POST TYPE

PERSPECTIVE

ပတ်စ်ပို့ရုံး၌ တန်းမစီလိုသူ ရန်ကုန်မြို့ခံများသာ ပွဲစားလိမ်လည်ခံရဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁၀

မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် တန်းစီသည့်စနစ်ကို မကျင့်သုံးသည့် ရန်ကုန်မြို့နေသူများသာ ပွဲစားလိမ်လည်မှု အများဆုံး ခံနေရကြောင်း အဆိုပါရုံးမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

“ကျွန်တော်ကိုယ်တိုင် ပွဲစားတွေကို နှိမ်နင်းဖို့ လိုက်ဖမ်းတာ တစ်နေ့ကို အနည်းဆုံး လေးငါးယောက်မိတယ်၊ ခံဝန် ထိုးခိုင်းတယ်။ သုံးခါမြောက်ဆို အမှုဖွင့်ဖို့ လုပ်ထားတယ်။ အလိမ်ခံရတာ ရန်ကုန်သားတွေပဲ အလိမ်ခံရတာ၊ သူတို့က တန်းစီစနစ်ကို စောင့်ရမှာ ကြောက်တယ်လေ။ ပွဲစားနဲ့လုပ်တော့ ဖြစ်တာပေါ့။ အလုပ်သမားတွေ တစ်ခါမှ အလိမ်ခံရတာ မရှိဘူး”ဟု ၎င်းကပြောကြားသည်။

ပွဲစားများကို ဖမ်းဆီးရာတွင် လှည့်ကင်း၊ ပတ်ကင်း၊ ရပ်ကင်းများနှင့် လှည့်လည်ဖမ်းဆီး၍ ဗဟန်းမြို့နယ် ရဲစခန်းတွင် ခံဝန်ကတိ လက်မှတ်ရေးထိုးမှုများ ပြုလုပ်လျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

သုံးလအတွင်း ထပ်မံ ဖမ်းဆီးခံရသူများကို ဗဟန်းရဲစခန်းတွင် ခြေချုပ်ဖြင့် အရေးယူသွားမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။

ပတ်စ်ပို့ လျှောက်ထားရာတွင် ပွဲစားများဖြင့် မပြုလုပ်ရန်အတွက် ပြည်သူလူထုကို အသိပေးထားသော်လည်း တန်းစီစနစ်ကို မြို့ပေါ်နေ ပြည်သူများအနေနှင့် မကျင့်သုံးသည့်အတွက် ပွဲစားများ  ပပျောက်ရန် အခက်အခဲ ရှိနေကြောင်း ၎င်းက သုံးသပ် ပြောဆိုသည်။

တန်းစီစနစ်သည် အချိန်ကြာမြင့်မှုအပေါ် ပွဲစားများ အခွင့်ကောင်းယူ၍ ငွေကြေးလိမ်လည် တောင်းခံခြင်းဖြစ်နေကြောင်း ၎င်းကပြောသည်။

“မြို့ကြီးသားတွေပဲ အလိမ်ခံရတာ ကျော်လုပ်လို့ရမလားဆိုပြီး ပွဲစားက ဘယ်သူနဲ့သိတယ်ဆိုပြီး ပြောရင်ယုံတယ်၊ ငွေလိမ် ခံရတယ်။ မှတ်ပုံတင်၊ သန်းကောင်စာရင်း အစစ်နဲ့ပြတဲ့သူ တကယ် လုပ်မယ့်သူပဲ အဝင်ခံတာ။ ပွဲစားဝင်လို့မရတာ အဲဒါကြောင့် အလိမ်ခံရတာ။ ခုစနစ်က မလုပ်ချင်တဲ့ မြို့ကြီးသား မြို့ကြီးသူတွေပဲ အလိမ်ခံရတာ။ အဲဒါကို ကျွန်တော် ရဲရဲဝံ့ဝံ့ ပြောရဲတယ်”ဟု ၎င်းက ပြောကြားသည်။

စက်တင်ဘာလ ၁၇ ရက်မှစ၍ နိုင်ငံကူးလက်မှတ်များ လုံခြုံရေးအဆင့် မြှင့်တင်သည့်အနေနှင့် လျှောက်ထားသူများ၏ မျက်စိသူငယ်အိမ် ကွန်ပျူတာစနစ်ဖြင့် ဓာတ်ပုံမှတ်တမ်း (Iris Capture) ရယူသည့်နည်းကျင့်သုံးကာ နိုင်ငံကူးလက်မှတ်စာအုပ် ပြုလုပ်ပေးနေကြောင်း အဆိုပါရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ထိုသို့ စနစ်ပြောင်းလဲရာတွင် လက်ဗွေနှိပ်၊ Scan ဖတ်ယူခြင်း တစ်ဦးချင်းစီ ပြုလုပ်ရသောကြောင့် ပိုမိုစနစ်ကျ လုံခြုံမှုရှိစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။

အောက်တိုဘာလအတွင်း ထိုင်းသို့ လုပ်သား တင်ပို့မှု များနေသည့်အတွက် နိုင်ငံကူးလက်မှတ် လျှောက်ထားမှု တစ်နေ့ကို လူဦးရေ ၁၅၀ဝ မှ ၂၀ဝ၀ ကြား လာရောက်လုပ်ကိုင်မှုများ ရှိနေကြောင်း ၎င်းက ပြောကြားသည်။

ထိုစနစ်ပြုလုပ်ရခြင်းသည် ပတ်စ်ပို့ အတုပြုလုပ်ခြင်း၊ ပတ်စပို့တွင် အသက် လိမ်လည်ဖြည့်စွက်ခြင်းများ ရှိနေသည့်အပြင် ပွဲစားများ လိမ်လည်မှု လျော့ကျစေရန် ရည်ရွယ်ချက်ဖြင့် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

တောင်ဒဂုံမြို့နယ်မှ မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် မောင်ပြည့်စုံက “ကိုယ်တိုင် တန်းစီတဲ့ စနစ်နဲ့လုပ်တာတော့ ကောင်းပါတယ်။ ပွဲစားလိမ်တာ လျော့တာပေါ့။ ဒါပေမဲ့ မနက် ၇ နာရီထဲက စောင့်နေရတယ်။ ၁၂ ကျော်နေပြီး အထဲဝင်လို့ မရသေးဘူး။ အခု တန်းစီတဲ့လူအုပ်က အခုအသစ်ဖွင့်ထားတဲ့ တယ်လီနော်ရုံးအထိကို လူအုပ်က အပြည့်ပဲ အဲလိုကတော့ စိတ်ပျက်တယ်”ဟု ၎င်းကပြောသည်။

ပတ်စပို့ လျှောက်ထားရာတွင် ယခင်က လက်ရေး အဆင့်ဆင့် ရေးသွင်းသည့်စနစ်ကို ကျင့်သုံး၍ စာအုပ် ထုတ်ပေးခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ပတ်စပို့စာအုပ်များကို ဘားကုတ် ထည့်သွင်းရသည့် ကိုယ်ရေး အချက်အလက်များ ရယူခြင်းနှင့် မျက်နှာ ဓာတ်ပုံရိုက်ယူခြင်း၊ လက် ၁၀ ချောင်း လက်ဗွေ မှတ်တမ်းယူခြင်း အဆင့်ဆင့် ပြုလုပ်၍ ၁၀ ရက်အကြာတွင် နိုင်ငံကူးလက်မှတ်ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင် ပြည်ပ အလုပ်အကိုင် ပတ်စ်ပို့၊ ပညာသင်ခွင့်ပတ်စ်ပို့၊ ဘာသာရေးဆိုင်ရာ ပတ်စ်ပို့အပါအဝင် ၆ မျိုးကို ထုတ်ပေးကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးထံမှ သိရသည်။

ပတ်စ်ပို့များကို အရောင်သုံးမျိုး ခွဲခြားသတ်မှတ်ထားပြီး နိုင်ငံတော်အဆင့်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ နိုင်ငံတကာ သံတမန်ရေးရာအဖွဲ့များ ပြည်ပ ထွက်ခွာလျှင် ပတ်စ်ပို့စာအုပ် အပြာရောင်၊ နိုင်ငံဝန်ထမ်းများ၏ ပြည်ပခရီးစဉ် အစိမ်းရောင်ပတ်စ်ပို့၊ သာမန်ပြည်သူများအတွက် အနီရောင်ဖြင့် သတ်မှတ်ထုတ်ပေးသည်။

J-18