News

POST TYPE

PERSPECTIVE

မောင်တောတွင် ဆွဲမိုင်းဖောက်ခွဲခံရမှုကြောင့် တပ်မတော်သား ခြောက်ဦးနှင့် အရပ်သားတစ်ဦး ဒဏ်ရာရ
စစ်တွေ၊ ဇန်နဝါရီ ၅ 

မောင်တောမြို့နယ် မြောက်ပိုင်း တရိန်းကျေးရွာ အနောက်ဖက် (၁) မိုင်အကျော်ခန့်တွင် ယနေ့ (ဇန်နဝါရီ ၅ ရက်)နံနက် ၁၀ အချိန်ခန့်က တပ်မတော်သားများ လိုက်ပါလာသည့်ယာဉ် ဆွဲမိုင်း ဖောက်ခွဲခံရမှုကြောင့် ဗိုလ်ကြီးတစ်ဦး အပါအဝင် တပ်မတော်သား ခြောက်ဦးနှင့် အရပ်သား ဒရိုင်ဘာတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

နယ်စပ်ခြံစည်းရိုးတည်ဆောက်နေသော GE တပ်သားများ အပါအဝင် တပ်မတော်သား ၇ ဦးတို့မှာ သဲ၊ ကျောက်များတင်သော ကားနှင့်ထွက်လာကြစဉ် တရိန်းကျေးရွာ အနောက်ဖက်(၁) မိုင်ကျော်ခန့် အရောက်တွင် မိုင်းဆွဲခံရသည့်အပြင် ခြုံခိုတိုက်ခိုက်မှုခံရကြောင်း တပ်မတော်သားတစ်ဦးက ရှင်းပြသည်။ 

“မိုင်းခွဲသံ ကြားတယ်ပြီးတော့ သေနတ်ပစ်သံကြားတယ် ဘာလဲ ဘာဖြစ်ကြလဲလို့ ခဏလောက်ကြည့်နေတုန်း ရွာထိပ်မှာ ကားလာရပ်တော့ ဒဏ်ရာရသွားတဲ့သူတွေ ကားပေါ်က ဆင်းလာကြတယ်။ ကားကတော့ အရပ်သားကားဖြစ်တယ် ဒရိုင်ဘာက အရပ်သား၊ သူလည်း ဒဏ်ရာရသွားတယ်။ စစ်သားတစ်ဦးပဲ အကောင်းကျန်တယ်”ဟု တရိန်းကျေးရွာသားတစ်ဦးက ပြောသည်။ 

ယင်းမိုင်းဆွဲခံရမှုကြောင့် ဗိုလ်ကြီး၏ မျက်နှာတွင် ဒဏ်ရာပြင်းထန်စွာ ရသွားပြီး တပ်မတော်သား ငါးဦးနှင့် အရပ်သားတစ်ဦလည်း ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း၊ မောင်တောမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသနေကြောင်း ၎င်းကပြောသည်။ 

လက်ရှိတွင် အခင်းဖြစ်ပွားသော နေရာတစ်လျှောက်ရှိ လမ်းများကိုပိတ်ထားပြီး တပ်မတော်က နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်လျက်ရှိသည်။

ခိုင်မင်းညို