News

POST TYPE

PERSPECTIVE

ဘင်္ဂါလီ ပြဿနာ
05-Dec-2017 tagged as

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အင်ဖာမြို့သို့ ရောက်ရှိစဉ်အခိုက် မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းပဋိပက္ခနှင့် စပ်လျဉ်း၍ အိန္ဒိယ ဝါရင့်သတင်းစာဆရာကြီးအချို့က သူတို့သိချင်သည်များကို စပ်စုမေးမြန်းကြပါသည်။ ဘာ့ကြောင့် ရခိုင်ပဋိပက္ခ ဖြစ်ရသလဲ။ ဘာ့ကြောင့် ရခိုင်မြောက်ပိုင်းက မွတ်ဆလင်တွေကို “ရိုဟင်ဂျာ” ဟုခေါ်ဆိုတာ မြန်မာတွေက လက်မခံကြသလဲ။ “ရိုဟင်ဂျာ” ဝေါဟာရက ဘာ့ကြောင့် မြန်မာမီဒီယာတွေမှာ ထိလွယ်၊ ရှလွယ် စကားလုံးဖြစ်နေရသလဲ။ ဘာ့ကြောင့် “ဘင်္ဂါလီ” လို့ သုံးနှုန်းခေါ်ဝေါ်ကြသလဲဆိုပြီး စပ်စုမေးမြန်းကြပါသည်။

ဤကိစ္စမှာ အတော်ခေါင်းခဲစရာ လွယ်လွယ်နှင့် ရှင်းပြလို့မရသော ကိစ္စဖြစ်သည်။ ဘာ့ကြောင့် (ယခု) ပြင်ပကမ္ဘာမှာ နှုတ်ကျိုးလုနီးဖြစ်နေပြီဖြစ်သည့် အမည်နာမ၊ ဝေါဟာရတစ်ခုကို မြန်မာတွေက ခါးခါးတူးတူး သုံးစွဲဖို့ ငြင်းဆန်နေခြင်းကို သူတို့တစ်တွေ သဘောမပေါက်ကြပါ။

ယနေ့ နိုင်ငံတကာအရပ်ရပ်မှာ မြန်မာနိုင်ငံ၊ ရခိုင်အရေးကို ဆွေးနွေးပြောဆိုကြတိုင်း ထိုဝေါဟာရနှင့်ပတ်သက်ပြီး အငြင်းပွားစရာအမြဲဖြစ်သည်။ မကြာသေးမီက ရိုမန်ကက်သလစ် ခရစ်ယာန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံသို့ရောက်ရှိစဉ် ထိုဝေါဟာရကို လုံးဝမသုံးစွဲဘဲ ရှောင်ရှားသွားခဲ့သည်။ မြန်မာနိုင်ငံသားတို့၏ အခြေအနေစိတ်ခံစားမှုကို စာနာထောက်ထားလျက် ထိုဝေါဟာရကို လုံးဝသုံးစွဲပြောဆိုသွားခြင်း မရှိခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိစဉ်တွင်မူ ဘာသာပေါင်းစုံ ညီညွတ်ရေးပွဲအခမ်းအနားတစ်ခု၌ ထိုဝေါဟာရကို ထုတ်ဖော်ပြောဆိုသွားခဲ့ရာ မြန်မာနိုင်ငံသားတို့ အောင့်သည်းအောင့်သက် ဖြစ်ခဲ့ရသည်။ ပုပ်ရဟန်းမင်းကြီးကိုပင် ရှေ့နောက်မညီ စကားပြောသူအဖြစ် ဝေဖန်သူတို့က ဝေဖန်လာသည်။

အဓိကပြဿနာတစ်ရပ်မှာ အမည်နာမ “အသုံးအနှုန်း” “အခေါ်အဝေါ်” ကိစ္စ ဖြစ်သည်။ မြန်မာပြည်သူတွေ လက်မခံသော အမည်နာမတစ်ခု၊ လူမျိုးစုအမည်တစ်ခုကို ယနေ့နိုင်ငံတကာတွင် နှုတ်ကျိုးလုနီးဖြစ်နေရခြင်းကပင် “ပြဿနာ” တစ်ခုဖြစ်လာသည်။ အချို့က ထိုဝေါဟာရ၏ ထိရှလွယ်မှုကို မသိရှိဘဲ သဘောရိုးနှင့် သုံးနှုန်းပြောဆိုသည်။ အများကပြောနေ၍ လိုက်ပြောခြင်းဖြစ်သည်။ ထိုအခါ မြန်မာနိုင်ငံသား တစ်ဦးတစ်ယောက်က မခံမရပ်နိုင်ဖြစ်သည်။ “ဟင်... မင်းတို့က ဒီဝေါဟာရလေးပြောတာနဲ့တင် ဆတ်ဆတ်ထိမခံ ဖြစ်နေပါလား” ဆိုပြီး သူတို့အံ့ဩကြသည်။ တစ်ဆက်တည်း မသိစိတ်ကောက်ချက်က “ဒါဟာလည်း Discriminated လုပ်တာပါပဲလား” ဆိုသည့် အမြင်တွေနှင့် ကြည့်လာသည်။

မြန်မာနိုင်ငံမှာ “ရိုဟင်ဂျာ” ဝေါဟာရ မသုံးစွဲကြပါနှင့်၊ ရှောင်ရှားကြပါဆိုသည့် အယူအဆတွေ ရှိလာသည်။ မြန်မာလူမျိုးတစ်ဦးနှင့် မိတ်မပျက်ဆက်ဆံလိုလျှင် ထိုဝေါဟာရကို ရှောင်ရှားပါဟူ၍ ဖြစ်လာသည်။ ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံသို့ မလာရောက်မီ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကိုယ်တိုင် ဗာတီကန်နန်းတော်သို့ သွားရောက်ပြီး မြန်မာနိုင်ငံတွင် ထိုအသုံးအနှုန်း မသုံးစွဲဖို့ သတိပေးခဲ့ရသည်။ ပုပ်ရဟန်းမင်းကြီးက မြန်မာနိုင်ငံတွင် မသုံးစွဲခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်ရောက်သောအခါ သုံးစွဲသွားသည်။ ထိုသို့ သုံးစွဲသည်မှာ ထိုအမည်နာမကို ထောက်ခံအသိမှတ်ပြုသောကြောင့်မဟုတ်ဘဲ လူမျိုးစု Identity တစ်ခုအဖြစ်သာ ခေါ်ဝေါ်ခြင်းဖြစ်သည်။

နိုင်ငံတကာမီဒီယာတွေမှာ ယခုနောက်ဆုံး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာညီလာခံတွေမှာ ထိုဝေါဟာရကိုပင် တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြသည်ကို တွေ့ရသည်။ ရခိုင်အရေးနှင့် စပ်လျဉ်း၍ မြန်မာဘက်က ထောက်ခံအားပေးသော ရုရှားဖြစ်စေ၊ တရုတ်ဖြစ်စေ ထိုဝေါဟာရကိုပင် မဖြစ်မနေသုံးစွဲနေရသည်။ ထိုသို့ သုံးစွဲလိုက်ရုံနှင့် ထိုအမည်နာမကို အသိအမှတ်ပြုသည့်သဘောကိုမဆောင်။ Identity တစ်ခုအနေနှင့် သုံးစွဲတာမျိုးပဲဖြစ်သည်။

နိုင်ငံရပ်ခြားမှာ...၊ သို့တည်းမဟုတ် ပြည်တွင်းမှာ နိုင်ငံခြားသားတွေနှင့် စကားပြောကြသည့်အခါ မိမိတို့က ထိုအသုံးအနှုန်းကို ခါးခါးသီးသီး ငြင်းဆန်ကြသည်။ မီဒီယာတွေကလည်း ထိုဝေါဟာရကို ရှောင်ရှားကြသည်။ စိုးစဉ်းမျှ မတို့ထိရဲကြ။ ထိုဝေါဟာရအစား “ဘင်္ဂါလီ” ဟု သုံးစွဲလာခဲ့သည်မှာ ၂၀၁၂ ခုနှစ် ရခိုင်အရေးအခင်း အပြီးကတည်းကဖြစ်သည်။ မည်သူက စတင်သုံးစွဲလိုက်သည်ဟု အမှတ်မထားမိသော်လည်း အဓိက မီဒီယာ ကြီးတွေက စတင်သုံးစွဲခဲ့တာ မှတ်မိသည်။ ယခုတော့ ပြည်တွင်းမှာ “ဘင်္ဂါလီ” ဝေါဟာရက အသုံးတွင်ကျယ်လာပြီး ရခိုင်မြောက်ပိုင်းပဋိပက္ခကို ရေးသား၊ ဆွေးနွေးကြတိုင်း “ဘင်္ဂါလီ” အခေါ်အဝေါ်က အသားကျသလောက်ဖြစ်နေပြီ။ နောက်ဆုံး နိုင်ငံတော်ထုတ်ပြန်ချက်တွေမှာလည်း ဘင်္ဂါလီ ဟူ၍သာ သုံးနှုန်းနေကြပြီဖြစ်သည်။ သို့သော် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ မီဒီယာတွေကတော့ ပြည်တွင်းမီဒီယာတွေမှာ သုံးစွဲနေသည့် ထိုဝေါဟာရကို မသုံးစွဲကြသေးပါ။

အင်ဖာတွင် နယူးဒေလီမှလာသော သတင်းစာဆရာကြီးအချို့နှင့် စကားပြောသည့်အခါ ထိုအခေါ်အဝေါ်၊ ဝေါဟာရကိစ္စပါလာသည်။ မိမိတို့က “ဘင်္ဂါလီ” ဟု ခေါ်ဝေါ်လိုက်သောအခါ အိန္ဒိယသတင်းစာဆရာကြီးတွေက မျက်မှောင်ကြုတ်ကြသည်။ ထိုအခါ မိမိတို့က ရခိုင်မြောက်ပိုင်းရောက် မွတ်ဆလင်များကို ဘာ့ကြောင့် သူတို့ဘာသာသူတို့ တီထွင်ထားသည့် လူမျိုးစုအမည်မသုံးဘဲ “ဘင်္ဂါလီ” ဟု သုံးရခြင်းကို နားလည်အောင်ရှင်းပြရသည်။ ရှင်းပြပြီးနောက် နားလည်သဘောပေါက်သွားသည့်တိုင် သူတို့ ဘဝင်မကျကြ။

ဘင်္ဂါလီတွေက ဘင်္ဂလားဒေ့ရှ်မှာသာမက အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်မှာလည်း အဓိက နေထိုင်ကြသည်။ ပါကစ္စတန်၊ သီရိလင်္ကာအပါအဝင် ကမ္ဘာအနှံ့ ပျံ့နှံ့နေသည့် ဘင်္ဂါလီတွေလည်းရှိသည်။ ဘင်္ဂါလီတိုင်း ဘင်္ဂလားဒေ့ရှ်မွတ်ဆလင်မဟုတ်ကြ။ အိန္ဒိယ အနောက်ဘင်္ဂလားပြည်နယ်မှာကျတော့ ဟိန္ဒူဘာသာဝင် ဘင်္ဂါလီအများစု နေထိုင်ကြသည်။ ခရစ်ယာန် ဘင်္ဂါလီတွေရှိသလို ဗုဒ္ဓဘာသာ ဘင်္ဂါလီပင်ရှိသည်။ ဘင်္ဂါလီဟု ခေါ်ဝေါ်သုံးနှုန်းလိုက်လျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကိုသာမက သန်းပေါင်းများစွာသော အိန္ဒိယနိုင်ငံသားတွေကိုလည်း ကိုယ်စားပြုနေသည်။ နာမည်ကျော် အိန္ဒိယစာဆိုကြီး ရာဘင်ဒြာနာ့သ်တဂိုးသည်ပင် ဘင်္ဂါလီစာဆိုကြီးဖြစ်သည်။ ထို့ကြောင့် ရခိုင်မြောက်ပိုင်းက မွတ်ဆလင်တွေကို “ဘင်္ဂါလီ” ဟု မိမိတို့က ခေါ်ဝေါ်သုံးစွဲလိုက်ခြင်းအတွက် ရုတ်တရက် သူတို့ ဇဝေဇဝါဖြစ်သွားပုံရသည်။ သို့သော် ထိလွယ်ရှလွယ် ဝေါဟာရတစ်ခုအတွက် သူတို့အပြင်းအထန် အငြင်းမပွားခဲ့ကြပါ။

“ဘင်္ဂါလီ” ပြဿနာနှင့်ပတ်သက်၍ ဘဝင်မကျဖြစ်နေမိသည်မှာ ကြာပြီ။ နိုင်ငံတကာက အသားကျသလောက်ဖြစ်အောင် သုံးစွဲခေါ်ဝေါ်နေသည့် အမည်နာမတစ်ခုကို မိမိတို့က မရှိပါဘူးဟု အကျောက်အကန် ငြင်းနေတိုင်း မိမိတို့သည် ခွဲခြားဆက်ဆံတတ်သော လူမျိုးတစ်မျိုးပါလားဟု နိုင်ငံတကာက ထင်မြင်ယူဆသွားမှာကို စိုးရိမ်သည်။ ဒါဆိုလျှင် အခေါ်အဝေါ်ကိစ္စကို အမြဲတမ်း Sensitive ဖြစ်နေမည်လား။ နိုင်ငံတကာကပါ “ဘင်္ဂါလီ” ဟု လိုက်ပါသုံးနှုန်းအောင် ကြိုးစားမည်လား။ မြန်မာနိုင်ငံတွင် အမှန်တကယ်မရှိသော လူမျိုးစုတစ်ခု၊ မိမိတို့ဘာသာ မိမိတို့ တီထွင်ဖန်တီးထားသည့် အမည်နာမတစ်ခု၏ အသုံးအနှုန်း အခေါ်အဝေါ် ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ တစ်ခုခုစဉ်းစားဖို့တော့ လိုမည်ထင်ပါသည်။

ချစ်ဝင်းမောင်

  • TAGS