News

POST TYPE

PERSPECTIVE

လန်ဒန်တွင် လေထုညစ်ညမ်းစေသည့် ယာဉ်အိုယာဉ်ဟောင်းများကို နေ့စဉ် ထပ်တိုးအခွန်ကောက်
24-Oct-2017


လန်ဒန်၊ အောက်တိုဘာ ၂၃

ဗြိတိန်နိုင်ငံမြို့တော် လန်ဒန်တွင် လေထု အရည်အသွေး မြင့်တက်လာစေရန် ရည်ရွယ်၍ ဟောင်းနွမ်းပြီး လေထုညစ်ညမ်းမှုများသော ကားများကို နေ့စဉ် ထပ်တိုး အခွန်သစ်ကောက်ခံမှု စတင်မိတ်ဆက်လိုက်ကြောင်း မြို့တော်ဝန်ဆာဒစ်ခန်က ပြောကြားခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။

၂၀ဝ၆ ခုနှစ်မတိုင်မီ မှတ်ပုံတင်ထားသောဒီဇယ်နှင့် ဓာတ်ဆီကားများအနက်မှ Euro 4 ဟုခေါ်သော ကားများ၏ ဖန်လုံငွေ့ ဓာတ်ငွေ့ထွက်ရှိမှု ပမာဏကိုစည်းကြပ်သည့် ဥရောပသမဂ္ဂ ညွှန်ကြားချက်နှင့် မကိုက်ညီသော ကားများကို Euro 4 ဟု ခေါ်ဝေါ်သောအခွန် နေ့စဉ် ၁၀ ပေါင် ကောက်ခံခြင်းဖြစ်သည်။

ရုံးဖွင့်ရက်များတွင် နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်း လန်ဒန်မြို့တွင်း မောင်းနှင်ပါက ယင်းအခွန်သစ်ကို ပေးဆောင်ရမည် ဖြစ်သလိုရှိပြီး ယာဉ်ကြောပိတ်ဆို့မှု အခွန် ၁၁ ဒသမ ၅ ပေါင်ကိုပါ ပေးဆောင်ရမည်ဖြစ်သောကြောင့် စည်းကမ်းချက် မညီသောကားများသည် လန်ဒန်မြို့တွင်း ဝင်သည်နှင့် အခွန်နှစ်ထပ် ပေါင်း ၂၁ ဒသမ ၅ ပေါင် နေ့စဉ် ပေးဆောင်ရမည်ဖြစ်သည်။

“မြို့တော်ဝန် တစ်ယောက်အနေနဲ့ လန်ဒန်မြို့ရဲ့ သေလောက်အောင် ညစ်ညမ်းနေတဲ့ လေထုကို သန့်ရှင်းစေရေး ကူညီနိုင်ဖို့ အရေးပေါ် ဆောင်ရွက်မှုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ လန်ဒန်မြို့မှာ ရင်ဆိုင်နေရတဲ့ အရှက်ရဖွယ် ကြီးမားကျယ်ပြန့်တဲ့ အများပြည်သူ ကျန်းမာရေးအကျပ်အတည်းကို ကိုင်တွယ်ဖို့နဲ့ လေထုညစ်ညမ်းမှုကြောင့် ထောင်နဲ့ချီတဲ့ အချိန်မတိုင်မီသေဆုံးမှုတွေကို ဖြေရှင်းရပါမယ်”ဟု ခန်က ကြေညာ ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

“ဒီကနေ့မှာ ညစ်ညမ်းတဲ့၊ အန္တရာယ်ရှိတဲ့ ယာဉ်တွေကို စွန့်လွှတ်ဖို့ ယာဉ်မောင်းသူတွေကို တွန်းအားပေးတဲ့ T-charge အခွန်ကို မိတ်ဆက်လိုက်ခြင်းနဲ့အတူ အဲဒီခရီးလုပ်ငန်းစဉ်ရဲ့အဓိက သမိုင်းမှတ်တိုင် တစ်ခုကို စိုက်ထူလိုက်ပါပြီ”ဟု ခန်၏ကြေညာချက်တွင် ဖော်ပြထားသည်။

ဗြိတိန်အစိုးရ၏ လေထုညစ်ညမ်းမှု တိုက်ဖျက်ရေး အစီအမံများသည် ဥရောပ သမဂ္ဂ၏ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်ဒ် ကန့်သတ်မှု စည်းမျဉ်းများကို လိုက်နာဆောင်ရွက်နိုင်ခြင်းမရှိဘဲ ပျက်ကွက်နေ သည်ဟု ဗြိတိန် ဟိုက်ကုတ်တရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် မြို့တော်ဝန်က ယခုကဲ့သို့ စည်းမျဉ်းသစ်များချမှတ်ခဲ့ခြင်း ဖြစ်သည်။

အခွန်သစ် ကောက်ရုံသာမကဘဲ လန်ဒန်လေထုညစ်ညမ်းမှု ကိုင်တွယ်နိုင်ရန် မြို့တော်ဝန်ရုံးက ပေါင် ၈၇၅ သန်း အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၁၉ တွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထွက်ရှိမှု အလွန် နည်းပါးသည့်ဇုန်များ စတင်ဖန်တီးရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်သည်။

လေထုညစ်ညမ်းမှုနှင့် ကာလရှည် ထိတွေ့ရခြင်းကြောင့် နှစ်စဉ် လန်ဒန်သား ၉၅၀ဝ မှာ အချိန်မတိုင်မီ သေဆုံးနေရကြောင်း ဘုရင့်ကောလိပ်လန်ဒန်၏ ၂၀၁၅ ခုနှစ်က သုတေသနတွင် ဖော်ပြထားသည်။ 

F-03

  • VIA