းနင်းစွန့်ပစ်ရန် ကြံဆကြရာ မီးရှို့ဖျက်ဆီးသောနည်းကို တွေ့သည်။ သူတို့အကြံမှာ အမှိုက် ၁၀၀ ဂရမ်ကို မီးရှို့ပြီး ပြာ ၁၀ ဂရမ်သာ ကျန်စေရန် ဖြစ်၏။ ကျန် ၉၀ ဂရမ်ကို ဖျောက်ပစ်နိုင်ရမည်။ ထိုအခါ ထုထည်အားဖြင့် များစွာလျော့ကျသွားသောကြောင့် အမှိုက်ပြဿနာကို ရှင်းနိုင်မည်။ သို့သော် ဂျပန်က အမှိုက်ကို မီးရှို့ရုံသာရှို့ခြင်းဖြစ်၏။ စင်ကာပူကျတော့ မီးရှို့ရာမှထွက်လာသည့်အပူကို လျှပ်စစ်ထုတ်ရန် ပြန်သုံးသည်။ 

ထိုစက်ရုံအကြောင်း မသိသေးသူများအား အကျဉ်းမျှ ပြန်ပြောပြပါမည်။

အမှိုက်ကိုမီးရှို့ပြီး လျှပ်စစ်ထုတ်ပေးသော စက်ရုံဖြစ်သောကြောင့် ထိုစက်ရုံကို Waste-To-Energy plant (အမှိုက်မှ စွမ်းအင်ပြောင်းစက်) ဟု ခေါ်ပါသည်။ 

စက်ရုံအလုပ်လုပ်ပုံကတော့ ရိုးရှင်းပါသည်။ 

စင်ကာပူနိုင်ငံတစ်ဝန်းလုံးမှ အမှိုက်များကို ကန်ထရိုက်တာလေးဦးက စုဆောင်းကာ ထိုစက်ရုံများဆီ ပို့သည်။ ထိုစက်ရုံတွင် အမှိုက်များကို မီးရှို့သည်။ မီးရှို့ရာမှ ရလာသောအပူဖြင့် ရေနွေးငွေ့တာဘိုင်များကို လည်စေကာ ဂျင်နရေတာများဖြင့် လျှပ်စစ်ထုတ်ခြင်းဖြစ်၏။ ဤသည်မှာ သူသူငါငါ သိရှိထားသည့် ဗဟုသုတ ဖြစ်သည်။

သို့သော် လက်တွေ့တွင် အခက်အခဲနှင့် စိန်ခေါ်မှုများစွာရှိ၏။ 

ယခု မြန်မာနိုင်ငံတွင် ဂျပန်အကူအညီဖြင့် Waste-To-Energy plant များ စတင်ဆောက်လုပ်နေပြီဖြစ်၏။ များမကြာမီ စတင်လည်ပတ်ပေတော့မည်။ ဂျပန်နိုင်ငံက လုပ်တာဖြစ်သည့်အတွက် ဖြစ်ကတတ်ဆန်းလုပ်မှာ မဟုတ်တာတော့ သေချာပါသည်။ သို့သော် မည်ကဲ့သို့ အကောင်အထည်ဖော်မည်နည်းဆိုတာ ရှိသေးသည်။ သည်စက်ရုံလည်ပတ်ခြင်းဖြင့် လူတို့၏ကျန်းမာရေး မထိခိုက်အောင်၊ ပတ်ဝန်းကျင်မထိခိုက်အောင်လုပ်ရန် အဆင့်မြင့်နည်းပညာများလိုသည်။ သို့ဆိုလျှင် မြန်မာနိုင်ငံတွင် လူတို့၏ ကျန်းမာရေးနှင့် လေထု၊ မြေထု မညစ်ညမ်းစေရန် ဤနည်းပညာများသုံးပြီး လုပ်ကိုင်ပါမည်လား။

သည်စက်ရုံနှင့် ပတ်သက်၍ အသေးစိတ်သိနိုင်ရန် ထိုစက်ရုံ၌ လုပ်ကိုင်နေသည့် မြန်မာအင်ဂျင်နီယာတစ်ဦးကို အင်တာဗျူး၍သော်လည်းကောင်း၊ သက်ဆိုင်ရာ အင်တာနက်စာမျက်နှာများကို မွှေနှောက်ရှာဖွေ၍သော်လည်းကောင်း အများပြည်သူများသိရန် စုစည်းရေးသားလိုက်ပါ၏။

၁။ Waste-To-Energy စက်ရုံမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းအတွက် ပြဿနာတစ်ခု

သည်စက်ရုံတွင် အမှိုက်များကို မီးရှို့ပြီး ရေနွေးငွေ့တာဘိုင်ကို မောင်းနှင်ကာ လျှပ်စစ်ဓာတ်အားထုတ်ယူကြောင်း ပြောခဲ့ပါပြီ။ သို့သော် ပြဿနာမှာ ရေနွေးငွေ့တာဘိုင်၏ စွမ်းရည် (Efficiency of steam turbine) ဖြစ်၏။ 

လျှပ်စစ်ဓာတ်အား ကောင်းကောင်းထုတ်လုပ်နိုင်ရန် ရေနွေးငွေ့တာဘိုင် ကောင်းကောင်းလည်ရန် လိုသည်။ ရေနွေးငွေ့တာဘိုင် ကောင်းကောင်းလည်ရန်မှာ ရေနွေးငွေ့ လုံလုံလောက်လောက်ရမှ ဖြစ်မည်။ ရေနွေးငွေ့ ကောင်းကောင်းရရန်အတွက် ဘွိုင်လာအိုးကို အားပြင်းပြီး တည်ငြိမ်သော အပူပေးနိုင်မှ ဖြစ်သည်။ 

အမှိုက်များကို မီးရှို့သည်ဆိုရာတွင် အမှိုက်က အမျိုးအစားတစ်ခုတည်း လာတာမဟုတ်။ နေရာပေါင်းစုံ၊ လုပ်ငန်းပေါင်းစုံ၊ အိမ်ပေါင်းစုံမှ စွန့်ပစ်လိုက်သော အမှိုက်ပေါင်းစုံများ ရောက်လာတာဖြစ်သည်။ အမှိုက်ခြောက်များပါသလို အမှိုက်စိုများလည်း ရောပါလာသည်။ မီးအလွယ်တကူ လောင်နိုင်သည့် အမှိုက်ပါသလို မီးလောင်ရန်မလွယ်သည့် အမှိုက်များလည်း ပါသည်။ အမှိုက်ထဲတွင် ရေခဲသေတ္တာများ၊ ပလတ်စတစ်များ ပါလာသည်။ ရေခဲသေတ္တာကို မီးလောင်ရန်မလွယ်။ 

ထိုအခါ အမှိုက်ကိုမီးရှို့ရာမှ ရလာသည့်အပူမှာလည်း မတည်ငြိမ်တော့။ မီးပြင်းသည့်အခါ ပြင်းသည်။ မီးအားလျော့သွားသည့်အခါ လျော့သည်။ ရောပါလာသည့် အမှိုက်စိုများကို ခြောက်အောင် စက်ရုံတစ်နေရာတွင် တစ်ရက်တန်သည်၊ နှစ်ရက်တန်သည် ပစ်ထားလိုက်ပြီး ခြောက်စေသည်။ သို့တိုင် လုံးဝခြောက်သည့်အမှိုက်ကိုမရ။ 

မီးရှို့ရာမှထွက်လာသည့် အပူကိုသုံးပြီး အမှိုက်စိုများကို ပြန်ခြောက်အောင် အပူပေးရာတွင်လည်း ပြဿနာရှိသည်။ အပေါ်ယံအမှိုက်များမှာ ခြောက်သွားသည့်တိုင် အထဲမှအမှိုက်များမှာ မခြောက်။ အထဲမှအမှိုက်များ ခြောက်သည့်တိုင် ဆက်လက်အပူပေးပါက အပေါ်ယံမှ အမှိုက်များက မီးထလောင်သည်။ ဤကဲ့သို့မီးလောင်ပြီဆိုလျှင် ငြှိမ်းသတ်ရန်မလွယ်။

ထို့ကြောင့် အမှိုက်အားလုံးကို ရောပြီးမီးရှို့ရသည်။ ထိုအခါ အမှိုက်စိုနည်းလျှင် မီးအားပြင်းသည်။ အမှိုက်စိုများလျှင် မီးအားလျော့သွားသည်။ ထိုအခါ ရေနွေးငွေ့တာဘိုင်၏ စွမ်းရည်လည်း ကျဆင်းသွားတော့သည်။

တစ်နည်းအားဖြင့်ဆိုရလျှင် အမှိုက်ကို မီးရှို့ပြီးရသောအပူဖြင့် လည်ပတ်သည့် ရေနွေးငွေ့တာဘိုင်၏ စွမ်းရည်သည် လောင်စာများဖြစ်သော ရေနံ၊ ဒီဇယ်၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးတို့ဖြင့်လည်သည့် ရေနွေးငွေ့တာဘိုင်ထက် စွမ်းရည်များစွာ နိမ့်ကျသည်။ လောင်စာများ တွင် Heating Value မြင့်သော်လည်း အမှိုက်မှာ Heating Value နိမ့်သည်။ လောင်စာ ၁ ကီလိုဂရမ်ကို မီးလောင်၍ ထွက်လာသည့်အပူကို Calorific Value ဟုခေါ်ပြီး Megajoule per kilogram ဖြင့်တိုင်းသည်။ အမှိုက်မှရသည့်အပူမှာ 7 MJ/kg လောက်သာ ရှိ၏။

လောင်စာတွင် ရေပါလာပါက ထိုရေအငွေ့ပျံရန် အပူအချို့ ထုတ်သုံးလိုက်ရသည်။ ထိုအခါ မီးလောင်လိုက်၍ရသော အပူအချို့ ဆုံးရှုံးသွားသည်။ မီးလောင်၍ရသော အပူစုစုပေါင်းကို GCV (Gross Calorific Value) ဟုခေါ်ပြီး ထိုအထဲမှ ဆုံးရှုံးသွားသည့်အပူကို နုတ်လိုက်လျှင် Nett Calorific Nalue (NCV) ကို ရသည်။ အမှိုက်တွင် အမှိုက်စိုများ ရောပါလာ၍ အပူဆုံးရှုံးမှုများသည်။ ထို့ကြောင့် လောင်စာများ၏ NCV မှာ အလွန်နည်းသည်။ 

ခြုံ၍ဆိုရလျှင် အမှိုက်ကိုမီးရှို့ရာမှရသည့်အပူသည် လျှပ်စစ်ဓာတ်အားထုတ်ရန်အတွက် အားမထားလောက်။ မီးရှို့ရာမှ ရသည့်အပူများကို အလဟဿဆုံးရှုံးမသွားစေဘဲ ဘယ်လောက်ရရ၊ ရသလောက်ယူမည်ဆိုသည့်သဘောနှင့် သုံးတာလောက်သာ ရှိပါသည်။

စင်ကာပူ စွမ်းအင်ဈေးကွက်အာဏာပိုင် (Singapore Energy Market Authority) က ထုတ်ပြန်ထားသည့် စာရင်းဇယားများအရ အမှိုက်မှစွမ်းအင်ထုတ် စက်ရုံအားလုံးမှရသော လျှပ်စစ်သည် ၂၀ဝ၅ ခုနှစ်တွင် တစ်နိုင်ငံလုံးထုတ်လျှပ်စစ်၏ ၃.၁ ရာခိုင်နှုန်းမျှသာရှိပြီး ၂၀၁၇ ခုနှစ်တွင် ၁.၉ ရာခိုင်နှုန်းမျှသာ ရှိပါသည်။ 

ဤသည်မှာ အမှိုက်မှ စွမ်းအင်ထုတ်လုပ်ရာတွင် အဓိကကြုံတွေ့ရသော ပြဿနာတစ်ခု ဖြစ်သည်။

၂။ အမှိုက်ကိုမီးရှို့ရာမှ ထွက်လာသည့်လေတွင်ပါသည့် အဆိပ်အတောက်များ

အမှိုက်မှစွမ်းအင်စက်ရုံ၏ နောက်ပြဿနာတစ်ခုမှာ ကျန်းမာရေး ပြဿနာဖြစ်သည်။ ဤတွင်လည်း နှစ်ပိုင်းရှိ၏။ တစ်ခုမှာ စက်ရုံအနီးနေထိုင်သူ ပြည်သူလူထု၏ ကျန်းမာရေးဖြစ်ပြီး နောက်တစ်ခုမှာ စက်ရုံ၌အလုပ်လုပ်နေသူ လုပ်သားများ၏ ကျန်းမာရေးဖြစ်သည်။ 

အမှိုက်မှစွမ်းအင်စက်ရုံနှင့် ပြည်သူလူထု၏ ကျန်းမာရေးပြဿနာအကြောင်းကို အမေရိကန်နိုင်ငံ National Center for Biotechnology Information ဌာနမှ သုတေသနပြုထားသည့် Understanding Health Effects of Incineration - Waste Incineration & Public Health စာတမ်းတွင် အတော်ပြည့်စုံစွာ ဖော်ပြထား၏။ ၄၃ မျက်နှာရှိသော ဤစာတမ်းကြီးကို ဤနေရာတွင် အပြည့်အစုံဖော်ပြရန် မဖြစ်နိုင်သကဲ့သို့ တော်တော်များများမှာ ပညာရှင်များအတွက်သာဖြစ်၍ သာမန် စာဖတ်ပရိသတ်အတွက် မလိုအပ်သော သတင်းအချက်အလက်များ ဖြစ်ပါသည်။ ဤနေရာတွင် ကျွန်တော်က အရေးကြီးသည့်အချက်များကိုသာ ထုတ်နုတ်တင်ပြသွားပါမည်။ ထိုစာတမ်းကို အပြည့်အစုံဖတ်လိုသူများ NCBI website/bookshelf တွင် download လုပ်ယူနိုင်ပါသည်။ 

အမှိုက်ကို မီးရှို့လိုက်သည့်အခါ အမှိုက်ထဲမှ ပါဝင်ပစ္စည်းများကို မီးလောင်သောကြောင့် မီးခိုးထဲတွင် ကျန်းမာရေးအတွက် အန္တရာယ်ရှိသော ဓာတ်ပစ္စည်းများ ပါဝင်လာသည်။ ထိုဓာတ်ပစ္စည်းများတွင် အမှုန်အမွှား ကာဗွန်မိုနောက်ဆိုဒ်၊ နိုက်ထရိုဂျင်အောက်ဆိုဒ်၊ ဆာလဖာဒိုင်အောက်ဆိုဒ်၊ ဟိုက်ဒရိုဂျင်ကလိုရိုဒ်စသော အက်စစ်ဓာတ်ငွေ့များနှင့် အက်စစ်အမှုန်အမွှားများ ကက်ဒ်မီယမ်၊ ခဲ၊ မာကျူရီ၊ ခရိုမီယမ်၊ အာဆင်းနစ်၊ ဘေရီလီယမ် စသည့် သတ္တုအမှုန်အမွှားများ၊ အော်ဂဲနစ်ကွန်ပေါင်းများဖြစ်သည့် ဒိုင်အောက်ဇင်နှင့် ဖျူရမ်တို့ပါဝင်သည်။ ထို့အပြင် အပြည့်အဝ မီးမလောင်နိုင်ရာမှ ထွက်လာသည့် ပိုလီကလိုရီနိတ်တက် ဘိုင်ဖီနိုင်း၊ ပိုလီအေရိုမက်တစ် ဟိုက်ဒရိုကာဗွန် စသည်တို့လည်း ပါသည်။ 

(particulate matter (PM), carbon monoxide (CO), acidic gases (i.e., NOx, SO2, HCl), (acidic particles), certain metals (cadmium, lead, mercury, chromium, arsenic, and beryllium), dioxins and furans, polychlorinated biphenyls (PCBs), and polyaromatic hydrocarbons (PAHs)).

ယခင်က စင်ကာပူ၊ ဥလုပန်ဒန်း၌ Waste_To_Energy စက်ရုံတစ်ရုံကို ၃၀ ဇူလိုင် ၁၉၇၉ ခုနှစ်က ဆောက်လုပ်လည်ပတ်ခဲ့ပါသည်။ ထိုစက်ရုံက တစ်နေ့လျှင် အမှိုက်တန်ချိန် ၁၁၀၀ ကို မီးရှို့ပေးခဲ့ပြီး တစ်လလျှင် လျှပ်စစ် 5800 MWh ထုတ်ပေးခဲ့၏။ ထိုလျှပ်စစ်ဖြင့် အိမ်ပေါင်း တစ်သောင်းခြောက်ထောင်ကို မီးပေးနိုင်သည်။ သို့သော် ပတ်ဝန်းကျင်၌ အိမ်ခြေတိုးတက်များပြားလာခြင်းကြောင့် အနှစ် ၃၀ လည်ပတ်ခဲ့ပြီး ဩဂုတ်လ ၁၁ ရက်၊ ၂၀ဝ၉ နေ့တွင် ပိတ်ပစ်ခဲ့သည်။ 

စက်ရုံမှထွက်သည့်မီးခိုးများတွင် ပါလာသည့် အဆိပ်အတောက်များကို လျှော့ချရန် ထုံးမှုန့် (lime powder - calcium hydroxide) များကို မီးခိုးခေါင်းတိုင်အတွင်း မှုတ်ထည့်သည်ဟု ဆိုပါသည်။ ထို့ပြင် ဒိုင်အောက်ဇင်များကို ဖယ်ထုတ်ပစ်ရန် activated carbon မှုန့်များလည်း ထည့်သည်။ ထိုအမှုန်အမွှားများ လေထဲရောက်မသွားစေရန် လေစစ်ဖြင့် ထပ်စစ်သည်။ လေစစ်တွင် အမှုန်များကပ်ကျန်ခဲ့ပြီး သန့်စင်သော လေထွက်သွားသည်။ ထိုလေစစ်မှ အမှုန်များကိုခွာချပြီး ပင်လယ်မြေဖို့သည့်နေရာသို့ ပို့သည်။

Tuas South Incineration Plant ၌ လေကိုစစ်ရန် တပ်ဆင်ထားသော ကိရိယာများမှာ အောက်ပါတို့ ဖြစ်၏။ 

1. 6 two-zone electrostatic precipitators

2. 6 ten-compartment catalytic bag lters each comprising 2,240 fabric bags

3. 2 concrete chimneys of 150m height with ceramic brick inner lining (အမြင့် မီတာ ၁၅၀ ရှိ မီးခိုးခေါင်းတိုင်နှစ်ခု)

4. 2 lime silos and 2 reaction product silos

ထွက်လာသည့်လေ၏ အရည်အသွေးကိုတိုင်းရန် မီးခိုးခေါင်းတိုင်များ၌ စက်များတပ်ထားရသည်။ ဖတ်၍ရသည့်တန်ဖိုးများကို အင်တာနက်မှတစ်ဆင့် NEA (National Environment Agency) က စောင့်ကြည့်သည်။ လေအရည်အသွေးကို ဥပဒေဖြင့် သတ်မှတ်ထားရာ ဥပဒေမှာ Environmental Protection and Management Act (Air Impurities) Regulations ဖြစ်၏။ လေတွင် ပါဝင်ခွင့်ပြုထားသော အများဆုံးအညစ်အကြေးပမာဏမှာ အောက်ပါအတိုင်းဖြစ်သည်။

အကယ်၍ မီးခိုး၌ပါလာသည့် အညစ်အကြေးပမာဏသည် သတ်မှတ်ထားသော ပမာဏထက် ပိုများနေပါက စက်ရုံသို့ လှမ်းအကြောင်းကြားပြီး အရေးယူဆောင်ရွက်ရန် နာရီဝက်အချိန်ပေးသည်။ နာရီဝက်အတွင်း မဖြေရှင်းနိုင်ပါက လက်ခံနိုင်လောက်သော ဖြေရှင်းချက်ပေးရသည်။ အကယ်၍ ဖြေရှင်းချက်မပေးနိုင်ပါက သို့မဟုတ် ထိုပမာဏသည် ၃ နာရီထက် ပိုမိုကျော်လွန်နေပါက စက်ရုံကို ရပ်နားသည်ထိ အရေးယူသည်။

လေအရည်အသွေးတိုင်းရာတွင်ပင် ဒိုင်အောက်ဇင်းပါဝင်နှုန်းကိုတိုင်းရာ၌ အလွန်ဈေးကြီးသဖြင့် စင်ကာပူတွင်မတိုင်းဘဲ တစ်နှစ်လျှင် နှစ်ကြိမ်၊ လေနမူနာယူကာ အမေရိကန်သို့ပို့၍ တိုင်းသည်ဆိုပါသည်။

WHO က သတ်မှတ်ထားသော Waste_To_Energy စက်ရုံမှ ထုတ်သည့် လေအရည်အသွေးစံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဤသည်မှာ အမှိုက်ကို မီးရှို့ရာမှ ထွက်လာသည့် အဆိပ်အတောက်များနှင့် ထိုအဆိပ်အတောက်များ လေထုထဲ ရောက်မသွားစေရန် ဥပဒေဖြင့် ထိန်းချုပ်ထားခြင်းအကြောင်း ဖြစ်ပါသည်။ ယခုဆက်လက်ပြီး ထိုအဆိပ်အတောက်များကြောင့် ဖြစ်ရသည့် ကျန်းမာရေးချို့ယွင်းချက်များအကြောင်း ဖော်ပြပါမည်။

အေးငြိမ်း (လေးမျက်နှာ)