News

POST TYPE

PERSPECTIVE

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နေမြဲ
05-Dec-2017 tagged as

နိုဝင်ဘာလ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် “ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဖွဲ့စည်းရခြင်းအကြောင်းရင်း” ဟူသောခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားသည့် ဆရာသန်းဖြိုးနိုင်(ကညင်ကျိုး)၏ ဆောင်းပါးကို ဖတ်ရှုလိုက်ရပါသည်။ အဆိုပါဆောင်းပါး၏ တစ်နေရာတွင် ဆရာက “ထို့ပြင် အခြားထူးခြားသော အချက်တစ်ချက်လည်း ရှိနေသေးသည်။ ၎င်းကိစ္စမှာ အလွန်အရေးကြီးသလို ပြောင်းလဲမှုကို လုပ်ဆောင်ရမည့် အချက်တစ်ခုလည်းဖြစ်သည်။ ထိုကိစ္စမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ခရိုင်၊ မြို့နယ် အသီးသီးတွင် ရှိနေကြသော ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနလက်အောက်မှ နိုင်ငံဝန်ထမ်းများဖြစ်သော တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် ထိုရုံးအဖွဲ့များကိုပါ တစ်ပါတည်း ယခုပြင်ဆင်ပြောင်းလဲမည့် ဖွဲ့စည်းပုံအသစ်ထဲသို့ လိုက်ပါပြောင်းလဲရေးပင် ဖြစ်သည်။ သို့မှသာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအနေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင်လည်း ရုံးခွဲများအသီးသီး ရှိလာပြီး ဟန်ချက်ညီလာနိုင်မည်ဖြစ်သည်။ ယခုမူ ခေါင်းကတစ်မျိုး၊ ကိုယ်ကတစ်ဖုံဖြစ်နေသည်မှာ အားလုံး မြင်ကြမည်ထင်သည်”ဟူ၍ ရေးသားဖော်ပြခဲ့ပါသည်။

အဆိုပါ ရေးသားချက်နှင့်ပတ်သက်၍ ဝန်ထမ်းလောက အထူးသဖြင့် အထွေထွေ အုပ်ချုပ်ရေး ဝန်ထမ်းလောကတွင် စိတ်ဝင်စားမှု မြင့်တက်လျက်ရှိပြီး ပြောဆိုဆွေးနွေးမှုများ ရှိလာကြကာ လူမှုကွန်ရက်တွင်လည်း အပြန်အလှန် မေးမြန်းမှုများ ရှိလာသည့်အတွက် ဤဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါသည်။ ဆရာသန်းဖြိုးနိုင်အနေနှင့် ကြေးမုံသတင်းစာ၏ မူဝါဒဘောင်အတွင်း မိမိ၏သဘောထား အယူအဆကို ပွင့်လင်းစွာ သုံးသပ်ရေးသား ဖော်ပြခြင်းဖြစ်ပါသည်။ ကျွန်တော့်အနေနှင့်လည်း မိမိ၏ကိုယ်ပိုင် အတွေးအခေါ် အယူအဆကို ပြန်လည် တင်ပြဆွေးနွေးခြင်းသာ ဖြစ်ပါသည်။ မည်သည့်အစိုးရဌာန၊ အဖွဲ့အစည်း၏ အယူအဆ သဘောထားအမြင်မျှ မဟုတ်ပါကြောင်း စကားပလ္လင်ခံအပ်ပါသည်။

နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီး

ဦးစွာပထမ ရေးသားဖော်ပြလိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀ဝ၈) ပါ ပြဋ္ဌာန်းချက်ပင်ဖြစ်ပါသည်။ အခြေခံဥပဒေ၏ အခြေခံမူများအခန်း၊ ပုဒ်မ ၁၆ တွင် “နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည်” ဟူ၍ ပြဋ္ဌာန်းထားသလို အခန်း(၃)၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအခန်း၊ ပုဒ်မ (၅၈) တွင်လည်း “နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်”ဟူ၍ ပြဋ္ဌာန်းထားပါသည်။

ထို့အပြင် အခြေခံဥပဒေ အခန်း (၅) အုပ်ချုပ်ရေးကဏ္ဍ/ ပြည်ထောင်စုအစိုးရအဖွဲ့အခန်း၊ ပုဒ်မ ၁၉၉ တွင် (က) နိုင်ငံတော် အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သည်။

(ခ) (၁) နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာကို ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ခွဲဝေအပ်နှင်းသည်။

(၂) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရစီရင်စုများအား ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သတ်မှတ်ပေးသည့်အတိုင်း ခွဲဝေအပ်နှင်းသည်ဟူ၍လည်း ပြဋ္ဌာန်းထားပါသည်။

အထက်ဖော်ပြပါ ပြဋ္ဌာန်းချက်များအရဆိုသော် နိုင်ငံတော်သမ္မတသည်သာလျှင် နိုင်ငံတော်၏ အကြီးအကဲ၊ နိုင်ငံတော်၏ အထွတ်အထိပ်၊ နိုင်ငံတော်၏ တာဝန်အရှိဆုံးပုဂ္ဂိုလ် ဖြစ်သည်ဆိုခြင်းမှာ အငြင်းပွားစရာအကြောင်း မရှိပါချေ။

တစ်ဖန် ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးအပ်ခြင်းနှင့်ပတ်သက်၍ လေ့လာကြည့်မည်ဆိုပြန်လျှင်

ပုဒ်မ ၂၃၂ (ခ) (၂)တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်။ ဤနေရာတွင် “သင့်လျော်သည့်တပ်မတော်သား” ဟူသည့်အချက်ကို သတိပြုရမည်ဖြစ်ပါသည်။

နိုင်ငံတော်သမ္မတအနေနှင့် မည်သူသည် နယ်ဘက်ဆိုင်ရာ/မြို့ပြ အုပ်ချုပ်ရေးတွင် တာဝန်ထမ်းဆောင်ရန် သင့်လျော်မှု ရှိ/မရှိကို သိရှိနိုင်မည်မဟုတ်ပါ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကသာလျှင် ကောင်းစွာသိရှိနိုင်မည်ဖြစ်၍ ၎င်းထံမှအမည်စာရင်းကို ရယူရခြင်းဖြစ်ပါသည်။ ထို့အပြင် အဆိုပါအမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်သို့တင်သွင်း၍ အတည်ပြုချက်ရယူခြင်း၊ လွှတ်တော်၏ အတည်ပြုချက်ရရှိပါက ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခြင်းတို့သည် နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်သာဖြစ်ကြောင်း ပုဒ်မခွဲ(ဂ)နှင့်(စ)တို့တွင် အတိအကျ ပြဋ္ဌာန်းသတ်မှတ်ထားသကဲ့သို့ ထိုကဲ့သို့ ခန့်အပ်တာဝန်ပေးအပ်ခြင်း ခံရသော ပြည်ထောင်စုဝန်ကြီးတို့သည် “နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်” ဟူ၍ ပုဒ်မခွဲ(ဇ) တွင် အတိအလင်း ပြဋ္ဌာန်းသတ်မှတ်ထားပါသည်။

ထို့ကြောင့် အချို့သောသူများ ပြောဆိုနေကြသကဲ့သို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်သည်ဟူ၍လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်သမ္မတကို တာဝန်ခံစရာမလို၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုသာလျှင် တာဝန်ခံရမည်ဟူ၍လည်းကောင်း ပြောဆိုရေးသားမှုများသည် အခြေခံဥပဒေနှင့်မညီသော၊ အခြေခံဥပဒေနှင့် လွဲချော်နေသော ပြောဆိုရေးသားမှုများသာ ဖြစ်ကြပါသည်။

ထို့အပြင် ပုဒ်မ ၂၃၅ (ဂ)တွင် နိုင်ငံတော်သမ္မတသည် -

(၁) ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာမထမ်းဆောင်နိုင်သော ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီးတစ်ဦးဦးအား ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်းမပြုလျှင် တာဝန်မှရပ်စဲရမည်။

(၂) ရာထူးမှနုတ်ထွက်ရမည့် သို့မဟုတ် တာဝန်မှရပ်စဲခံရမည့် တပ်မတော်သား ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီးနှင့် ပတ်သက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဟူသည့် ပြဋ္ဌာန်းချက်သည် အထက်ပြဋ္ဌာန်းချက်များပါ နိုင်ငံတော်သမ္မတ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်ကို ပိုမိုလေးနက်စေပါသည်။ နိုင်ငံတော်သမ္မတ၏ ညှိနှိုင်းချက်ကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ငြင်းဆိုလိမ့်မည်ဟု မထင်ပါ။

ထို့ကြောင့် အထက်ဖော်ပြပါ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကိုသုံးသပ်ခြင်းဖြင့် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏အထွတ်အထိပ်၊ နိုင်ငံတော်၏အုပ်ချုပ်ရေးအကြီးအကဲ၊ ပြည်ထောင်စုဝန်ကြီးများကို ခန့်အပ်ပိုင်ခွင့်ရှိသူ၊ တာဝန်မှ ရပ်စဲပိုင်ခွင့်ရှိသူဆိုသည့်အချက်မှာ မည်သည့်အကြောင်းကြောင့်မှ အငြင်းပွားစရာအကြောင်းမရှိပါ။

ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ပုဒ်မ ၁၉၉(ခ)(၁)ပါ ပြဋ္ဌာန်းချက်တွင် “နိုင်ငံတော်၏အုပ်ချုပ်ရေးအာဏာကို ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအား ခွဲဝေအပ်နှင်းသည်” ဟူ၍ ပြဋ္ဌာန်ထားသကဲ့သို့  ပုဒ်မ ၂၅၆ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် -

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများနှင့် ယင်းတို့၏လက်အောက် အစိုးရဌာနများ၊ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရန်လည်းကောင်း၊ တည်ဆဲဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရန်လည်းကောင်း စီမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း ပြုရမည်။

(ခ) မိမိတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ဥပဒေနှင့်အညီ ကြီးကြပ်ကွပ်ကဲခြင်း၊ စစ်ဆေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်းပြုနိုင်သည်ဟူ၍ ပြဋ္ဌာန်းထားပါသည်။

အထက်ဖော်ပြပါ အခြေခံ ဥပဒေပြဋ္ဌာန်းချက်နှင့်အညီပင် ယခုအခါ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် ဦးစီးဌာနများ၊ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများက စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ စစ်ဆေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ အဆင့်ဆင့်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများဆိုလျှင် လစာမှအစ အသုံးစရိတ်များအားလုံးကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရ၏ ရသုံးမှန်းခြေငွေစာရင်းမှပင် ကျခံသုံးစွဲလျက်ရှိပါသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ တိုင်းဒေသကြီး/ပြည်နယ်အုပ်ချုပ်ရေးမှူးသည်ပင်လျှင် အခြေခံဥပဒေပုဒ်မ ၂၆၀ အရ၊ ရာထူးအလျောက် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည့်အပြင် ဌာန၏ရုံးသည်လည်း တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ရုံးဖြစ်ရာ အဆင့်ဆင့်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးများနှင့် ရုံးအဖွဲ့များသည် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ တိုက်ရိုက်ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ရှိနေသည်ဆိုခြင်းမှာ အငြင်းပွားစရာအကြောင်း မရှိပါချေ။

ပြည်ထဲရေးဝန်ကြီးဌာနအနေနှင့် အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများ၏ အရာရှိငယ်အဆင့်များ ရွေးချယ်ခန့်ထားခြင်း၊ လေ့ကျင့်သင်တန်းပေးခြင်း၊ အရာရှိဝန်ထမ်းများ၏ ပြည်နယ်/တိုင်းကျော် ပြောင်းရွှေ့ခြင်း၊ အငြိမ်းစားပေးခြင်း၊ တိုင်း/ပြည်နယ်များက တင်ပြလာသည့် အဂတိလိုက်စားမှုများအတွက် စစ်ဆေးအရေးယူခြင်းစသည့် ဝန်ထမ်းရေးရာ ကိစ္စများကိုသာ ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ပြည်နယ် အစိုးရများ၏လုပ်ငန်းများတွင် ဝင်ရောက်စွက်ဖက်ပတ်သက်ခြင်းမရှိပါ။ ယခင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်များတွင်လည်း လုပ်ငန်းဆောင်ရွက်ချက်များ၊ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း စသည့်ကိစ္စရပ်များကို ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့များ၏ လမ်းညွှန်ချက်များအရသာဆောင်ရွက်ကြပြီး ဝန်ကြီးဌာနနှင့်ရုံးချုပ်များမှာ ဝန်ထမ်းရေးရာကိစ္စများကိုသာ ဆောင်ရွက်ကြရပါသည်။ (ထိုစဉ်က အခြေခံဥပဒေမရှိသဖြင့် အချို့သောဝန်ကြီးများနှင့် ဒေသအာဏာပိုင်တို့ လုပ်ပိုင်ခွင့်များ မကွဲပြားဘဲ ဝင်ရောက်စွက်ဖက်ခြင်းများ ရှိပါသည်။ ထိုအခါ အောက်ခြေဝန်ထမ်းများမှာ ကြားညပ်ပြီး အရေးယူခံရခြင်းနှင့် ပြောင်းရွှေ့ခံရခြင်းများ ရှိခဲ့ပါသည်)။

အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နေမြဲ 

၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁၉ တွင် “ပြည်ထောင်စု အစိုးရသည် နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်သည်”ဟူ၍ ပြဋ္ဌာန်းထားသကဲ့သို့ ပုဒ်မ ၂၅၀ တွင်လည်း “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ကူညီရန်တာဝန်ရှိသည်” ဟူ၍ အတိအလင်း ပြဋ္ဌာန်းသတ်မှတ်ထားပါသည်။

တစ်ဖန် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ရည်မှန်းချက် တာဝန်မှာလည်း (၁) တရားဥပဒေစိုးမိုးရေး၊ (၂) ရပ်ရွာအေးချမ်းသာယာရေး၊ (၃) ဒေသဖွံ့ဖြိုးရေးနှင့် 
(၄) ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည်တို့ဖြစ်ရာ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့တို့၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် တစ်ထပ်တည်းကျနေပါသည်။

အခြေခံဥပဒေပုဒ်မ ၂၆၂ (ဌ) (၁)တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်” ဟူ၍ ပြဋ္ဌာန်းထားပါသည်။ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများသည် တိုင်းဒေသကြီး/ပြည်နယ်အုပ်ချုပ်ရေးမှူးမှ တစ်ဆင့်သော်လည်းကောင်း သို့မဟုတ် ဝန်ကြီးချုပ်က သီးခြားတာဝန်ပေးအပ်ထားသူမှ တစ်ဆင့်သော်လည်းကောင်း တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်ကို တာဝန်ခံ၍ လုပ်ငန်းတာဝန်များကို ဆောင်ရွက်သည်ဆိုလျှင် တစ်နည်းအားဖြင့် နိုင်ငံတော်သမ္မတကိုတာဝန်ခံ၍ လုပ်ငန်းတာဝန်များကို တာဝန်ခံ၍ ဆောင်ရွက်ခြင်းမည်ပါသည်။

ထို့ကြောင့် အဆင့်ဆင့်သော အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများသည် မည်သည့်ဝန်ကြီးဌာနလက်အောက်တွင် ရှိနေသည်ဖြစ်ပါစေ မိမိဌာန၏ ရည်မှန်းချက်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေခြင်းသည် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တို့၏ ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် 
ဆောင်ရွက်နေခြင်းသာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

ထို့ကြောင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့်တကွ ဝန်ထမ်းများသည် “နေမြဲ”ပင် ဖြစ်ပါသည်။

သိန်းထက်အောင်

  • TAGS