News

POST TYPE

PERSPECTIVE

စက်သုံးဆီနဲ့ သောက်ရေသန့်အရေး
09-Nov-2017 tagged as

အစိုးရကိုင်တွယ်ခဲ့တဲ့ BOC ခေတ်က ဓာတ်ဆီ တစ်ဂါလန်ကို နှစ်ရာကျပ်နဲ့ ဝယ်ခဲ့ရတယ်။ အစိုးရက အရှုံးခံပြီး ထုတ်နေရတယ်ပြောပြီး ဓာတ်ဆီဈေး စပြီးတက်တယ်။ အစိုးရ ဓာတ်ဆီဆိုင်တွေ အချိန်အတွယ် မပြည့်တာ ဓာတ်ဆီဆိုင်မန်နေဂျာတွေ တိုက်တွေ၊ ကားတွေ စီးနိုင်တာ ဝေဖန်သံတွေ ညံနေခဲ့တာပဲ။ အဲဒီနောက် စက်သုံးဆီကို ပုဂ္ဂလိကလက်ထဲ “ဝ”ကွက်အပ်ခဲ့တာ မှတ်မိတယ်။

ပြည်သူတွေက ထင်တာပေါ့။ ပုဂ္ဂလိက လက်ထဲရောက်ရင် ဆီအခြင်အတွယ် ပြည့်မယ်။ ယှဉ်ပြိုင်မှုဈေးကွက် ကျယ်ပြန့်လာလို့ ဈေးနှုန်းသင့်တင့်မယ်။ ဆီအရည်အသွေး ပြည့်မီမယ်လို့ ထင်ခဲ့ကြတယ်။ ပုဂ္ဂလိကလက်ထဲရောက်တော့ ဂါလန်ကနေ လီတာ ပြောင်းသွားတယ်။ ပုဂ္ဂလိကဆိုင်တွေ ဟောတစ်ဆိုင် ဟောတစ်ဆိုင် ဖွင့်လာကြတယ်။ ဆီဈေးလေးလည်း မဆိုးဘူး။ တစ်လီတာကို ၄၀ဝ/ ၅၀ဝ ကျပ်ဆိုတော့ မဆိုးသေးဘူး။ ဆီအရည်အသွေး မြင့်လာတယ်။ ဓာတ်ဆီရိုးရိုး မဟုတ်တော့ဘူး။ ၉၂ ဆီတဲ့၊ ၉၅ ဆီတဲ့။ အရည်အသွေး ပိုမြင့်သတဲ့။ ဈေးလည်း ပိုမြင့်လာတယ်။ ကားအင်ဂျင် သက်တမ်း ပိုကောင်းမတဲ့။ ပြောကြတာပါပဲ။

ဒီကနေ့ဆိုရင် နိုင်ငံအနှံ့ သွားချင်တဲ့ နေရာသွားပါ။ ပုဂ္ဂလိက ဓာတ်ဆီဆိုင်တွေ တန်းစီနေတာပါပဲ။ ဝယ်ရလွယ်ကူလာတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ စားသုံးသူ ပြည်သူတွေ အဖို့တော့ စပါးကြီးမြွေများ ရစ်ပတ်သလိုပါပဲ။ တစ်စ တစ်စ ရစ်ပတ်လိုက်တာလည်း လည်မျိုရောက်နေပါပြီ။ စက်သုံးဆီ ဈေးနှုန်းဆိုတာလည်း ကုန်ဈေးနှုန်းလိုပါပဲ။ တက်ပြီးရင် ပြန်ကျတယ်လို့ မရှိတော့ပါဘူး။ နိုင်ငံခြား ရေနံဈေးတက်ရင် တက်တယ်။ ဒေါ်လာဈေး တက်ရင် တက်တယ်။ ပြည်တွင်းက ဆီဆိုင်တွေ အားလုံး ဒီလိုပါပဲ။ ဒါပေမဲ့ နိုင်ငံတကာ ဈေးနှုန်းကျတဲ့အခါမှာလည်း ပြည်တွင်းမှာက မကျနိုင်သေးပါဘူး။ ဒီတော့ ရေနံဈေးနှုန်းသာကျတာ ဒေါ်လာဈေးက မကျလို့တဲ့ ဆိုကြပြန်တယ်။ ဒီတော့ ရေနံဈေးရော ဒေါ်လာဈေးရောကျချိန် မရှိတော့ဘူးလား။ ကျလို့ရော ပြည်တွင်းမှာ လိုက်ပြီးကျခဲ့သလားလို့ မေးချင်ပါတယ်။ မီဒီယာတွေက မနေနိုင်လို့ ရေးကျမှ သိကြရတာပါပဲ။ ပြည်သူလူထုက နိုင်ငံတကာ ဈေးနှုန်းတွေနဲ့ နေ့စဉ် ချိန်ထိုးကြည့်ဖို့ အချိန်မရကြပါဘူး။

နောက်တစ်ခုက ဆီအခြင်အတွယ်နဲ့ အရည်အသွေး စံချိန်စံညွှန်းကိစ္စ။ ဘယ်သူက တာဝန်ယူပြီး ဆောင်ရွက်နေကြပါသလဲ။ ရှောင်တခင် ဝင်စစ်ဖူးကြပါသလား။ ဒီလောက် များပြားလှတဲ့ဆိုင်တွေ အားလုံးပဲ ဆီ အခြင်အတွယ်မှန်လို့ ဆီအရည်အသွေးတွေ ပြည့်မီနေကြတာလား။ ဆီတွေကို ၉၂ ဆီ၊ ၉၅ ဆီနဲ့ ၉၇ ဆီဆိုပြီး ခွဲခြား ဈေးတင်ရောင်းနေကြတာ တကယ်ရော ပြည့်မီကြလို့လား။ ကားမောင်းနေတဲ့သူတွေက သိတာပေါ့။ ဘယ်လောက်ဈေးဆိုရင် ဘယ်လောက်ဖိုး ထည့်ရင် အမှတ်ဘယ်လောက် တက်တယ်ဆိုတာ။ တစ်ခါက အတော်တောင် စိတ်တိုသွားတယ်။ ထည့်နေကျ ဆိုင်ပဲ။ ဈေးနှုန်းလည်း မပြောင်းသေးဘူး။ သိသိသာသာကို နည်းနေတာ။ ပြန်တောင် ပြောချင်စိတ် ပေါ်မိတယ်။ တစ်ခါတုန်းက ပြောကြည့်မိတယ်။ ပိုင်ရှင်ကို ပြောခွင့်ရတာမှ မဟုတ်တာ။ သူတို့က အမှန်ပဲပေါ့။ ဆိုးတာက အဲဒီဆိုင်က ကံစမ်းမဲတွေ ဘာတွေ ပေးမယ်ဆိုရင်တော့ ခံရပြီသာ မှတ်ပေတော့လို့ပဲ။ ခုဆို ဓာတ်ဆီဆိုင် ဝင်လိုက်တာနဲ့ ရေသန့်ဘူးပေးရင်း “ဘောက်ချာ ယူမှာလားဟင်” ဆိုတာက မေးနေကျ ဖြစ်နေပြီ။ ယူတဲ့လူလည်း ရှိတယ်။ မယူတဲ့သူလည်း တွေ့ရတယ်။ တကယ်တော့ ကားနံပါတ်ပါတဲ့ ဘောက်ချာကို ပေးကိုပေးရမှာ။ မပေးတာဟာ မသမာမှု လုပ်ဖို့လို့  ယူဆလို့ရတယ်။ (နီးစပ်သူတွေ ပြောတာကတော့ ဆီကို ပိုအောင် လုပ်ကြတယ်၊ အခြင်အတွယ် မပြည့်လို့ ပိုတာလည်း ရှိတယ်။ အဲဒီဆီပိုတွေ အားလုံးကိုရောင်းပြီး အိတ်ထဲ ထည့်ကြတာပဲတဲ့။ ဒီတော့ သူတို့အတွက် ဘောက်ချာမယူလေ ကောင်းလေပဲတဲ့ )

နောက်တစ်ချက် ပြောချင်သေး။ ခုလို ဆီအခြင်အတွယ် မပြည့်တာ၊ အရည်အသွေး မပြည့်မီတာတွေ၊ ဈေးနှုန်းကြီးမှုတွေကြောင့် ပြည်သူတွေရဲ့ အသံတွေ မကြာခဏ ထွက်လာတတ်တယ်။ တစ်လောကတော့ အစိုးရက ပြည်ပနိုင်ငံတွေက ကုမ္ပဏီ အမြောက်အမြားကို ခွင့်ပြုဖို့ လုပ်ကြတယ်။ ဒီတော့ ပြည်တွင်း လုပ်ငန်းရှင်တွေ ထိတ်ထိတ်ပျာပျာ ဖြစ်ကုန်တယ်။ ဘာကြောင့်လဲဆိုတော့ အခုလို မြိုးမြိုးမြက်မြက် စားနေရတာ အရသာ ပျက်သွားကြမှာကိုး။ အစိုးရကတော့ ရှေ့နောက်ကြည့် စဉ်းစားရတာပေါ့။ ဒါပေမဲ့ ပြည်သူလုထု အများစုကိုကျတော့ စာနာ သနားသူ မဲ့နေပါတယ်။ ရသလောက်စား စိတ်ကြိုက်ဝါးနေကြသူတွေကြောင့် ခံဘက်ကချည်းပါပဲ။

ပြီးတော့ ပြောရဦးမယ်။ နေ့စဉ် လိုအပ်တဲ့ထဲမှာ သောက်ရေသန့် ကိစ္စကလည်း တစ်ခု။ မြန်မာပြည်မှာလည်း သောက်ရေသန့် ခေတ်စားလာတာ ၁၄ - ၅ နှစ်ပဲ ရှိပါသေးတယ်။ မြန်မာနိုင်ငံလို ရေမြေသဘာဝ ပေါကြွယ်ဝတဲ့နိုင်ငံမှာ ရေသန့်စက်ထောင်မယ့်သူကို အရူးလို့တောင် သမုတ်ခဲ့ကြဖူးတယ်။ ရေအကျိုး ၁၀ ပါး နားလည်ကြသူတွေမို့ ရေအိုးစင်တွေ့နိုင်တာ ရေချို ရေသန့် ပေါတာဟာ မြန်မာနိုင်ငံရဲ့ သဘာဝက ပေးထားတဲ့ လက်ဆောင်ပါ။ ရေကို ဝယ်သောက်ရတဲ့နိုင်ငံထဲမှာ မြန်မာနိုင်ငံ မပါခဲ့ဘူး။ မီးရထား၊ ကားနဲ့သွားရင်တောင် “ရေရမယ် ... ရေရမယ် ...”ဆိုတဲ့ အသံလေးတွေ “ရေ ကုသိုလ် ... ရေကုသိုလ်...”ဆိုတဲ့ အသံလေးတွေနဲ့ ညံစီခဲ့တဲ့နိုင်ငံပါ။

ခုတော့ ရေသန့်ယဉ်ကျေးမှု ထွန်းကားလာလိုက်တာ။ ကောင်းတဲ့ဘက်ကကြည့်ရင်လည်း ကောင်းတာပေါ့။ ထမင်းအသက် ၇ ရက်၊ ရေအသက် တစ်မနက်လို့ ဆိုကြတာပဲပါလေ။ လူတစ်ယောက်က တစ်နေ့ကို အနည်းဆုံး ၃ လီတာလောက် သောက်ဖို့လိုတယ်။ တစ်မိသားစုအတွက် ရေသန့် တစ်ဘူး (လီတာ ၂၀) ဟာ တစ်ဘူးဆို တစ်ရက်။ တချို့မိသားစုက တစ်ရက်ခွဲလောက်ပဲ ရတယ်။ ရေသန့် စထုတ်စဉ်က တစ်ဘူး (လီတာ ၂၀) ကျပ် ၁၀ဝ၊ ၁၅၀ ပဲ ရှိတယ်။ အထပ်မြင့်တက်ရမှ ၂၀ဝ ကျပ်။ တကယ်တော့ မြန်မာပြည်မှာ ရေသန့် ထုတ်ဖို့ဆိုတာ အတော် လွယ်ပါတယ်။ ရေချို အရင်းအမြစ်က သိပ်ပေါတာကိုး။ အဝီစိတွင်းအများစုဟာ ရေချိုပဲထွက်တာ များပါတယ်။ နည်းပညာ အရင်းအနှီးရှိရင် နေရာတကာမှာ ရေသန့်ထုတ်ဖို့ လွယ်ပါတယ်။ ရေသန့် စက်ရုံတွေ မှိုပေါက်သလို ပေါလာသလို တံဆိပ် အမျိုးမျိုးနဲ့ ပုံစံအမျိုးမျိုးနဲ့ ထုတ်လာကြတာ တွေ့ရပါတယ်။ FDA ရဲ့ ထောက်ခံချက်နဲ့ ထုတ်လုပ်ဖြန့်ချိရတယ် ဆိုပေမယ့် မသန့်တဲ့ရေတွေ မသန့်တဲ့ရေပုံးတွေနဲ့ ထည့်တာအပြင် ခွင့်ပြုချက်မဲ့ ထုတ်လုပ်ဖြန့်ချိနေလို့ ပိတ်သိမ်းနေတာတွေလည်း ကြားနေရတာပါပဲ။ အဆိုးဆုံးကတော့ ဒီလောက် ရေအရင်းအမြစ် ပေါများလှတဲ့ မြန်မာနိုင်ငံမှာ ရေသန့် (လီတာ ၂၀) တစ်ဘူးဟာ အထပ်မြင့်တက်ရင် ၁,ဝ၀ဝ ကျပ်နား နီးနေပါပြီ။ အထပ်နိမ့်ရင် ၈၀ဝ။ မြန်မာနိုင်ငံကလည်း အဆင့်မြင့်သွားပါပြီ။ စင်ကာပူလို၊ ကိုရီးယားလို၊ ဒူဘိုင်းလို ရေကို ဝယ်သောက်နေရပါပြီ။

ဒါကြောင့် နိုင်ငံတော်အစိုးရကို သာမန်ပြည်သူတစ်ဦး အနေနဲ့၊ ပြည်သူ့အသံ အနေနဲ့ တောင်းဆိုချင်ပါတယ်။ ပြည်တွင်း စက်သုံးဆီ ဈေးနှုန်း ပုံမှန်ဖြစ်ဖို့၊ ဆီအရည်အသွေး ကောင်းဖို့၊ အခြင်အတွယ် မှန်ကန်ဖို့ ထိန်းကျောင်းပေးပါ။ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမယ့် ရေနံကုမ္ပဏီတွေကို လွတ်လပ်စွာ ယှဉ်ပြိုင်မှုအတွက် လမ်းဖွင့်ပေးပါ။ အဲဒီကုမ္ပဏီတွေကို မှန်မှန်ကန်ကန် မျှမျှတတ ပုံမှန် အကဲဖြတ် စိစစ်ပေးပါ။ ဆီဈေးနှုန်း ကျဆင်းသွားရင် သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း တစ်ခုလုံး အဆင်ပြေနိုင်ပါတယ်။ ကုန်ဈေးနှုန်း ကျဆင်းရေးကိုပါ အထောက်အကူ ပြုစေနိုင်ပါတယ်။ ဒါမှမဟုတ် အစိုးရကိုယ်တိုင် ကြီးကြပ်လုပ်ကိုင်ပါ။ ဖြန့်ဖြူးရောင်းချပါ။

ဒုတိယအချက် ရေသယံဇာတ ပေါများလှတဲ့ မြန်မာနိုင်ငံမှာ ရေကို ဈေးကြီး ဝယ်သောက်နေရတာ သဘာဝမကျပါ။ တစ်ငုံစာ နှစ်ငုံစာ ရေသန့်ကို ကျပ် ၃၀ဝ ပေးသောက်နေရတဲ့ နိုင်ငံပါ။ အလကားလောက် ထုတ်ယူ ရရှိနေတဲ့ရေချိုကို နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှုကို အကြောင်းပြုပြီး အထိန်းအကွပ်မရှိ ရောင်းချင်သလို ရောင်းနေကြတာ နိုင်ငံအနှံ့ပါ။ ဒါကြောင့် ဒီရေသန့် လုပ်ငန်းကြီး တစ်ခုလုံးကို နိုင်ငံတော်က ထိန်းချုပ်ပြီး နိုင်ငံအနှံ့ ရေသန့်စက်ရုံကြီးတွေ တည်ထောင်နိုင်မယ်ဆိုရင် ဒီထက် ပိုပေါများလာပြီး ပြည်သူတွေလည်း ရေချိုရေသန့် ဝဝလင်လင် သောက်ရမယ် ထင်တယ်။ ရေအကျိုး ၁၀ ပါး ဖြည့်ဆည်းပေးရာလည်း ရောက်တာပေါ့။

ခုတော့ဖြင့် စီးပွားရေးမူဝါဒတွေ ပြောင်းလိုက်လို့ ဆီဆိုင်တွေတော့ ပေါလှပါရဲ့။ စစ်ဆေးမှု၊ ကြီးကြပ်မှု အထိန်းအကွပ် မဲ့နေကြသလိုပါပဲ။ ပြည်သူတွေမှာတော့ ဆီထည့်မှ ဘီးလိမ့်မှာမို့ ဘယ်အခြေအနေမျိုး ဖြစ်နေပါစေ ဝယ်ယူ သုံးစွဲနေရတာပါပဲ။ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ခမျာလည်း သိပ်တော့ မြတ်ဟန်မတူပါ။ ဒါပေမဲ့ တိုးချဲ့ ဖွင့်လှစ်နိုင်တဲ့ ဆိုင်ခွဲပေါင်းကတော့ နိုင်ငံအနှံ့မှာပါ။ ဒီလိုပါပဲ အလကားနီးနီး ထုတ်ယူပြီး သုံးနေတဲ့ သောက်ရေ သန့်စက်ရုံတွေလည်း အရှုံးပေါ်နေဟန် တူပါရဲ့။ တံဆိပ်မျိုးစုံ စက်ရုံမျိုးစုံ ပေါ်လာလေလေ၊ ယှဉ်ပြိုင်မှုဈေးကွက် ကြီးလာလေလေ ပြည်သူကတော့ ခံရလေလေပါပဲ။ ဒါကြောင့် နိုင်ငံခြားက ဒေါ်လာနဲ့ တင်သွင်းရတဲ့ စက်သုံးစက်တွေ အလျှံပယ် မသုံးရချင်နေပါစေ။ ပြည်တွင်းမှာ မြန်မာကျပ်ငွေနဲ့ ဝယ်ယူသောက်သုံးနေရတဲ့ ရေချိုရေသန့်လေးတော့ ဝဝလင်လင် သောက်သုံး မိချင်ပါရဲ့ဗျာ...။

ခင်မောင်ဌေး (ပညာရေး)

  • TAGS