News

POST TYPE

PERSPECTIVE

ပန်းများနဲ့ ဖန်တီးတည်ဆောက်နေရတဲ့ ကလေးသူငယ်တွေအတွက် အခမဲ့ ပညာရေးအိပ်မက်
11-Nov-2017 tagged as ကလေးသူငယ်

ဪ ... ဒါနဲ့စကားမစပ်။ ပြောရဦးမယ်။ သမီးနာမည်က မိအေးချမ်းပါ။ နာမည်ကို မိအေးချမ်းလို့ ပေးထားပေမယ့် ဘဝမှာ အေးအေးချမ်းချမ်းနဲ့ နေခဲ့ရတဲ့ရက်ဆိုတာ မရှိသလောက် ရှားပါတယ်။ သမီးတို့ မိသားစုမှာ အဖေရယ်၊ အမေရယ်၊ အစ်ကိုရယ်၊ မောင်လေးရယ်၊ ညီမလေးရယ်ဆိုပြီး မိသားစုဝင် အားလုံး ၆ ယောက် ရှိတာပေါ့။ အညာမှာ ငွေရှာရတာ ခက်လို့ မွေးရာဇာတိကို ခြေစုံကန်ပြီး ရန်ကုန်မှာ လာနေတာ။ သမီးတို့ မိသားစုက ရန်ကုန်မှာ နေတယ်ဆိုပေမယ့် အထင်မကြီးလိုက်ပါနဲ့။ ရန်ကုန် နယ်နိမိတ်ထဲမှာပါတဲ့ လှိုင်သာယာမြို့နယ် အစွန်အဖျားက ၁၀ ပေ ပတ်လည် တဲသာသာ ကျူးအိမ်လေးမှာ ငှားနေရတာပါ။ 

သမီးအဖေက ဆိုက်ကားနင်းတဲ့အပြင် ကြုံရာကျပန်း အလုပ်ကို ခါးကျိုးမတတ် လုပ်ရတယ်။ တစ်နေ့လုပ်မှ တစ်နေ့ စားရတာဆိုတော့ မိသားစု စားဝတ်နေရေးက တော်တော်လေးကို အသက်ရှူကျပ်စေတာပေါ့။ ဒီကြားထဲ မိသားစုဝင်ထဲက တစ်ယောက်လောက် ဖျားနာပြီဆိုရင်တော့ စိတ်ဆင်းရဲရတော့တာပဲ။ သမီးနဲ့အစ်ကိုက တစ်ဖက်တစ်လမ်းက မိသားစုဝင်ငွေ ရရှိအောင် နေပူပူ မိုးရွာရွာထဲမှာ အလုပ် လုပ်ရတယ်။ မောင်နှမ နှစ်ယောက်စလုံး ပန်းကုံးလေးတွေ ရောင်းရတယ်လေ။ အသက် ငါးနှစ်အရွယ်ကစလို့ ပန်းရောင်းခဲ့တာ အခုဆိုရင် သမီးအသက်က ၁၀ နှစ်ထဲတောင် ရောက်နေပြီပေါ့။ 

မနက်ဆို အိပ်ရာက အစောကြီးထ။ အမေနဲ့အတူ သမီးတို့မောင်နှမတွေ လှိုင်သာယာကနေ လှည်းတန်းကို ရောက်အောင် လာရတယ်။ အိပ်ရေး မဝလို့ ကလေးပီပီ ငိုချင်ပေမယ့် အမေ့ကို ကြောက်လို့ မငိုရဲဘူး။ ဘတ်စ်ကား စီးရတာကလည်း တမေ့တမြောဆိုတော့ လှည်းတန်းကို မရောက်မချင်း ကားပေါ်မှာ အိပ်ပျော်သွားတတ်တယ်။ အမေက နှိုးတော့မှ လှည်းတန်းကို ရောက်မှန်း သိရတာ။ လှည်းတန်းကိုရောက်တော့ မနက် ၆ နာရီထိုးနေပြီ။ သမီးတို့လုပ်ငန်း စရတော့မှာပေါ့။ 

မှော်ဘီမြို့က လာရောင်းတဲ့ ဖောက်သည်တွေဆီကနေ စံပယ်ပန်းနဲ့ ရွှေပန်းတွေကို အထုပ်လိုက် ဝယ်ရတယ်။ အဲဒီနောက် လှည်းတန်း ခုံးတံတားကြီးအောက်က ကွန်ကရစ်ကြမ်းခင်းပေါ်မှာ အကျအန နေရာယူလို့ ပလတ်စတစ် ဖျာခင်းပြီး ပန်းကုံးလေးတွေဖြစ်အောင် အမေက ကြိုးနဲ့ သီပေးတယ်။ 

ဖျာတစ်ဖက်ခြမ်းမှာတော့ မောင်လေးနဲ့ ညီမလေးက အိပ်ပျော်လို့နေပေါ့။ သမီးက အဲဒီပန်းကုံးလေးတွေကို လက်ကောက်ဝတ်မှာ ချိတ်ပြီး မီးပွိုင့်လမ်းဆုံမှာ ရောင်းရတာ။ မနက် ၇ နာရီလောက်ဆို လူတွေရော၊ ကားတွေရော လှည်းတန်းမီးပွိုင့်မှာ ပြည့်သိပ်ကျပ်ခဲနေပြီ။ အနှီလမ်းဆုံက ကားကြိုကားကြားထဲမှာ ပူးတုံခွာတုံ အထက်အောက် စုန်ဆန်ပြီး ပန်းရောင်းရတာက သမီးရဲ့ နေ့စဉ် အလုပ်ပါပဲ။ 

မိသားစု စားဝတ်နေရေးအတွက် နေ့စဉ် ပန်းရောင်းနေရတာကို စိတ်မပျက်ပေမယ့် သမီး မပျော်နိုင်ဘူး။ အဲဒီအလုပ်ကို စပြီးလုပ်တုန်းက လွှတ်ကြောက်မိပါရောလား။ ကားတွေ အများကြီးထဲမှာ လူတစ်ကိုယ်စာလွတ်ရုံ သွားလာနေရတာဆိုတော့ ကြောက်တာပေါ့နော။ နောက်တော့လည်း နေသားကျလာပြီး ကားတိုက်မိမှာကို မထိတ်လန့်တော့ဘူး။ ကားတွေကလည်း သမီးတို့လို ပန်းသည်လေးတွေကို မထိခိုက်မိအောင် မောင်းပေးကြတော့ ကျေးဇူးတင်ရပြန်ရော။ တချို့ကားဆရာတွေကလည်း သမီးတို့ကို ကူညီတဲ့အနေနဲ့ ပန်းကုံးလေးတွေ ဝယ်ပြီး အားပေးကြတယ်။ ဒါပေမဲ့ ကားအကောင်းစား မောင်းသူတွေက သမီးတို့ဆီက ပန်းကုံးလေးတွေကို မဝယ်ဖြစ်တာ များတယ်။ သူတို့ကားထဲမှာ အဖိုးတန် ရေမွှေးပုလင်းတွေ ထည့်ထားကြတာကိုး။ 

ပန်းရောင်းရတာကလည်း မီးပွိုင့်နီနေတဲ့အချိန်မှာသာ အလုပ်ဖြစ်တာ။ အရောင်းပါးတဲ့နေ့ဆိုရင် အမြတ်ရဖို့ နေနေသာသာ အရင်းရှုံးမှာစိုးလို့ ရင်ဖိုရတာလည်း အမောပါပဲ။ နွေဘက်ရောက်ရင် ရာသီဥတုကပူတော့ ပန်းကုံးလေးတွေက အနွမ်းလွယ်ပြီး အနံ့ပြယ်ကုန်လို့ မရောင်းရတာ များတယ်။ မိုးရောက်ပြီဆိုရင်တော့ ပန်းလေးတွေက အနွမ်းမလွယ်လို့ တော်ပါသေးရဲ့။ ဒါပေမဲ့လည်း အငြိုးကြီးတဲ့ မိုးရက်တွေမှာ ပန်းရောင်းရတာ အဆင်မပြေလှပြန်ဘူး။ မိုးရေဝင်မှာစိုးလို့ ကားတွေက မှန်တင်ပြီး တံခါးပိတ်ထားတာဆိုတော့ ပန်းကုံးလေးတွေကို မဝယ်ဖြစ်တာ များတယ်။ အရောင်းပါးတဲ့ နေ့တွေမှာဆိုရင် ညနေစာအတွက် အခက်တွေ့ရမှာစိုးလို့ မိုးရေနဲ့ရောပြီး သမီးတို့မျက်ရည်ကျတာကို ဘယ်သူကမှ သိမှာမဟုတ်ဘူးလေ။ 

တစ်ခါတလေတော့လည်း တောင်ရောက် မြောက်ရောက် တွေးတောပြီး သမီးတို့ရဲ့ လက်ရှိဘဝကို ယူကျုံးမရ ဖြစ်မိတယ်။ မြန်မာပြည်မှာ ထမင်းငတ်လို့ သေတဲ့သူ မရှိပေမယ့် ငတ်လို့ မသေအောင် အရွယ်မရောက်သေးဘဲ စားဝတ်နေရေးအတွက် ဆင်းရဲခြင်း ပင်လယ်ပြင်မှာ ရုန်းကန်ကူးခတ်နေရတာက ခြေကုန်လက်ပန်းကျ ပင်ပန်းလှပါတယ်။ အဖေအမေတို့ကလည်း တတ်နိုင်သလောက် ရှာကျွေးပေမယ့် နေစရာ အိမ်ပိုင်ကလည်း မရှိ၊ စားသောက်စရိတ်ကလည်း မြင့်မားနေတော့ ဝင်ငွေနဲ့ ထွက်ငွေ မမျှဘူးဖြစ်နေတယ်။ အဲဒီတော့ မိသားစု အားလုံးနီးပါးကုန်းရုန်းပြီး ရှာဖွေတာတောင်မှ တစ်နေ့စာတစ်နေ့ အလျင်မီအောင် မနည်းလုပ်နေရတော့တာပေါ့။ 

သမီးက မီးပွိုင့်မှာ ပန်းရောင်းနေသူဆိုတော့ ကျောင်းကြို/ ပို့တဲ့ ကားတွေပေါ်မှာ ကျောင်းဝတ်စုံဝတ်ပြီး ထိုင်နေတဲ့ သက်တူရွယ်တူ ကျောင်းသား၊ ကျောင်းသူလေးတွေကို မြင်ရတဲ့အခါ အားကျ ဝမ်းနည်းမိတာတော့ အမှန်ပဲ။ သူတို့ကို ငေးကြည့်နေမိပြီး ပန်းရောင်းဖို့ကိုတောင် ငုတ်တုတ်မေ့နေတတ်တယ်။ သမီးလည်း သူတို့လို ကျောင်းနေချင်တာပေါ့ရှင်။ စာလည်း တတ်ချင်တယ်။ ရန်ကုန်မှာ ကိုယ်ပိုင်ကျောင်းတွေ၊ နိုင်ငံတကာကျောင်းတွေ ဘယ်လောက်များများ သမီးကတော့ အဖြူ အစိမ်းဝတ်ရတဲ့ အခြေခံပညာ မူလတန်းကျောင်းကိုပဲ တက်ခွင့်နေခွင့်ရရင်တောင် အင်မတန်မှကို ကျေနပ်မိမှာ အမှန်ပဲ။ 

အမေကလည်း သမီးနဲ့ကိုကို့ကို ကျောင်းထားပေးမယ်လို့ ပြောခဲ့တာလည်း ခဏခဏပါပဲ။ သမီးလည်း ကျောင်းနေချင်တယ်လို့ ပြောမိပေမယ့် အဖေနဲ့အမေ့ကို သနားမိတယ်။ ကျောင်းနေချင်တယ်လို့ ပူဆာမိတော့ အမေက သမီး စိတ်ကျေနပ်အောင် အဖြူနဲ့အစိမ်း စပ်ပြီးချုပ်ထားတဲ့ ကျောင်းဝတ်စုံ ဂါဝန်လေး ဝယ်ပေးတဲ့နေ့ကဆို လွှတ်ပျော်မိတယ်။ ကျောင်းမနေရမှန်း သိပေမယ့် အဲဒီဂါဝန်လေးဝတ်ပြီး ပန်းရောင်းရတဲ့နေ့ဆို ပေါ့ပါးလွတ်လပ်ပြီး တက်ကြွနေတာကတော့ အမှန်ပါပဲ။ အဲဒီနေ့ကဆို ပန်းကုံးလေးတွေ အများကြီး ရောင်းရလို့ အိမ်ကို အစောကြီး ပြန်ရတယ်။ ပုံမှန် နေ့တွေဆို ည ၈ နာရီလောက်မှ လှည်းတန်းကနေ ပြန်ရလို့ လှိုင်သာယာကအိမ်ကို ည ၁၀ နာရီကျော်လောက် ရောက်မှပဲ ပြန်ရောက်တတ်တယ်။ အဲဒီလိုနဲ့ပဲ တစ်နေ့တစ်နေ့ လှည်းတန်းသွားလိုက်၊ ပန်း ရောင်းလိုက်၊ ကြုံရာကျရာ ဝယ်စားလိုက်၊ အိမ်ပြန်လိုက်နဲ့ ဘဝကြီးက လုံးချာလည်နေတော့တာပေါ့။ 

လှည်းတန်းဆိုတာ အတတ်ပညာ သင်တန်းပေါင်းစုံ သင်ယူရာနေရာ ဖြစ်တယ်လို့ ကြားဖူးတယ်။ ရန်ကုန် တက္ကသိုလ်ကြီးကလည်း ပြည်လမ်းမကြီးနဲ့ ကပ်ရက်(လျက်)မှာ တည်ရှိနေတယ်။ သမီးတို့က လှည်းတန်းကို နေ့တိုင်းလာနေပေမယ့် ဘာသင်တန်း၊ ဘာပညာမှလည်း သင်ယူခွင့် ရရှိတာ မဟုတ်ပါဘူး။ ရောင်စုံ အဝတ်အစား လှလှလေးတွေ ဝတ်ပြီး ပညာသင်ယူနေကြတဲ့ ကိုကို၊ မမတို့ကိုတွေ့ရင် သမီးလည်း သူတို့ကို အားကျမိပါရဲ့။ သူတို့လို တက္ကသိုလ်တက်ဖို့ နေနေသာသာ အခမဲ့ပညာ သင်ယူခွင့်ရှိတဲ့ မူလတန်းကျောင်းတောင် မနေနိုင်တဲ့ သမီးတို့ဘဝကို ဘယ်သူလာကူပြီး ပေးပါ့မလဲလို့ ယောင်ယမ်းပြီး မျှော်လင့်မိတယ်။ 

ပြည်သူလူထုခေါင်းဆောင် အဘွားစုပြောတဲ့ အခမဲ့ပညာရေးစနစ်နဲ့ မြန်မာ့ပညာရေးကို အဆင့်မီအောင် လုပ်ပေးနေတယ်လို့ကြားတော့ သမီးလည်း အားတက်မိတာပေါ့။ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရအောင် စီစဉ်နေတယ်လို့ ကြားနေရပေမယ့် သမီးတို့လို ဘဝတူ လမ်းပျော်ကလေးတွေ ကျောင်းမနေရသေးတာ အများကြီးပဲ ရှိနေတယ်လို့ တစ်တိုင်းပြည်လုံး ကြားအောင် အော်ပြီး ဗျို့ဟစ်လိုက်ချင်တယ်။ ပြောမယ့်သာပြောရတာ သမီးတို့ ကျောင်းနေခွင့်ရဖို့ ဆိုတာထက် မိသားတစ်စုလုံး စားဝတ်နေရေး အဆင်ပြေဖို့က အရေးကြီးပါတယ်။ 

အဲဒါကြောင့် သမီးတို့လို နွမ်းပါးတဲ့ မိသားစုတွေရဲ့ဘဝကို ကမ်းမမြင် လမ်းမမြင် ဖြစ်နေတဲ့ ဒုက္ခပင်လယ်ထဲက လွတ်မြောက်အောင် ဆယ်တင်ပေးပြီး အနာဂတ်မှာ ဆက်လက် ရှင်သန်ခွင့်ပေးနိုင်မယ့် ဖက်ဒရယ် ဒီမိုကရေစီခေတ်ကို အချိန်တိုတိုနဲ့ မြန်မြန် ရောက်ပါစေလို့ စိတ်ရင်းအမှန်နဲ့ ဆုတောင်းလိုက်ပါရစေ။ 

ခုနေခါမှာတော့ သမီးက မိသားစုအတွက် ကြမ်းတမ်းခက်ခဲလှတဲ့ ဘဝခယောင်းလမ်းမှာ ပန်းရောင်းရင်း ဖန်တီးတည်ဆောက်နေသူတစ်ယောက် ဖြစ်တာမို့ အခမဲ့ ပညာရေးအိပ်မက်က သမီးတို့အတွက်တော့ ဝေဝါးထွေပြားပြီး ဝေးနေဆဲပါပဲလို့...။ 

ကိုသောင်း (ပညာရေး)