News

POST TYPE

PERSPECTIVE

ပုဂံခရီးစဉ်များတွင် နေဝင်/နေထွက် ကြည့်ရှုရန်နေရာများ ထည့်သွင်းမရောင်းရန် တားမြစ်
07-Jan-2018



ရန်ကုန်၊ ဇန်နဝါရီ ၆

ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ ခရီးစဉ်များရောင်းချရာတွင် ခရီးသွားကုမ္ပဏီများအနေနှင့် ခရီးသွားဧည့်သည်များကို ဘုရားများအပေါ် နေဝင်/နေထွက်ကြည့်ရှုရန် နေရာများအဖြစ် ထည့်သွင်းမရောင်းရန် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားစာထုတ်ထားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ စီမံခန့်ခွဲရေးအဖွဲ့၊ ဒေသခံလူမှုအဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပုဂံညောင်ဦး ဒေသစီမံခန့်ခွဲမှု ကော်မတီများ၏ နိုဝင်ဘာလ ၃၀ ရက်က ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေးမှ လမ်းညွှန်ချက်များအရ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနက ယင်းသို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

“အများသဘောနဲ့ အစည်းအဝေးအရ နောင်တိုးလာမယ့် ခရီးသည်အခြေအနေတွေအတွက် အားလုံးတွက်ချက်ပြီး ဆုံးဖြတ်လိုက်တာပါ။ ဘာသာရေးအရ အခုလို ဘုရားတွေအပေါ်မှာ အဂါရဝဖြစ်စေတယ်လို့ ယူဆရတဲ့အတွက် ခုလို အကြံပြု ကြတာပါ”ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ရှိသူက ဆိုသည်။ 

ယခင်က ခရီးသွားကုမ္ပဏီအချို့သည် ပုဂံဘုရားများပေါ်တွင် နေဝင်/နေထွက် ကြည့်ရှုရန်နေရာများအဖြစ် ထည့်သွင်းရောင်းချမှုများ ရှိခဲ့ကြောင်းနှင့် လက်ရှိတွင် ပုဂံဘုရားများပေါ်သို့ ခရီးသွားဧည့်သည်များကို တက်ရောက်ခွင့်မပြုထားကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။

“ဘုရားတွေပေါ်မှာ ရှုခင်းကြည့်ရမယ်ဆိုပြီးတော့ သီးသန့်ထည့်ရောင်းတာမျိုး အခုနောက်ပိုင်းမှာ ရှားသလောက် ဖြစ်နေပါပြီ။ အဲ့လိုလည်း တကူးတက ထည့်ရောင်းတာမျိုး မရှိပါဘူး”ဟု Wazo ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပုဂံဘုရားများပေါ်သို့ ခရီးသွားဧည့်သည်များအား ဧည့်လမ်းညွှန်များအနေနှင့် နေဝင်/နေထွက် ကြည့်ရှုရန် တက်ရောက်ခွင့် မပြုထားသော်လည်း ကျောပိုးအိတ် ခရီးသွားများအနေနှင့် တက်ရောက်မှုများ ရှိနေကြောင်းနှင့် ယင်းအခြေအနေများကို သက်ဆိုင်ရာဌာနများက ကြပ်မတ်ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်း တာဝန်ရှိသူက ပြောကြားသည်။

ဧည့်လမ်းညွှန်များအနေနှင့် ကမ္ဘာလှည့်ခရီးသွားများကို လက်ရှိ ညောင်လက်ဖက်ကုန်း၊ ကိုမောက်ကန်၊ အိုးထိန်းကုန်း (အရှေ့၊ အနောက်) စူဠာမဏိကုန်း စသည့်နေရာများတွင် နေဝင်/နေထွက် ရှုခင်းများကို အဓိကပြသနေသည်။

ကမ္ဘာလှည့် ခရီးသွားဧည့်သည်များကို အဓိကဆွဲဆောင်ရာ နေရာတစ်ခုဖြစ်သည့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလကုန်အထိ  ကမ္ဘာလှည့် ခရီးသွားဧည့်သည် ဦးရေ နှစ်သိန်းခြောက်သောင်း ခြောက်ထောင်ကျော် ဝင်ရောက်ထားပြီး စက်တင်ဘာလမှ နိုဝင်ဘာလအထိ သုံးလအတွင်း ယခင် နှစ်ကာလတူထက် ကမ္ဘာလှည့်ခရီးသွား ဦးရေ နှစ်ထောင်ခန့်ကျဆင်းနေကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ပုဂံဌာနခွဲ) ၏ စာရင်းများအရ သိရသည်။

J-14

  • VIA