News

POST TYPE

PERSPECTIVE

လေထုညစ်ညမ်းမှုကြောင့် ကလေးငယ်များ၏ဦးနှောက် ထိခိုက်ကြောင်း UNICEF ပြော
08-Dec-2017


လန်ဒန်၊ ဒီဇင်ဘာ ၇

ကမ္ဘာပေါ်တွင် အသက်တစ်နှစ်အောက် ကလေးငယ် ၁၇ သန်းသည် အဆိပ်သင့်သောလေကို ရှူနေရပြီး ၎င်းတို့၏ ဦးနှောက်ဖွံ့ဖြိုးမှု ထိခိုက်မည့် အန္တရာယ်ရှိနေသည်ဟု ကုလသမဂ္ဂ ကလေးများဆိုင်ရာ အေဂျင်စီ UNICEF က သတိပေးလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

တောင်အာရှရှိ ကလေးငယ်များအပေါ် အဆိုးဆုံး သက်ရောက်မှု ရှိနေပြီး ဘေးကင်းမှုအဆင့်ထက် ခြောက်ဆပိုမို ညစ်ညမ်းသော အဆိုပါဒေသတွင် ကလေးငယ် ၁၂ သန်းကျော် နေထိုင်နေသည်။

ဘေးသင့်နိုင်ခြေရှိသော အခြားကလေး လေးသန်းခန့်မှာမူ အရှေ့အာရှနှင့် ပစိဖိတ်ဒေသမှ ဖြစ်သည်ဟုဆိုသည်။

ညစ်ညမ်းသောလေကို ရှူခြင်းသည် ဦးနှောက်တစ်ရှူးကို ထိခိုက်နိုင်ပြီး အသိဉာဏ်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သည်ဟု UNICEF က ပြောကြားသည်။

ထို့ပြင် အာရုံကြောဆိုင်ရာ ပြဿနာများ အပါအဝင် ကျောင်းနေအရွယ် ကလေးများအကြား ရှိရမည့် ပျမ်းမျှအိုင်ကျူနှင့် မှတ်ဉာဏ်အဆင့် နိမ့်ကျမှုနှင့်လည်း ဆက်နွှယ်နေသည်ဟု အစီရင်ခံစာက ဆိုသည်။ ယင်းဆိုးကျိုးများသည် တစ်သက်တာ သက်ရောက်မှု ရှိသည်ဟု သိရှိရသည်။

ကမ္ဘာတွင် မြို့ပြဖွံ့ဖြိုးမှု ပို၍ပို၍ ကျယ်ပြန့်လာသည်နှင့်အမျှ လုံလောက်သော ကာကွယ်မှုနှင့် ညစ်ညမ်းမှုလျှော့ချရေး အစီအစဉ်များ မရှိပါက လာမည့်နှစ်များတွင် ဘေးသင့်နိုင်သည့် ကလေးများ ပိုများလာမည်ဟု UNICEF က သတိပေးထားပြီး နှာခေါင်းစည်းနှင့် လေသန့်စင်စနစ်များ ကျယ်ပြန့်စွာ အသုံးပြုကြရန်၊ ညစ်ညမ်းသောဒေသများသို့ ကလေးများခရီး မသွားကြရန် တိုက်တွန်းထားသည်။

ယခင်လက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို မီးခိုးမြူထုများ စတင်ဖုံးအုပ်လာခဲ့ရာ ဓာတ်ငွေ့ခန်းဖြစ်နေပြီဟု နယူးဒေလီ ဝန်ကြီးချုပ် အာဗင်ကာရီဝါက ပြောဆိုခဲ့သည်။ ထိုအခြေအနေကြောင့် မြို့တော်ရှိ ကျောင်းများကို ပိတ်ထားခဲ့သော်လည်း ပြန်ဖွင့်ချိန်တွင် ကလေးများ၏ ကျန်းမာရေးကိစ္စကို အာဏာပိုင်များက စဉ်းစားခြင်း မရှိဟု မိဘများက ပြစ်တင်မှုများရှိခဲ့သည်။

တရုတ်နိုင်ငံ မြောက်ပိုင်းတွင်လည်း လေထုညစ်ညမ်းလာမှုကြောင့် လူ့သက်တမ်းသုံးနှစ်ခန့် လျှော့သွားသည်ဟု ယူဆကြပြီး အစိုးရက စက်ရုံများ၏ ကာဗွန်ထုတ်လွှင့်မှုအပေါ် တင်းကျပ်သော စည်းကမ်းများကို ချမှတ်ခဲ့သည်။

ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များအရ အာဖရိကတိုက်ရှိ မြို့တော်များတွင်လည်း ယင်းပြဿနာ ကြီးထွားနေသည်ကို တွေ့ရှိရသည်ဟု UNICEF က ပြောကြားသည်။

လန်ဒန်ဆေးရုံများမှ သိပ္ပံပညာရှင်များ၏ သီးခြားအစီရင်ခံစာ တစ်ခုတွင်လည်း လန်ဒန်မြို့တော် လေထုညစ်ညမ်းမှုသည် ကိုယ်အလေးချိန် မပြည့်သော ကလေးများ မွေးဖွားမှုကို ဖြစ်ပေါ်စေပြီး မွေးကင်းစ ကလေးသေဆုံးမှုများ၊ နောက်ပိုင်းရောဂါ ဖြစ်ပွားမှုများနှင့်လည်း ဆက်စပ်နေသည်ဟု ဖော်ထုတ်တင်ပြထားသည်။

F-04

  • VIA