News

POST TYPE

PERSPECTIVE

ဒေါ်နယ်ထရမ့်ရဲ့ ၁၂ ရက်ကြာ အာရှခရီး ရည်ရွယ်ချက်
11-Nov-2017 tagged as

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တွေကို ၁၂ ရက်ကြာ အလည်ခရီးထွက်ရင်း ဗီယက်နမ်မှာ ကျင်းပမယ့် အေပက် (Asia Pacific Economic Cooperation – APEC forum) အစည်းအဝေးကို တက်ပါလိမ့်မယ်။

သူ့ရဲ့ခရီးစဉ်ကို ဒုတိယကမ္ဘာစစ်အတွင်းက အာရှကို လွှမ်းမိုးဖို့ ဂျပန်နဲ့ အမေရိကန် အားပြိုင်ပွဲ အစပြုရာ ပုလဲဆိပ်ကမ်းမှာရှိတဲ့ ရေတပ် အခြေစိုက်စခန်းကို စစ်ဆေးရင်း သွားရောက်တဲ့ ဟာဝိုင်အီကျွန်းကနေ သောကြာနေ့မှာ စတင်ခဲ့တာပါ။ ပုလဲဆိပ်ကမ်း ရေတပ်အခြေစိုက်စခန်းကို အခုလိုမသွားမီ အမေရိန်ကန် ပစိဖိတ်စစ်ဌာနချုပ် ကွန်မန်ဒါ ရေတပ် ဗိုလ်ချုပ် ဟယ်ရီဟဲရစ်နဲ့ မြောက်ကိုရီးယားကိုရင်ဆိုင်ဖို့ ၂၁ ရာစုစစ်ပွဲ အကြောင်း ပြောဆိုဆွေးနွေးခဲ့ပါသေးတယ်။ ကိုရီးယားကျွန်းဆွယ် ကမ်းလွန် ရေပြင်မှာတော့ အမေရိကန်လေယာဉ်တင် စစ်သင်္ဘောကြီးသုံးစီးပါဝင်တဲ့ တိုက်ခိုက်ရေးအုပ်စုတွေ ရောက်နေပါတယ်။ အဲဒီအုပ်စုမှာ အနည်းဆုံး- ဒုံးကျည်တွေတပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောနှစ်စီး၊ အရေအတွက် အတိ အကျမသိရတဲ့ နျူကလီးယားလက်နက်တွေတပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘော တွေနဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ ဩစတြေးလျ စစ်သင်္ဘောတွေလည်း ပါဝင်ပါတယ်။

လေယာဉ်တင်သင်္ဘောပေါ်မှာ ရာချီတဲ့လေယာဉ်တွေဟာ၊ B-1, B-2 နဲ့ B-52 ဗုံးကြဲလေယာဉ်တွေ၊ F-22 ကိုယ်ပျောက်တိုက်လေယာဉ်တွေ၊ F-35 ပဉ္စမမျိုးဆက် တိုက်လေယာဉ်အုပ်စုနဲ့၊ ရာချီတဲ့ F-16 တိုက် လေယာဉ်နဲ့ F-18 ဗုံးကြဲတိုက်လေယာဉ်တွေ ပါဝင်တဲ့ ရေတပ်ကို တောင်ကိုရီးယား၊ ဂူအမ်၊ ဂျပန်နဲ့ အာလစကား အခြေစိုက်စခန်းတွေမှာလည်း ဖြန့်ချထားပါတယ်။

တကယ်လို့ ထရမ့်ကသာ အမိန့်ပေးလိုက်မယ်ဆိုရင် ဟဲရစ်ဟာ မိနစ်ပိုင်းအတွင်းမှာ မြောက်ကိုရီးယားကို ကရုဇ်ဒုံးကျည်ရာပေါင်း များစွာကို ပစ်လွှတ်ပြီး လေကြောင်း တိုက်ခိုက်မှုတွေကို တစ်သုတ်ပြီးတစ်သုတ် လှိုင်းလုံးဆင့်ပြီး တိုက်ခိုက်နိုင်ပါလိမ့်မယ်။

တနင်္ဂနွေနေ့မှာ ထရမ့်ဟာ ဂျပန်ကို အရောက်သွားခဲ့ပါတယ်။ သူ့သမီး အိုင်ဗန်ကာက ဂျပန်ကို ကြိုတင်သွားရောက်ပြီး မကြာသေးခင်ကမှ ပူပူနွေးနွေး ပြန်လည် အရွေးကောက် ခံထားရတဲ့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ ဆွေးနွေးပွဲကိစ္စကို ညှိနှိုင်းပါတယ်။ ဒီလိုကြိုတင် ညှိနှိုင်းရာမှာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကိစ္စလို သမားရိုးကျ ကိစ္စတွေကို ထရမ့်နဲ့ မဆွေးနွေးဖို့ ဆိုတာမျိုး ဖြစ်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ နောက်ပြီး သူတို့နှစ်ဦးဟာ မြောက်ကိုရီးယားက ၁၉၇၇ ခုနှစ်ကနေ ၁၉၈၃ ခုနှစ်ကာလတွေအတွင်းမှ အဓမ္မ ပြန်ပေးဆွဲခေါ်ခံရသူတွေရဲ့ ဂျပန်မိသားစုဝင်တွေကို လက်ခံတွေ့ဆုံခဲ့ပါတယ်။ ဒီကိစ္စကတော့ နောင်မှာ ပြုံယမ်းကို ခြောက်လှန်ဖို့နဲ့ စစ်ပွဲအတွက် ဝါဒဖြန့်ဖို့ အသုံးတည့်မှာပါ။

အာဘေးရဲ့ အမျိုးသားရေး အစိုးရဟာ ဂျပန်နိုင်ငံမှာ စစ်ဝါဒနဲ့ စစ်ပွဲကို အပြင်းအထန် ဆန့်ကျင်နေကြတာ ရှိပေမယ့် ထရမ့်ရဲ့ မြောက်ကိုရီးယားကို “လုံးဝဥဿုံ ဖျက်ဆီးပစ်ရေး”ဆိုတာကို ပြတ်ပြတ်သားသား ထောက်ခံထားပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလ အစောပိုင်းက ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်းပေါ်ကနေဖြတ်ပြီး မြောက်ကိုရီးယားက ဒုံးကျည် ပစ်လွှတ်လိုက်ပြီးတဲ့နောက် ဖြစ်ပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့မှာတော့ တောင်ကိုရီးယားကို ရောက်သွားခဲ့ပြီး သမ္မတ မွန်ဂျေ-အင်းနဲ့ တွေ့ခဲ့ပါတယ်။ တောင်ကိုရီးယားဟာ တကယ်လို့ အမေရိကန်က မြောက်ကိုရီးယားကို တိုက်ခိုက်ခဲ့ရင် လူတွေအထောင် အသောင်း သေကျေဒဏ်ရာ အနာတရ ဖြစ်မယ့်နေရာတစ်ခုပါ။ ထရမ့်ဟာ တောင်ကိုရီးယားရဲ့ အမျိုးသားလွှတ်တော်မှာ မိန့်ခွန်း ပြောကြားပါတယ်။ အဲဒီမိန့်ခွန်းမှာ တောင်ကိုရီးယား သမ္မတနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ကာလရှည်ကြာ မိတ်ဆွေရင်းချာ မဟာမိတ်ဖြစ်မှုကို ထောမနာပြုရင်း မြောက်ကိုရီးယားအပေါ် ထားရှိတဲ့ သူ့ရဲ့တင်းမာတဲ့ သဘောထားကို ထောက်ခံဖို့ ဆော်ဩခဲ့ပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေဖြစ်လျှင်ဖြစ်ချင်း တောင်ကိုရီးယား လက်နက်ကိုင်တပ်တွေအပေါ် အပြည့်အဝ အမိန့်ပေးနိုင်ခွင့်ကို မွန်ဂျေအင်းအစိုးရက သဘောတူထားပြီး ဖြစ်ပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာတော့ ပီကင်းကို ရောက်ရှိပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမှာဖြစ်ပြီး၊ အပြန်အလှန် ကုန်သွယ်ရေး၊ စီးပွားရေးကိစ္စများနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စများကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ထရမ့်က တွစ်တာမှာ ရေးတင်ထားတာက သူနဲ့ဇနီးသည် မီလာနီယာ ထရမ့်တို့ဟာ သမ္မတရှီနဲ့ မဒမ်ဖုန်လိယွမ်တို့ဆီကို လာတဲ့ခရီးဟာ “သမိုင်းတွင်မယ့် ခရီးစဉ်ဖြစ်လိမ့်မယ် မျှော်လင့်ကြောင်း” ရေးထားပါတယ်။ တရုတ်ခရီးစဉ်ဟာ အားလုံးထဲမှာ စိတ်မသက်မသာ အဖြစ်ရဆုံးနေရာ ဖြစ်လိမ့်မယ်လို့ ပြောဆိုနေကြပါတယ်။ နှစ်ဖက် အစိုးရတွေက ဆွေးနွေးပွဲမတိုင်ခင် ကြေညာချက်တွေ ထုတ်ပြန်ရာမှာတော့ သူတို့ရဲ့ ဆက်ဆံရေးတွေဟာ ခိုင်မာအားကောင်းတဲ့အကြောင်း ဖြစ်ပေမယ့် တကယ့် အခြေအနေမှန်က ပဋိပက္ခတွေ ပြင်းပြင်းထန်ထန် ကြီးထွားလာနေတာပါ။

ပထမဆုံးအနေနဲ့ကတော့ မြောက်ကိုရီးယားအပေါ် ကုန်သွယ်ရေး ကန့်သတ်မှုလုပ်ပြီး ပိုမိုဖိအားပေးဖို့ တိုက်တွန်းပါလိမ့်မယ်။  ပုံမှန်အားဖြင့် တရုတ်ရဲ့စစ်ရေးမဟာမိတ်ဖြစ်တဲ့ မြောက်ကိုရီးယားကို စစ်တိုက်ခဲ့ရင် လက်ရှောင်ဖို့ စည်းရုံးနိုင်ပါတယ်။

ဒုတိယအနေနဲ့ကတော့ ကုလသမဂ္ဂရဲ့ တရားခုံရုံးရဲ့ ၂၀၁၆ ခုနှစ် ဆုံးဖြတ်ချက်ကို ပီကင်းကလက်ခံဖို့ တောင်းဆိုနိုင်ပါတယ်။ အဲဒီဆုံးဖြတ် ချက်က တောင်တရုတ်ပင်လယ်ထဲက ကျွန်းကလေးတွေနဲ့ သန္တာကျောက်တန်း တွေအပေါ် တရုတ်ပိုင်ဆိုင်တယ်လို့ကြေညာထားမှုကို ငြင်းဆိုထားတာပါ။ နောက်ဆုံးအနေနဲ့ကတော့ တရုတ်နဲ့ကုန်သွယ်ရေးမှာ မညီမမျှဖြစ်နေတာ ကို ပြန်လည်ထိန်းညှိပေးဖို့ရယ်၊ တရုတ်ပြည်တွင်းဈေးကွက်ကို အမေရိကန် နဲ့ တခြားနိုင်ငံတကာကော်ပိုရေးရှင်းကြီးတွေအတွက် တံခါးကျယ်ကျယ် ဖွင့်ပေးဖို့ရယ် တောင်းဆိုပါလိမ့်မယ်။

တရုတ်သမ္မတရှီကျင့်ဖျင်အနေနဲ့က ကျင်းပပြီးစီးသွားတဲ့ ပါတီ ကွန်ဂရက်မှာ သူပြောကြားခဲ့သလိုပဲ တရုတ်ပြည်ဟာ အခုအချိန်မှာ ကမ္ဘာ့ဇာတ်ခုံရဲ့ ဗဟို အချက်အချာ နေရာကနေ ပါဝင်ကပြဖို့ အချိန်ကျပြီဆိုတဲ့ မျှော်မှန်းချက်တွေ ကြီးကြီးမားမား ရှိနေပါတယ်။

ထရမ့်ဘက်မှာတော့ သမ္မတသက်တမ်း ကိုးလတာအတွင်း အာရှက ခေါင်းဆောင်တွေကို “အမေရိကား ပထမ”ဆိုတဲ့ မူဝါဒနဲ့ သတိပေးသံချောင်း ခေါက်ထားပါတယ်။ သူက ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲလာမှုကို ရင်ဆိုင်ဖို့ အများသဘောတူ လက်မှတ်ရေးထိုးထားကြတဲ့ ပဲရစ်သဘော တူညီချက်က နုတ်ထွက် ဆန့်ကျင်ထားပြီး ကုန်သွယ်ရေးမှာ ကိုယ်ကျိုး စီးပွားကာကွယ်ရေးတွေ ချမှတ် လုပ်ဆောင်နေပါတယ်။

ရီပတ်ဘလစ်ကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပြည်တွင်းက ပြဿနာပေါင်း များစွာနဲ့လည်း ရင်ဆိုင်နေရဆဲပါ။ ပြည်တွင်းက လွတ်လပ်တဲ့ မီဒီယာနဲ့ ဒီမိုကရက်တွေရော ရီပတ်ဘလစ်ကန်တွေကပါ ဝိုင်းဝန်းဝေဖန်တာ ခံနေရသူပါ။ ဂေါလပ် လူထုစစ်တမ်း ကောက်ယူချက်အရ သမ္မတသစ်တစ်ယောက်အနေနဲ့ ထောက်ခံမှု ၃၈ ရာခိုင်နှုန်းသာ ရထားလို့ ခေတ်သစ်သမိုင်းမှာ လူကြိုက် အနည်းဆုံး သမ္မတသစ်လို့ သတ်မှတ်ခံထားရပါတယ်။

များမကြာသေးခင်က ထရမ့်ရဲ့ လက်ထောက်များကို ၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလမှာ ရုရှားနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့သလားဆိုတာကို FBI က စုံစမ်းစစ်ဆေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်ထဲမှာတော့ ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေး အကြံပေးဟောင်း တစ်ယောက်က FBI ကို လိမ်ညာ ထွက်ဆိုခဲ့မိပါတယ်လို့ ဝန်ခံလိုက်တဲ့အတွက် ဒီပြဿနာ စုံစမ်းစစ်ဆေးမှုက သမ္မတအနားကို ပိုမိုနီးနီးကပ်ကပ် ရောက်လာနေပါတယ်။ ထရမ့်ကတော့ ရုရှားနဲ့ပူးပေါင်း ဆောင်ရွက်ခဲ့တာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ဒါ့အပြင် သူက အာရှမှာ “ကျွန်တော်တို့ စီးပွားရေးက သိပ်အားကောင်းနေလို့ စေ့စပ်ဆွေးနွေးရာမှာ အားရှိရှိနဲ့ ဆွေးနွေးနိုင်တယ်”ဆိုတာမျိုး ပြချင်ပုံရပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ နောက်ဆုံး အလုပ်အကိုင် သတင်းထုတ်ပြန်ချက်မှာ ၁၇ နှစ်တာအတွင်း အလုပ်လက်မဲ့ဦးရေ အနိမ့်ဆုံးပြနေပြီး စတော့ဈေးကွက်ဟာလည်း စံချိန်တင် မြင့်တက်နေပါတယ်။

နိုဝင်ဘာလ ၁၀ ရက်နေ့မှာတော့ ဗီယက်နမ်နိုင်ငံ ဒါနန်းမှာ ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးကို တက်ရောက်ပါလိမ့်မယ်။ အိမ်ဖြူတော်က ပြောတာကတော့ သမ္မတအနေနဲ့ အေပက် စီအီးအို အစည်းအဝေးမှာ “လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ် ဒေသ”ဆိုတဲ့ အမေရိကန်အမြင်ကို တင်ပြလိမ့်မယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှာတော့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ သမ္မတ ထရမ့် ဒိုင်းချွမ်နဲ့ တွေ့ဆုံပါလိမ့်မယ်။ ဗီယက်နမ်တွေကတော့ ပီကင်းနဲ့ သိပ်မတည့်တာကြောင့် ဝါရှင်တန်နဲ့ ပိုမိုနီးကပ်ဖို့ ကြိုးစားနေတာပါ။ အမေရိကန်သမ္မတကို ခမ်းခမ်းနားနား ကြိုဆိုလိမ့်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။

အေပက် အစည်းအဝေးကိုတက်ရင်း ရုရှားသမ္မတလည်း ရောက်နေတာမို့ သူတို့ချင်း နှစ်ဦးတည်း တွေ့လိမ့်မလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲ အနိုင်ရခဲ့တာဟာ မဲဆွယ်စည်းရုံးရေး ကာလမှာ ရုရှားစွက်ဖက်မှုကြောင့်ဆိုတဲ့ စွပ်စွဲချက်တွေ ပြင်းထန်နေတဲ့ ဒီလိုအချိန်မှာ ပူတင်နဲ့တွေ့လိုက်တာမျိုးဟာ အုန်းအုန်းကျွက်ကျွက် ဆူညံပွက်လောရိုက်သွားစေမယ့်ကိစ္စ ဖြစ်ပါတယ်။ မြောက်ကိုရီးယားအပေါ် ဘယ်လို စစ်ရေးအရ အရေးယူမှုကိုမဆို ရုရှားက သဘောမတူဘူးလို့ ကန့်ကွက်ထားတာလည်း ရှိပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့မှာတော့ ဗီယက်နမ်ကနေ ဖိလစ်ပိုင်ကို ခရီးဆက်ပါလိမ့်မယ်။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ အာဆီယံ နှစ် ၅၀ ပြည့် အထိမ်းအမှတ် အထူး ညစာစားပွဲကို အခြား အာဆီယံ ခေါင်းဆောင်တွေနဲ့အတူ ဒေါ်နယ်ထရမ့် တက်ရောက်ဖို့ရှိပါတယ်။ ၁၃ ရက်နေ့မှာတော့ အာဆီယံ ထိပ်သီး အစည်းအဝေးမှာ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးအပြင် အခြားသော အာဆီယံ ခေါင်းဆောင်များနဲ့ တွေ့ဆုံမှာပါ။ သမ္မတ ဒူတာတေးကို “မူးယစ်ဆေးဝါးအပေါ် ဆင်နွှဲတဲ့စစ်ပွဲ”ဆိုတဲ့နာမည်နဲ့ လူထောင်ပေါင်း များစွာကို သတ်ပစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး၊ အိုဘားမားနဲ့ မတူဘဲ သမ္မတထရမ့်က လက်ရှောင်နေခဲ့ပါတယ်။  

ဖိလစ်ပိုင်မှာရှိနေစဉ်မှာ ထရမ့်က ဩစတြေးလျဝန်ကြီးချုပ် မယ်လ်ကွန်တန်းဘူးလ် (Malcolm Turnbull) နဲ့ ရော၊ အသစ်ရွေးကောက် တင် မြှောက်ခံထားရတဲ့ နယူးဇီလန်ဝန်ကြီးချုပ် ဂျစင်ဒါ အာဒန်း (Jacinda Ardern) နဲ့ပါ တွေ့ဆုံဖို့  စီစဉ်ထားပါတယ်။ 

အကယ်၍ အမေရိကန်က တရုတ်နဲ့ စစ်ဖြစ်လာခဲ့ရင် ဩစတြေးလျဟာ အမေရိကန်ရဲ့ သေနင်္ဂဗျူဟာစစ်ရေး တည်ဆောက်မှုအတွက် အဓိက မဟာမိတ်လို့ မှတ်ယူထားကြပါတယ်။ ဩစတြေးလျဟာ နိုင်ငံတကာ နယ်ပယ်မှာ အမေရိကန်ရဲ့ နိုင်ငံခြားရေး ပေါ်လစီကို ပွင့်ပွင့်လင်းလင်း ထောက်ခံသူတွေထဲက တစ်နိုင်ငံဖြစ်ပြီး၊ အမေရိကန်ရဲ့ အဓိက စစ်ပစ္စည်းတွေ ထုတ်လုပ်ရာနေရာနဲ့ သူ့ရဲ့ရေတပ်ဖွဲ့တွေကို ကိုရီးယားကျွန်းဆွယ် ကမ်းလွန်မှာ စုရုံးဖို့ စေလွှတ်ပေးတဲ့ မဟာမိတ် ဖြစ်ပါတယ်။ နယူးဇီလန်ကတော့ ထောက်လှမ်းရေး မဟာမိတ် “မျက်လုံး ၅ လုံး” အဖွဲ့ဝင်ဖြစ်ပြီး အမေရိကန် ထောက်လှမ်းရေး အခြေခံစခန်းများ တည်ရှိရာနိုင်ငံဖြစ်ပါတယ်။ နယူးဇီလန် ဝန်ကြီးချုပ် အာဒန်းနဲ့ သူမရဲ့လက်ယာယိမ်း လေဘာညွှန့်ပေါင်း အစိုးရဟာ တရုတ်ပြည်ထက် အမေရိကန်ဘက်ကို ယိမ်းမယ်လို့ အချက်ပြထားပြီးဖြစ်ပါတယ်။

တရုတ်ရဲ့ တစ်နေ့တခြား ကြီးထွားလာတဲ့ စီးပွားရေးနဲ့ အမေရိကန်က ကမ္ဘာလုံးဆိုင်ရာ အဆင့်အတန်းမှာ ဆက်လက် လျော့ကျလာနေတဲ့ အခြေအနေမှာ အာရှနိုင်ငံ အားလုံး ရင်ဆိုင်နေကြရတဲ့ အကျပ်အတည်းကို ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ ဖြစ်လာပါလိမ့်မယ်။

ပီကင်းအနေနဲ့က သူ့ရဲ့ ဒေါ်လာဘီလီယံပေါင်း များစွာ ကုန်ကျမယ့် ရပ်ဝန်းတစ်ခု-လမ်းမတစ်ကြောင်း (One Belt One Road) နဲ့ ရေ ကြောင်းပိုးလမ်းမ (မြေငအငာနှငျွုသေိ) စီမံကိန်းမှာပါဝင်ဖို့ ကမ်း လှမ်းနေပါတယ်။ အဲဒီစီမံကိန်းတွေက အရှေ့အာရှနဲ့ ဥရောပအကြား စွမ်းအင်နဲ့ သယ်ယူပို့ဆောင်ရေးကွန်ရက်တွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်ထားသလို၊  အရှေ့တောင်အာရှနိုင်ငံများနဲ့ အိန္ဒိယသမုဒ္ဒရာကမ်း ခြေနိုင်ငံများ၊ အာရေဗျကျွန်းဆွယ်၊ အာဖရိကနဲ့ ဥရောပနိုင်ငံတွေအထိ ရေလမ်းကူးသန်းရောင်းဝယ်ရေး ဖွံ့ဖြိုးတိုးတက်လာဖို့ ရည်မှန်းချက် ထားတာ ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ကတော့ မြောက်ကိုရီးယားကို တိုက်ခိုက်ရေးကိစ္စ လက်ခံဖို့ရယ်၊ သူ့အစိုးရရဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒတွေ လက်ခံဖို့ ဒါမှမဟုတ် ဖြစ်လာနိုင်ခြေရှိတဲ့ နျူကလီးယား စစ်ပွဲကို ရင်ဆိုင်ဖို့ တရုတ်နဲ့ ဒေသဆိုင်ရာ နိုင်ငံများကို ကမ်းလှမ်းနေတာပဲ ဖြစ်ပါတယ်။

ရဲထွန်း(သီပေါ)
ကိုးကား ။-Trump begins 12- day visit to Asia to build war coalition against North Korea by James Cogan.
           -Trump’s China visit ; What to expect as Donald visits country for first time as President by Matthew Pennington.


  • TAGS