News

POST TYPE

PERSPECTIVE

ဘာကြောင့်လဲ လူ့အဖွဲ့အစည်း
10-Oct-2017 tagged as

ကျွန်တော် ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်စက အလုပ်ကပေးတဲ့ တစ်နေကုန် သင်တန်းတစ်ခု တက်ခဲ့ရပါတယ်။ သင်ပေးတဲ့ဆရာမကြီးက ပြည်ပကနေ Ph.D ယူလာတဲ့ စီးပွားရေးတက္ကသိုလ်က ဆရာမကြီးတစ်ဦးပါ။

နေ့လယ် ထမင်းစားချိန် ခဏနားပြီးလို့ သင်တန်းပြန်အစမှာ ဆရာမကြီးက ခန်းမထဲ ဝင်လာရင်း သင်တန်းသူ/သင်တန်းသား အားလုံးကို ပူဖောင်း မှုတ်ခိုင်းပါတယ်။ ကျွန်တော်တို့အားလုံး ပျော်ပျော်ပါးပါး ပူဖောင်းတွေ မှုတ်ကြပါတယ်။ ပူဖောင်းမှုတ်ရင်း ဖောင်းဆိုပြီးပေါက်တဲ့ သူကပေါက်လို့ ရယ်မောရင်း မှုတ်ကြပါတယ်။ အားလုံး ပူဖောင်းလေးတွေ မှုတ်ပြီးချိန်မှာပဲ ဆရာမကြီးက မှုတ်ထားတဲ့ပူဖောင်းတွေ ဖောက်လိုက်တော့ဆိုပြီး ပြောပြန်တာနဲ့ တဝါးဝါး တဟားဟားနဲ့ မှုတ်ထားတဲ့ပူဖောင်းတွေကို တဖောင်းဖောင်းနဲ့ ချက်ချင်း ပြန်ဖောက်ကြပြန်ပါတယ်။

ကျွန်တော်တို့အားလုံး ပူဖောင်းတွေအားလုံး ဖောက်ပြီးချိန်မှာပဲ ဆရာမကြီးက အခုလို ပြောလိုက်ပါတယ်။

“ရှင်တို့အားလုံးရဲ့ပြဿနာက အဲဒါပဲ။ Why မေးတဲ့အကျင့်မရှိဘူး။ ကျွန်မ ပူဖောင်းမှုတ်ခိုင်းတုန်းက ဘာကြောင့်မှုတ်ခိုင်းလဲ Why တစ်ယောက်မှ မမေးသလို ရှင်တို့ လေကုန်ခံပြီး မှုတ်ထားတဲ့ပူဖောင်းကို ချက်ချင်း ပြန်ဖောက်ပစ်ခိုင်းတော့လည်း ဘာကြောင့်လဲ (Why) ကျွန်မကို တစ်ယောက်မှမမေးကြဘူး”

အဲဒီသင်တန်းက ကြာခဲ့ပါပြီ။ ဒါပေမဲ့ အဲဒီအချိန်ကစပြီး အရာရာကို မေးခွန်းထုတ်တတ်တဲ့ အလေ့အကျင့်၊ ဘယ်သူ့မဆို မေးခွန်းထုတ်ရဲ၊ ပြန်မေးရဲ၊ Why မေးရဲတဲ့ အလေ့အကျင့် ဖြစ်လာသလို ယနေ့အထိ ဆရာမကြီး ပြောခဲ့တဲ့စကားကို အမှတ်ရနေဆဲပါ။

တကယ်တော့ ဆရာမကြီး ပြောသလိုပါပဲ ကျွန်တော် အပါအဝင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းက လူအများစုဟာ မေးခွန်းထုတ်တဲ့ အလေ့အကျင့် အရမ်း အားနည်းပါတယ်။ တကယ်တော့ မရှိသလောက်ပါပဲ။ အားနည်းရတဲ့ အကြောင်းရင်းတွေကလည်း ရှိနေခဲ့ပါတယ်။

မြန်မာ့ဓလေ့ထုံးစံအရ လူကြီး မိဘ ဆရာသမားကို ပြန်မေးခွန်းထုတ်တဲ့ အလေ့အကျင့် အားမပေးသလို မေးခွန်းထုတ်ရင်လည်း အာခံတဲ့၊ ပြန်ပြောတဲ့၊ ရိုင်းစိုင်းတဲ့ အပြုအမူလို့ ယူဆကြပါတယ်။

နေထိုင်ကြီးပြင်းရတဲ့ မိသားစုတွင်းမှာပဲ အရင်ကြည့်ပါ။ ကိုယ့်ထက် အသက်ကြီးတဲ့သူ ပြောတာ လက်မခံနိုင်လို့ ပြန်မေးခွန်းထုတ်ရင်

“မရှည်နဲ့”

“ငါ့နောက်ကလူဖြစ်တဲ့သူကများ”၊ “အဖထက် သားတစ်လကြီး နေတယ်”

“ကြီးသူကိုရိုသေရတယ် ပြန်ခံမပြောရဘူး”

စသဖြင့် အသက်ကြီးသူ အရင်မွေးသူကို ရိုသေ လေးစားရမယ်ဆိုတဲ့ “ဝါ”က အသာစီး ရသလိုဖြစ်နေတဲ့ ဓလေ့ကြောင့် ကိုယ့်ထက်အကြီးက ဘယ်လောက်မှားမှား ပြန်မေးခွန်းထုတ်ရင် အာခံတယ်၊ ရိုင်းပျတယ်၊ ခွန်းတုံ့ပြန်တယ်လို့ ယူဆကြပါတယ်။

မိသားစုတွင်းမှာ သာမက ပညာရေးမှာလည်း ကြည့်ပါ။ ကျောင်းမှာ ဆရာ/ဆရာမ ပြောတာ အမြဲအမှန်ပါ။ ဒါသင် ဒါကျက် ဒါမှတ် ဒါဖြေ ဤသည် မရွေးပါ။ မေးခွန်းထုတ်စရာ မရှိအောင်ကို လုပ်ထားသလို ဖြစ်နေတာပါ။

ကိုယ်တွေ့တစ်ခုကိုပြောရရင် ငယ်ငယ်က ကျောင်းမှာ သင်္ချာဆရာမ တွက်ခိုင်းလိုက်တဲ့ပုစ္ဆာကို ကိုယ်က အခြားနည်းလမ်းတစ်ခုနဲ့ တွက်တာ အဖြေထွက်ပါတယ်။ ဒါပေမဲ့ ဆရာမကိုပြတော့ “မှားတယ်၊ ငါ့နည်းနဲ့ ဘာလို့မတွက်လဲ ... ငါ့နည်းနဲ့တွက်မှအမှန် ... အဲဒီလိုတွက်မှ အမှတ်ပေးမယ်”ဆိုတာနဲ့ အဲဒီဆရာမကိုပိုင်တဲ့ ကျောင်းကအခြား သင်္ချာဆရာတစ်ယောက်ကိုသွားပြတော့ မင်းဟာ မှန်သားပဲဆိုပြီး ဆရာကိုယ်တိုင်က ဆရာမကို လိုက်ပြောတော့မှ အမှတ်ပေးလိုက်ပါတယ်။

အဲဒီဆရာမ တင်လားဆိုတော့ မဟုတ်ပါဘူး။

စာမေးပွဲမှာ သူ့နည်းနဲ့မဖြေဘဲ အခြားနည်းနဲ့ဖြေရင် အမှတ်မပေးဘူးဆိုပြီး ကြိမ်းထားတဲ့ ဆရာမတစ်ယောက်လည်း ကြုံခဲ့ဖူးပါတယ်။

အဲဒီလို မိသားစုနဲ့ ကျောင်းမှာ မေးခွန်းထုတ်ခွင့် မေးခွန်းမထုတ်တဲ့ အလေ့အကျင့် မရှိခဲ့တဲ့သူတွေဟာ အရွယ်ရောက် လုပ်ငန်းခွင်ဝင်လာတော့လည်း ကြည့်ပါ။ အလုပ်မှာ ကိုယ့်အထက်လူကြီး ခိုင်းရင်၊ ပြောရင် မှားမှား မှန်မှန်၊ လုပ်သင့် မလုပ်သင့်၊ ဖြစ်သင့် မဖြစ်သင့် ပြန်မေးခွင့် မေးခွန်းထုတ်ခွင့် မရှိပါဘူး။

မေးခွန်းထုတ်တာနဲ့ အဲဒီဝန်ထမ်းရဲ့ တက်လမ်းအတွက် အန္တရာယ်ရှိသလို အထက်လူကြီးရဲ့ အငြိုးခံရတဲ့အပြင် အများစုက ဝန်ထမ်းဆိုးစာရင်း ဝင်ပြီး လစာအဖြတ်ခံရ၊ အလုပ်ဖြုတ်ခံရပါတယ်။ အခုဆို အချို့ကုမ္ပဏီတွေမှာ “အထက်လူကြီး ပြန်မပြောပါဘူး၊ ပြန်ပြောရင် လစာအဖြတ်ခံပါ့မယ်”ဆိုတဲ့ ခံဝန်ကတိတွေ၊ စာချုပ်တွေ လက်မှတ် ထိုးထားရတာတွေတောင် ရှိလာပါတယ်။

အဲဒီတော့ မွေးလာကတည်းက မိသားစုနဲ့ ကျောင်းမှာ မေးခွန်းထုတ်တဲ့ အလေ့အကျင့် မရှိခဲ့တဲ့ မေးလည်းမထူးလို့ မမေးတော့တဲ့သူတွေဟာ အရွယ်ရောက် လုပ်ငန်းခွင် ဝင်လာတော့လည်း မေးခွန်းထုတ်ခွင့်မရဘဲ လက်ညှိုးထောင် ခေါင်းညိတ်က အန္တရာယ်ကင်းပြီး မလုပ် မရှုပ် မပြုတ်တွေ ဖြစ်လာပါတော့တယ်။

တကယ်လုပ်တဲ့၊ လုပ်ချင်တဲ့သူတွေကလည်း လုပ်ရင် မေးခွန်းပြန်ထုတ်ရတဲ့အတွက် မေးခွန်းထုတ်တာနဲ့ ပြုတ်တာများတဲ့အတွက် ကြာလာတော့လည်း မေးခွန်းမထုတ်ဘဲ ရေလိုက်ငါးလိုက် ဖြစ်သွားပါတယ်။ အဲဒီတော့ မိသားစုနဲ့ ကျောင်းပညာရေးကစလို့ လုပ်ငန်းခွင်ထဲ ရောက်တဲ့အထိ မေးခွန်းထုတ်တဲ့ အလေ့အကျင့် အားမပေးလို့ မေးခွန်းထုတ်တဲ့ အလေ့အကျင့် ပျောက်သွားတဲ့လူတွေဟာ နိစ္စဓူဝ ကိစ္စတွေမှာလည်း မေးခွန်း ထုတ်တဲ့အကျင့် ပျောက်သွားပါတော့တယ်။

တခြား မကြည့်ပါနဲ့။ လူတွေရဲ့ နိစ္စဓူဝ လုပ်တဲ့ထဲမှာ တစ်ခုပါဝင်လာတဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ဆိုရင်လည်း မေးခွန်းထုတ်တဲ့ အလေ့အကျင့်မရှိလို့ ပြဿနာတွေ၊ ကောလာဟလတွေနဲ့ အမှိုက်ကစ ပြာသာဒ် မီးလောင်တဲ့ အဖြစ်မျိုးတွေ ဖြစ်လာပါတော့တယ်။

တစ်ခုခုတွေ့တာနဲ့ ဘာကြောင့်လဲ Why စသဖြင့် ဘာမေးခွန်းမှ ထုတ်မနေတော့ဘဲ ချက်ချင်း လက်ခံ ယုံကြည်လိုက်လို့ သတင်းမှားတွေ၊ ကောလာဟလတွေ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ထောင်ချောက်တွေထဲ ဝင်မိပြီး သားကောင်တွေဖြစ်သူဖြစ်၊ ပြဿနာတွေတက်၊ ဘဝတွေပျက် ဒုက္ခရောက်သွားတဲ့သူတွေလည်း မနည်းတော့ပါဘူး။ အဲဒီလိုနဲ့ မေးခွန်းထုတ်တဲ့အကျင့် ပျောက်နေတဲ့လူတွေ များလာတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာပြီး အဲဒီလိုလူတွေကို အခွင့်ကောင်း ယူတဲ့လူတွေ၊ လူလိမ်တွေနဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့လူတွေ များလာပါတော့တယ်။ အဲဒီလိုဖြစ်လာရတဲ့ အဓိက အကြောင်းရင်းကတော့ မေးခွန်း မထုတ်လို့ပါပဲ။

တကယ်တော့ ရှေ့မှာပြောခဲ့တဲ့ ဆရာမကြီးလည်း မေးခွန်းမထုတ်တတ်တဲ့ လူ့အဖွဲ့အစည်းမှာ ကြီးပြင်းခဲ့ရပေမယ့် အရွယ်ရောက်လာပြီး ပညာရေးကျတော့ မေးခွန်း ထုတ်တတ်တဲ့ ပညာရေးရှိတဲ့ ပြည်ပ ပညာရေးနဲ့တွေ့ခဲ့ပြီး မေးခွန်းထုတ်ခြင်းရဲ့တန်ဖိုးနဲ့ မေးခွန်း မထုတ်ခြင်းရဲ့ အားနည်းချက်တွေကို သိခဲ့တာ ဖြစ်ပါတယ်။

တစ်နည်းပြောရရင် မေးခွန်း ထုတ်တယ်ဆိုတာ အကြောင်း ရှာတာပါပဲ။ ကြောင်းကျိုး နိယာမအရ အကြောင်းရှိရင် အကျိုးရှိတယ် ဆိုပေမယ့် အကြောင်းကိုသိဖို့က မေးခွန်းထုတ်တာနဲ့စရမှာ ဖြစ်ပါတယ်။

ဘယ်ပြဿနာပဲဖြစ်ဖြစ်၊ ပုစ္ဆာပဲဖြစ်ဖြစ်၊ အဖြေရှာတာပဲဖြစ်ဖြစ် အကြောင်းရင်းကိုသိဖို့ မေးခွန်းထုတ်တာနဲ့ စရမှာပဲ။ ပြဿနာတစ်ခုဖြစ်ရင် ဘာကြောင့်ဖြစ်လဲ ဆိုတဲ့မေးခွန်းနဲ့ စဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ရင် ပြဿနာရဲ့ ဇာစ်မြစ်ကို မသိတဲ့အတွက် ပြေလည်စေမယ့် အဖြေကိုလည်း မရနိုင်ပါဘူး။

ဒါကြောင့် ဒီနေ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာတွေနဲ့ ပုစ္ဆာ အများစုကိုကြည့်ရင်လည်း ပြဿနာရဲ့ဇာစ်မြစ် အကြောင်းရင်းကို မေးခွန်း မထုတ်ဘဲ ပြဿနာကိုပဲ ဖြေရှင်းနေတာတွေကြောင့် အနာတခြား ဆေးတခြား ဖြစ်နေတာများပါတယ်။

အဲဒီတော့ မေးခွန်းမထုတ်ရင် ထုတ်တတ်အောင် လုပ်မယ်ဆိုရင်တောင် မေးခွန်းဘာကြောင့် မထုတ်တတ်တော့တာလဲ စမေးဖို့ လိုပါတယ်။

အဲဒါမှ အကြောင်းရင်းမှန်ကို သိလာပြီး ပြင်ဆင်နိုင်မှသာ ဘာကြောင့်လဲဆိုတဲ့မေးခွန်း ထုတ်တတ်လာပြီး “ဘာကြောင့်လဲ”သိတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာပါလိမ့်မယ်။

အဲဒီလိုလူ့အဖွဲ့အစည်း မဖြစ်သေးတောင် တစ်ချိန်ဖြစ်လာဖို့အတွက် အခုကတည်းက မိမိကနေ ယခုလို စမေးရအောင်...

“ဘာကြောင့်လဲ”

ဖြိုးဝေ (မဟာဝိဇ္ဇာ)

  • TAGS