News

POST TYPE

PERSPECTIVE

အရူးတွေနေတဲ့ ကမ္ဘာ
12-Oct-2017 tagged as

အမေရိကမှာ လူ ၅၉ ယောက် (ပစ်ခတ်သူ အပါအဝင်) သေဆုံးသွားရတဲ့ လူစုလူဝေးပစ်ခတ်မှု Mass Shooting ဖြစ်ပွားခဲ့တာ ခုဆိုရင် တစ်ပတ်ပြည့်သွားပါပြီ။ ခုချိန်ထိ ဒီပစ်ခတ်မှု ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတဲ့ Motives ကို မဖော်ထုတ်နိုင်ကြသေးပါဘူး။ လူသတ်သမား စတီဗင်ပက်ဒေါ့ (၆၄ နှစ်) ဟာ ရာဇဝတ်ပြစ်မှု နောက်ခံ ကင်းရှင်းသလို အကြမ်းဖက် အဖွဲ့အစည်း တစ်စုံတစ်ရာနဲ့လည်း ပတ်သက်နေသူ မဟုတ်ပါဘူး။ အငြိမ်းစား စာရင်းကိုင်တစ်ဦးဖြစ်ပြီး ငွေကြေးပြည့်စုံ ချမ်းသာသူ တစ်ဦးလည်းဖြစ်တယ်။ အဓိက အချက်တစ်ခုကတော့ သူဟာ ဝါရင့် လောင်းကစားသမားကြီးတစ်ဦး ဖြစ်နေတာပါပဲ။ မိသားစုမရှိ၊ (အတူနေ အမျိုးသမီးမိတ်ဆွေ ရှိပေမယ့်) တစ်ကိုယ်ရေ တစ်ကာယသမား အငြိမ်းစား သူဌေးပက်ဒေါ့ဟာ သူ့ရဲ့ အချိန် အများစုကို လောင်းကစားဝိုင်းတွေမှာပဲ ကုန်ဆုံးစေတယ်လို့ သိရတယ်။ သူဟာ လောင်းကစားကို အလုပ်ကြီးတစ်ခုလို နေ့တိုင်း လုပ်ပြီး ပတ်ဝန်းကျင်လူတွေနဲ့လည်း စကား အပြောအဆို မရှိ၊ ခင်မင်ရင်းနှီးမှုလည်း မရှိဘူးလို့ ဆိုတယ်။ ဒီဖြစ်ရပ်ဖြစ်ပွားပြီးတဲ့နောက် သူ့အပေါ် ကောက်ချက်ဆွဲကြတာ တစ်ခုကတော့ “စိတ်မူမမှန်တဲ့လူ” “နားလည်ရခက်သူ” “လူထူးလူဆန်းတစ်ဦး” ဆိုတာပါပဲ။ လောင်းကစားသမား တစ်ဦးဖြစ်တဲ့အတွက် လောင်းကစားကြွေး စိတ်ဒဏ်ရာကြောင့် ခုလို ပစ်ခတ်မှု ကျူးလွန်ခဲ့သလား ဆိုပြန်တော့ မဟုတ်ပါဘူး။ သူဟာ လော့စ်အိန်ဂျယ်လိစ်နဲ့ နီဗားဒါးမှာ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လည်း လုပ်ခဲ့ဖူးပြီး ဒေါ်လာ မီလီယံချီ ချမ်းသာသူ အငြိမ်းစားတစ်ဦး ဖြစ်တယ်လို့လည်း ဆိုတယ်။ သူ့မှာ ရာဇဝတ်ပြစ်မှု နောက်ခံဆိုလို့ ယာဉ်စည်းကမ်း ချိုးဖောက်တာလောက်ပဲ ရှိတယ်လို့ ရဲတွေက ပြောတယ်။ ဒီပစ်ခတ်မှုနဲ့ ဆက်နွှယ်နိုင်တဲ့ တစ်ခုတည်းသော အဆက်အစပ်က ပက်ဒေါ့ရဲ့ဖခင် စတီဖင်ဘင်ဂျာမင်ပက်ဒေါ့ဟာ ရာဇဝင်လူဆိုးတစ်ဦး ဖြစ်ခဲ့တာပါပဲ။ ပက်ဒေါ့ ၇ နှစ်သားအရွယ်မှာ သူ့ဖခင်ဟာ ဘဏ်ဓားပြမှုနဲ့ ထောင်ကျသွားခဲ့ပြီး အဲဒီမတိုင်ခင်ကလည်း ရဲတွေက အလိုရှိနေသူ ရာဇဝင်လူဆိုး တစ်ဦးပါ။ ဒါပေမဲ့ ဖခင်ရဲ့ရာဇဝတ်မှု သမိုင်းနဲ့ ပက်ဒေါ့တို့ ညီအစ်ကိုလေးဦး ပတ်သက်မှု မရှိခဲ့ဘူးလို့ ဆိုတယ်။ ငယ်စဉ်ကတည်းက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် ပက်ဒေါ့ ရုန်းကန်ခဲ့ရသလို အနေအေးသူတစ်ဦး၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူ တစ်ဦးအနေနဲ့ပဲ အားလုံးက သိခဲ့ကြတယ်။ လော့ခ်ဟိသ်မာတင် အပါအဝင် ကုမ္ပဏီကြီးတွေမှာ သူ အလုပ်လုပ်ခဲ့ဖူးသလို နောက်ပိုင်းမှာ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်နဲ့ အတော် ချမ်းသာသွားပါတယ်။ သူက ကိုယ်ပိုင်လေယာဉ်မောင်း လိုင်စင်ရထားသလို ကိုယ်ပိုင်လေယာဉ် နှစ်စင်းလည်း ရှိတယ်။ အရင်က အိမ်ထောင်နှစ်ဆက်ကျခဲ့ဖူးပြီး နှစ်ဆက်စလုံး သိပ်မကြာသလို သားသမီးလည်း မထွန်းကားခဲ့ဘူး။ နောက်ဆုံး သူနဲ့အတူနေသူ အမျိုးသမီး မိတ်ဆွေ ဖိလစ်ပိုင်နိုင်ငံသူ “မရီလူဒန်လေ”ဖြစ်ပြီး အခင်းဖြစ်ပွားစဉ်က အတူရှိမနေဘူးလို့ သိရတယ်။

ပတ်ဝန်းကျင်နဲ့ အဆက်အဆံလည်း မရှိ၊ စကားလည်း မပြော၊ တစ်ယောက်တည်း နေတတ်တဲ့ အငြိမ်းစား စာရင်းကိုင် အိမ်၊ ခြံ၊ မြေ ရောင်းဝယ်သူ စတီဖင်ပက်ဒေါ့ဟာ နားလည်ရခက်တဲ့ လူထူးလူဆန်း တစ်ဦးလို့ သိရတယ်။ လာ့စ်ဗီးဂတ်လို လောင်းကစားရုံတွေ ရှိတဲ့အရပ်တွေမှာ ဟိုတယ်ငှားပြီး တစ်လကိုး သီတင်းနေထိုင်ကာ နေ့နေ့ ညည လောင်းကစားနေ တတ်သူလို့ ဆိုတယ်။ အထူးသဖြင့် သူက ဗီဒီယို ဖဲရိုက်စက်မှာ ဖဲကစားလေ့ ရှိပြီး တစ်ခါတစ်ရံ ဒေါ်လာ တစ်သိန်းအထိ ရှုံးသွားတာမျိုး ရှိပေမယ့် မဖြုံတဲ့သူမျိုးလို့ ဆိုတယ်။ နောက်ဆုံး အတူနေတဲ့ အမျိုးသမီး ဒန်လေကလည်း ကာစီနိုရုံမှာ အလုပ်လုပ်ရင်း တွေ့ခဲ့တာလို့ သိရတယ်။ ဒီပစ်ခတ်မှုမဖြစ်ခင် တစ်လလောက်ကတည်းက ပက်ဒေါ့ဟာ သေနတ်တွေ ဝယ်စုနေတယ်လို့ ဆိုတယ်။ သူက အမဲလိုက် သေနတ်ကိုင်ဆောင်ခွင့် လိုင်စင် ရရှိထားသူလည်း ဖြစ်တယ်။ သူနေတဲ့မြို့က လာ့စ်ဗီးဂတ်စ်နဲ့ မိုင် ၈၀ လောက်ဝေးတဲ့ အငြိမ်းစားတွေ၊ ဂေါက်သီးသမားတွေ နေထိုင်တဲ့ နီဗားဒါးမြို့အနီးက မက်စ်ကိုက် ဆိုတဲ့အရပ်ပါ။

ပက်ဒေါ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကတည်းက လာ့စ်ဗီး ဂတ်စ်မှာရှိတဲ့ မန္တလေးဘေးဟိုတယ်ကို ရောက်ရှိတည်းခိုနေခဲ့တာပါ။ သူနဲ့အတူ ခရီးဆောင်သေတ္တာ ၁၀ လုံး ပါဝင်လာခဲ့ပေယ့် ဒီသေတ္တာတွေထဲမှာ လက်နက်တွေ ပါလာမယ်လို့ ဘယ်သူကမှ မထင်ခဲ့ဘူး။ သူက မန္တလေးဘေး ရဲ့ ၃၂ ထပ်အခန်းမှာ တည်းပါတယ်။ ပြတင်းပေါက်အပြည့် မှန်တွေကာရံထားတဲ့ အဲဒီအခန်းကကြည့်ရင် အောက်ဘက်က လာ့စ်ဗီးဂတ်စ် Strip တစ်ခုလုံးကို မြင်ရပါတယ်။ စကတည်းက ရည်ရွယ်ချက်ရှိပုံရတဲ့ ပက်ဒေါ့ဟာ အဲဒီအခန်းရဲ့မှန်ကို တူနဲ့ရိုက်ခွဲပြီး မောင်းပြန်သေနတ်တွေနဲ့ အောက်ဘက်က ဂီတပွဲခင်းထဲ အဆက်မပြတ် ပစ်ခဲ့တာပါ။ ဘယ်သူမှ ထင်မှတ်မထားတဲ့ဖြစ်ရပ်ဆိုတော့ အီလက်ထရွန်နစ် ဂီတသံတွေနဲ့ ဟိန်းထနေတဲ့ ပွဲခင်းထဲမှာ ပထမတော့ ဗြောက်အိုးဖောက်သလားလို့ ထင်ခဲ့ကြတယ်။ အဆက်မပြတ် “တဖြောက်ဖြောက်” မြည်သံက မီးရှူးမီးပန်းပစ်ဖောက်သလို ထင်ခဲ့ရပေမယ့် လူတွေ အတုံးအရုံး လဲပြို၊ သွေးတွေ စီးကျတော့မှ ဂီတပွဲခင်းတစ်ခုလုံး ကမ္ဘာပျက်သလို ပြေးကြလွှားကြတော့တယ်။ အော်တို မက်တစ် မောင်းပြန်သေနတ်သံဟာ ဆယ်မိနစ်နီးပါး ကြာပါတယ်။ ကြားထဲမှာ ၃၇ စက္ကန့်လောက် နားသွားတာပဲရှိပြီး ည ၁၀း ဝ၈ မိနစ်မှာ စပစ်တာ ၁၀း ၁၈ မိနစ်ကျမှ ရပ်သွားတယ်။ ROUTE 91 Harvest Festival ဂီတပွဲက မန္တလေးဘေးဟိုတယ်ပေါ်ကကြည့်ရင် အတိုင်းသား မြင်နေရတဲ့ ဂီတပွဲတော်ကြီး။ ပရိသတ် ၂၀ဝ၀ဝ ကျော် လာပြီးအားပေးနေတဲ့ အမေရိကန် ကျေးလက်ဂီတပွဲတော်။ ပျော်မြူးနေတဲ့ ပွဲတော်လာ ပရိသတ်နဲ့ ဂီတသံတွေဟာ ပက်ဒေါ့နေထိုင်တဲ့ ဟိုတယ်အခန်းကို ဘယ်လိုမှ အနှောင့်အယှက် တစ်စုံတစ်ရာ မရှိပါဘူး။ ဘာ့ကြောင့် ပွဲတော်လာ လူအုပ်ကြားထဲ အော်တိုမက်တစ် သေနတ်နဲ့ စိတ်ရှိလက်ရှိ ဆယ်မိနစ်လောက်ကြာ ပစ်ခတ်ခဲ့တာလဲ။

မန္တလေးဘေးဟိုတယ်က လာ့စ်ဗီးဂတ်စ်မှာ ထင်ရှားတဲ့ ဟိုတယ်တစ်ခုပါ။ ဘာ့ကြောင့် မန္တလေးဘေး Mandalay Bay ဆိုတဲ့နာမည် ပေးထားတာလဲ ဆိုတာတော့ နားမလည်နိုင်ပါ။ “မန္တလေးပင်လယ်အော်”လို့ အဓိပ္ပာယ်ရတဲ့ ဒီဟိုတယ်မှာပဲ မိုက်တိုင်ဆန်နဲ့ ဟိုလီဖီး လက်ဝှေ့ပွဲ အပါအဝင် တစ်လောတုန်းကပဲ မေဝဲသားအနိုင်ရသွားတဲ့ စိန်ခေါ်ပွဲတစ်ပွဲ ဒီဟိုတယ်မှာ ကျင်းပသွားခဲ့တယ်။ မန္တလေးဘေးဟိုတယ်ပေါ်က ပစ်ခတ်မှုသတင်းဟာ အွန်လိုင်းပေါ် ချက်ချင်းပျံ့နှံ့သွားပြီး အားလုံး အထိတ်တလန့် ဖြစ်ကုန်ကြပါတယ်။ ပစ်ခတ်မှုဖြစ်စဉ်ကို ရိုက်ကူးထားတဲ့ အပျော်တမ်း ဗီဒီယိုဖိုင်တွေ ချက်ချင်း အွန်လိုင်းပေါ် ပျံ့သွားပါတယ်။ ပွဲခင်းထဲမှာ လူ ၅၈ ယောက် သေပြီး ၅၀ဝ ကျော် ဒဏ်ရာရခဲ့ကြတယ်။ ဒဏ်ရာရသူတွေဟာ သေနတ်ကျည်ဆန်ကြောင့် ဒဏ်ရာရသလို ကြောက်လန့်တကြား ပြေးလွှားကြရင်း တွန်းထိုးလဲကျ ဒဏ်ရာရသူတွေလည်း ပါတယ်။ တကယ် ထိတ်လန့်တုန်လှုပ်စရာ မြင်ကွင်းပါ။ ဒါဟာ အမေရိကန်သမိုင်းမှာ လူအသေအပျောက် အများဆုံး၊ အဆိုးရွားဆုံး လူထုအကြား ပစ်ခတ်မှု ဖြစ်တယ်လို့ ဆိုတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လက ဖလော်ရီဒါနယ် အော်လန်ဒို နိုက်ကလပ်တစ်ခုမှာ ခုလိုပဲ ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ဖူးပြီး အဲဒီတုန်းက လူ ၄၉ ဦး သေဆုံးခဲ့တယ်။ မန္တလေးဘေး ပစ်ခတ်မှုက အော်လန်ဒို နိုက်ကလပ်ပစ်ခတ်မှုကို စံချိန် ချိုးသွားပါတယ်။ ပွဲခင်းထဲကို သေနတ်နဲ့ပစ်ခတ်ပြီး တစ်နာရီအကြာမှာပဲ အမေရိကန် အထူးရဲတွေက ပက်ဒေါ့နေထိုင်ရာ ဟိုတယ်ခန်းကို ဝင်ရောက် စီးနင်းနိုင်ခဲ့ပါတယ်။ ပက်ဒေါ့ကတော့ ရဲတွေ အခန်းထဲ ဝင်မစီးခင်မှာဘဲ သူ့ကိုယ်သူ ပစ်ပြီးသတ်သေသွားပါတယ်။ ရဲတွေအခန်းထဲ ရောက်ချိန်မှာ အခန်းကြမ်းပြင်ပေါ် ပက်လက်လဲ သေဆုံးနေတဲ့ ပက်ဒေါ့နဲ့အတူ သူ ပစ်ခတ်ခဲ့တဲ့သေနတ်၊ မပစ်ရသေးတဲ့ သေနတ် စုစုပေါင်း ၂၃ လက်ကို ရှာဖွေ သိမ်းဆည်းနိုင်ခဲ့တယ်။ တစ်ဆက်တည်းမှာ သူနေထိုင်တဲ့ နီဗားဒါး၊ မက်စ်ကိုက် နေအိမ်မှာလည်း သေနတ် ၁၉ လက်နဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကို ရှာတွေ့ခဲ့တယ်လို့ဆိုတယ်။ မန္တလေး ဘေး ပစ်ခတ်မှုဖြစ်ပြီးချင်းမှာ အိုင်အက်စ်အဖွဲ့တစ်ဖွဲ့က သူတို့လက်ချက်လို့ ကြေညာခဲ့ပေမယ့် စစ်ဆေးတွေ့ရှိချက်အရ ဘယ်အကြမ်းဖက် အဖွဲ့အစည်း တစ်ခုခုနဲ့မှ ပတ်သက်နေခြင်း မရှိဘူးလို့ သိရတယ်။

ပက်ဒေါ့နဲ့ပတ်သက်ပြီး ဘာ့ကြောင့် သူဒီလို ရာဇဝတ်မှုကျူးလွန်ခဲ့ တယ်ဆိုတာ ခုချိန်ထိ FBI က အဖြေမရှာနိုင်သေးပါဘူး။ လူတစ်ယောက်ဟာ စိတ်ရူးပေါက်ပြီး အပြစ်မဲ့ လူ ၅၈ ယောက် သေဆုံးသွားအောင်၊ လူပေါင်း ၅၀ဝ ကျော် ဒဏ်ရာရ အထိတ်တလန့်ဖြစ်အောင် လုပ်ခဲ့သလို သူ့ကိုယ်သူလည်း သတ်သေသွားခဲ့တယ်။ ရာဇဝတ်မှု ကျူးလွန်သူဟာ အကြမ်းဖက် အဖွဲ့အစည်းများနဲ့ ဆက်စပ်မှု မရှိသလို အရင်ရာဇဝတ်မှု ကျူးလွန်ထားတဲ့ သမိုင်းလည်း မရှိခဲ့ဘူး။ ထူးခြားမှုကတော့ သူဟာ “စိတ်မူမမှန်တဲ့သူ” တစ်ဦး ဖြစ်နေခြင်းပါ။ သူ့မှာ အတူနေ အမျိုးသမီးမိတ်ဆွေကလွဲပြီး မိသားစုမရှိဘူး။ အငြိမ်းစား စာရင်းကိုင်၊ အိမ်၊ ခြံ၊ မြေ ရောင်းဝယ်သူ၊ ဝါရင့် လောင်းကစားသမား။ သူ့မှာ ငွေတွေရှိတယ်။ သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်ရှိတယ်။ ကိုယ်ပိုင်လေယာဉ်မောင်းလိုင်စင် ရှိတယ်။ အိမ်တွေ အများကြီး ပိုင်တယ်။ ဒါပေမဲ့ အဲဒီအိမ်တွေမှာ သူ မနေဘူး။ ကာစီနိုဟိုတယ်တွေမှာ အကြာကြီး ငှားနေပြီး လောင်းကစား လုပ်တယ်။ ပတ်ဝန်းကျင်နဲ့ စကား မပြောဘူး။ လောင်းကစားမှာမှ Video poker game လို့ခေါ်တဲ့ ဖဲလောင်း ကစားတာ တစ်ခုတည်း လုပ်တယ်။ တစ်ခါလောင်းရင် ဒေါ်လာ တစ်သိန်း လောက်အထိရှုံးနိုင်သလို သူက အမြဲနိုင်တတ်တယ်လို့ ဆိုတယ်။ သူ့ရဲ့အချိန်တွေဟာ ဗီဒီယို ဖဲလောင်းစက်ရှေ့မှာပဲ ကုန်ဆုံးတယ်လို့ ဝါရှင်တန်ပို့စ်က ရေးပါတယ်။ သူ့ရဲ့အခန်းကို ဝင်ရှင်းတော့ သေဆုံးနေတဲ့ သူ့အလောင်းအနီးမှာ ဂဏန်းနံပါတ်တွေချည်း ရေးထားတဲ့ မှတ်စုတွေပဲတွေ့ပြီး တခြား ဘာအထောက်အထားမှ မတွေ့ရဘူး။ သူက Facebook, Twitter လည်း မသုံးဘူးလို့ ဆိုတယ်။

ဒီဖြစ်ရပ်ပေါ်လာတော့ အမေရိကမှာ အမြဲတမ်း အငြင်းအခုံဖြစ်နေတဲ့ Gun Control ကိစ္စ ပြန်ပေါ်လာတယ်။ သေနတ်ထိန်းချုပ်ရေး ပြဿနာဟာ အမေရိကန်နိုင်ငံရေးမှာ အရေးကြီးတဲ့ Issue တစ်ခုဖြစ်ပြီး ခုချိန်ထိ အဖြေမရှာနိုင်သေးပါဘူး။ ခုချိန်ထိ အမေရိကန်သမိုင်းမှာ Mass Shooting လို့ခေါ်တဲ့ လူအုပ်စုကြား သေနတ်ပစ်ခတ်မှု အတော်များများ ဖြစ်ခဲ့ပါပြီ။ မူလတန်းကျောင်းထဲ ဝင်ပစ်တာ၊ နိုက်ကလပ်ထဲ ဝင်ပစ်တာ အပါအဝင် ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာက လိုင်စင်နဲ့ သေနတ်ကိုင်ဆောင်ခွင့် လူတိုင်းရှိသလို သေနတ်တွေကို ဂစ်တာဝယ်သလို ဝယ်လို့ရတဲ့ဆိုင်တွေလည်း အများကြီးပဲ။ အမေရိကန်အစိုးရကတော့ သေနတ်ထိန်းချုပ်ရေး ဥပဒေပြဋ္ဌာန်းဖို့ ကြိုးစားနေတုန်းပါ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လူတိုင်း သေနတ်ကိုင်ဆောင်ခွင့် ရှိရမယ်ဆိုတဲ့ Right Group တွေကလည်းရှိတော့ အခုထိ ငြင်းခုံနေကြတုန်းပါ။

တကယ်တော့ အမေရိကန်လိုနိုင်ငံမျိုးမှာ ဒီလိုကိစ္စတွေ မကြာခဏ ဖြစ်နေတာဟာ အံ့အားသင့်စရာပါ။ ၂၀ဝ၂ ခုနှစ် အောက်တိုဘာလက ဝါရှင်တန်ဒီစီကို ပထမဦးဆုံးအကြိမ် ရောက်ခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီချိန်တုန်းက အထိတ်တလန့်ဖြစ်ရပ် တစ်ခုနဲ့ ကြုံရပါတယ်။ ဝါရှင်တန်ဒီစီနဲ့ ပတ်ဝန်းကျင်မှာ လက်ဖြောင့် သေနတ်သမားတစ်ဦးက အပြစ်မဲ့လူတွေကို ချောင်းမြောင်းပစ်ခတ် လုပ်ကြံသတ်ဖြတ်နေတာပါ။ သေနတ်သမား ဘယ်သူဘယ်ဝါဆိုတာ ရဲက မရှာဖွေနိုင်သလို ဘာ့ကြောင့် အပြစ်မဲ့လူတွေကို ပစ်သတ်နေတာလဲ ဆိုတာလည်း နားမလည်နိုင်ဖြစ်နေကြတယ်။ လူတွေအားလုံး အပြင်ထွက်ရင် အထိတ်တလန့်နဲ့ သွားလာနေကြရတယ်။ အပစ်ခံရသူတွေထဲမှာ ပန်းခြံထဲ ထိုင်နေသူ၊ ဓာတ်ဆီဆိုင်ထဲ ကား ဆီဖြည့်နေသူ၊ မူလတန်းကျောင်းသား၊ စတိုးဆိုင်ရှေ့ ကားပါကင်မှာ မတ်တတ်ရပ်နေသူ လူမျိုးစုံပါပါတယ်။ ဘာရန်ငြိုးရန်စမှလည်းမရှိ၊ ဘယ်နေရာက ပစ်လိုက်မှန်းမသိဘဲ အောက်တိုဘာလ သုံးပတ်အတွင်း လူ ၁၀ ယောက် သေသွားပါတယ်။ အမေရိကန် ရဲတွေက တရားခံကို တော်တော်နဲ့ ခြေရာခံ မရှာဖွေနိုင်ခဲ့ဘူး။ လူသတ်သမားဟာ စနိုက်ပါသေနတ်နဲ့ တစ်နေရာက ချောင်းပစ်ပြီးတာနဲ့ ခြေရာဖျောက်သွားပါတယ်။ အများဆုံး ဖြစ်သွားတာက မေရီလန်း၊ ဗာဂျီးနီးယားနဲ့ ကိုလံဘီယာခရိုင်တွေမှာပါ။ နောက်ဆုံးမှာ လူသတ်တရားခံ ဂျွန်အလန် မိုဟာမက် (၄၁ နှစ်) နဲ့ လီးဗွိုင့် မယ်လ်ဗို (၁၇နှစ်) တို့ကို ရဲတွေက ခြေရာခံ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ချက်ဗလက် ကာပရိုက်ဆီဒင်ကားတစ်စီးနဲ့ လှည့်လည်ပြီး အပြစ်မဲ့ လူတွေကို လုပ်ကြံသတ်ဖြတ်နေတာပါ။ နောက်ဆုံးဖော်ထုတ်ချက်မှာ ဘာ့ကြောင့် သူတို့ ဒီလိုလုပ်ရသလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ မူလတန်းကျောင်းသားတစ်ဦးကို ပစ်ခတ်အပြီး သဲလွန်စအနေနဲ့ ရဲတွေ တွေ့ခဲ့ရတာက “မရဏ”အမှတ်အသားပါ တားရော့ ဖဲချပ်တစ်ခုပါ။ ရေးထားတဲ့စာက “Call me god” ဆိုတာပါပဲ။

လာ့စ်ဗီးဂတ်စ်ပစ်ခတ်မှု အပါအဝင် ဒီဖြစ်ရပ်တွေကိုကြည့်ရင် လူတစ်ဦးချင်းစီရဲ့ တဒင်္ဂအတွင်းဖြစ်ပေါ်လာတဲ့ “စိတ်ဖောက်ပြန်ရူးသွပ်မှု”ကို တွေ့ရပါတယ်။ လူ့စိတ်ဟာ အင်မတန် ဆန်းကြယ်ပါတယ်။ လူတစ်ဦးရဲ့ အစွန်းရောက် ဖောက်ပြန်စိတ်ဟာ သူ့ပတ်ဝန်းကျင်က အပြစ်မဲ့လူတွေရဲ့ ငြိမ်းချမ်းစွာ နေထိုင်ခြင်းကို အကြီးအကျယ် ဖျက်ဆီးပစ်ပါတယ်။ ထူးခြားတာတစ်ခုကတော့ ဒီလိုအဖြစ်မျိုး အမေရိကမှာ မကြာခဏ တွေ့နေရခြင်းပါ။

ချစ်ဝင်းမောင်

  • TAGS