POST TYPE

PERSPECTIVE

မောင်တောတွင် တိုင်းရင်းသားကျေးရွာများ စဆောက်ရန်စီစဉ်၊ တိုက်အိမ်များ ဆောက်မည်
12-Oct-2017 tagged as ရခိုင်အရေး

ရန်ကုန် ၊ အောက်တိုဘာ ၁၁

အကြမ်းဖက်မှုများကြောင့် ရွာသားများ အသတ်ခံရကာ နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် မောင်တောမြို့အနီးရှိ တိုင်းရင်းသား ကျေးရွာများကို လာမည့် အောက်တိုဘာ ၁၆ ရက်တွင် တိုက်အိမ်များ ပြန်လည် ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောသည်။

“ရွာလုံးကျွတ် မီးလောင်သွားတဲ့ တိုင်းရင်းသား လူနည်းစုကျေးရွာတွေ၊ မြိုတွေ၊ ဒိုင်းနက်တွေမှာ ကျွန်တော်တို့ အမြန်ဆုံး ဆောက်လုပ်ပေးသွားမှာပါ။ အခု လာမယ့်တနင်္လာနေ့ကစပြီး အိမ်တွေ ဆောက်ပေးမှာပါ။ ဆောက်ပေးတဲ့အခါမှာလည်း ကွန်ကရစ်နဲ့ အုတ်နဲ့ တိုက်အိမ်လေးတွေ ဆောက်လုပ်ပေးသွားမှာပါ”ဟု ၎င်းက ရှင်းပြပြောဆိုသည်။

အဆိုပါ လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနက အောက်တိုဘာလ ၁၃ ရက်နေ့တွင် သွားရောက်မည်ဖြစ်ပြီး တစ်ရွာလုံး မီးလောင် ပျက်စီးသွားသည့် ကျေးရွာနေရာများကို ဦးစားပေးကာ အမြန်ဆုံး ဆောက်လုပ်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။

“လမ်းပြင်ဖို့ကို နိုင်ငံတော်အတိုင်ပင်ခံက ဦးစားပေး လုပ်ခိုင်းတယ်”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေး အစည်းအဝေးကို နိုဝင်ဘာ ၁၁ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော် အတိုင်ပင်ခံရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ နယ်ရေးရာ ဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြောင်း လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

J-09, J-18