News

POST TYPE

PERSPECTIVE

ARSA တို့ မွှေးခဲ့တဲ့မီးနဲ့ မှန်းဆရခက်နေတဲ့ သူတို့ရဲ့ ခြေလှမ်း
ARSA အစွန်းရောက် အကြမ်းဖက်သမားများ ကြေညာခဲ့တဲ့ တစ်လတာ တိုက်ခိုက်မှု ရပ်နားမှုဟာ အခု အောက်တိုဘာ ၉ ရက်ဆိုရင် တစ်လပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို တစ်လပြည့်မြောက်ခါနီးအချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ရက်ပိုင်းအလိုမှာ ARSA အဖွဲ့ဘက်ကနေပြီး အစိုးရက ငြိမ်းချမ်းရေးကမ်းလှမ်းပါက အလိုက်သင့် တုံ့ပြန်မယ်ဆိုတဲ့သတင်း ထွက်ပေါ်လာခဲ့တာကို ကြားခဲ့ကြရမှာပါ။ ဒီအပေါ် အစိုးရဘက်ကတော့ ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့ဘက်က လေသံပစ်သလို သူတို့နဲ့ စေ့စပ်ဆွေးနွေးရေး လုံးဝပြုလုပ်မှာ မဟုတ်ကြောင်း၊ လက်ရှိ ရခိုင်ဒေသ တည်ငြိမ်မှုကို ဆက်လက်ထိန်းထားနိုင်ရန် တပ်မတော်နှင့်ရဲတပ်ဖွဲ့က သတိထား ဆောင်ရွက်နေကြောင်း၊ “ငြိမ်းချမ်းရေး ဆွေးနွေးတယ်၊ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးတယ်ဆိုတာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကိုသာ ဆွေးနွေးတာဖြစ်ကြောင်းနဲ့ ဒီ ARSA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက တရားဝင် ကြေညာထားပြီးသားအဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးစရာအကြောင်း လုံးဝ မရှိကြောင်း သတင်းဌာနတစ်ခုကို ပြောကြားထားတာကိုလည်း မြင်ရပါသေးတယ်။

ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့အနေနဲ့ မောင်တောဒေသက ကင်းစခန်း ၃၀ ကို ဩဂုတ် ၂၅ ရက်က တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက် တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့စဉ် ထိုအဖွဲ့က စက်တင်ဘာ ၁၀ ရက် နံနက်အစောပိုင်းက တစ်လတာအပစ် ရပ်စဲကြောင်း ကြေညာထားခဲ့တာပါ။ ၎င်းတို့အဆိုအရ ရခိုင်ပြည်နယ်မှ လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်းကို လူသားချင်းစာနာ ထောက်ထားရေးအဖွဲ့များ တုံ့ပြန်နိုင်ရန်အလို့ငှာ အပစ်ရပ်စဲမှု လုပ်ဆောင်ခဲ့တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ထိုအဖွဲ့က မည်သည့်အချိန်မဆို မြန်မာ အစိုးရဘက်က ငြိမ်းချမ်းရေးဘက် တိမ်းညွတ်ခဲ့ပါက မိမိတို့က အလိုက်သင့် တုံ့ပြန်မယ်လို့လည်း ပြောကြားထားတယ်လို့ ၎င်းအဖွဲ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားထားခဲ့ပါတယ်။

ဒီအဖွဲ့နဲ့ပတ်သက်လို့ သူတို့ တိုက်ခိုက်မှု စတင်ခဲ့တဲ့ ဩဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက စလို့ရေတွက်ရင် အခုဆိုရင် တစ်လခွဲတာ ကာလကိုတောင် ရောက်လာခဲ့ပါပြီ။ ဒီလို ကာလအထိလည်း ဒီအဖွဲ့ရဲ့တိုက်ခိုက်မှုတွေက ရပ်တန့်သွားခြင်းမျိုးမရှိဘဲ အခုရက်ပိုင်းမှာဆိုရင်လည်း ဘူးသီးတောင်၊ မောင်တောဒေသ အပါအဝင် ရခိုင်ပြည်နယ် မြောက်ဖျားဒေသ အတွင်းမှာ အောက်တိုဘာ ၁၀ ရက်မှ ၁၉ ရက်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ တစ်ကျော့ပြန် ပြုလုပ်နိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာနေခဲ့ပြန်ပါတယ်။ ARSA အဖွဲ့ရဲ့ တစ်ကျော့ပြန် တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေအပေါ် “မောင်တောဒေသမှာ အကြမ်းဖက်သမားတွေ လက်နက်နဲ့ လူအင်အား စုစည်းနေတဲ့သတင်း ထပ်မံရရှိထားကြောင်း၊ ဒီသတင်းတွေကြောင့် ဒေသတွင်း လုံခြုံရေး တိုးမြှင့်ထားကြောင်း” ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောခဲ့တာကိုလည်း သတင်းတွေမှာ ဖတ်ရပါတယ်။

အစိုးရရဲ့ သတင်းထုတ်ပြန်ချက်များအရဆိုရင် ဩဂုတ် ၂၅ ရက်က စတင်တဲ့ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၄ ဦးနဲ့ အရပ်သား ၈၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး အရပ်သား နှစ်ရာခန့် ပျောက်ဆုံးခဲ့ပါတယ်။ သေဆုံးပျောက်ဆုံးခဲ့တဲ့ အရပ်သားများအနက် အများစုဟာ ဟိန္ဒူဘာသာဝင်များဖြစ်ပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုကြောင့် ဟိန္ဒူဘာသာဝင် စုစုပေါင်း ၅၂ ဦး သေဆုံးခဲ့ကာ နှစ်ရာခန့် ပျောက်ဆုံးနေကြောင်း သတင်း ထုတ်ပြန်ထားခဲ့ပါတယ်။ ဒါ့အပြင် ဩဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၅ ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ အကြမ်းဖက်အဖွဲ့များအကြား ထိတွေ့တိုက်ခိုက်မှုအကြိမ် ၁၀ဝ ခန့်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမား ၃၈၀ ကျော် အသေရရှိပြီး ၅၀ ကျော်ကို အရှင် ဖမ်းဆီးရမိထားကြောင်းလည်း ဖတ်ရပါတယ်။

ဒီသတင်းတွေနဲ့ တစ်ဆက်တည်းကျစွာ ဘူးသီးတောင်မြို့နယ် အတွင်းမှာရှိတဲ့ ကျေးရွာတွေက ဒေသခံ ဘင်္ဂါလီလူမျိုးတွေဟာ စားဝတ်နေရေးနဲ့ ကျန်းမာရေး အခက်အခဲတွေ၊ လုံခြုံရေး အခြေအနေအရ ကျေးရွာမှာနေရတာ လုံခြုံမှုမရှိလို့ ယူဆကြတာရယ်၊ နောက်တစ်ခုက ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ ဘင်္ဂါလီများတွေက ထွက်ခွာလာဖို့ ဆက်သွယ်ခေါ်ယူတာတွေကြောင့် ၎င်းတို့နေထိုင်တဲ့ ကျေးရွာတွေကနေ တစ်ဖက်နိုင်ငံကိုသွားဖို့ စက်တင်ဘာ ၂၆ ရက်မှစတင်ကာ နေရပ်များမှ ထွက်ခွာခဲ့ကြပြီး နှစ်နိုင်ငံ နယ်စပ်အနီးကို စုပြုံရောက်ရှိနေခဲ့ကြပါတယ်။ အစိုးရရဲ့ ထုတ်ပြန်ချက် ကိန်းဂဏန်းအရဆိုရင် ထွက်ခွာဖို့ပြင်နေတဲ့ ဘင်္ဂါလီဦးရေ အရေအတွက် စုစုပေါင်းဟာ ၁၇,ဝ၁၃ ဦးတောင်  ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းသတင်းတွေမှာ ဆိုရင်လည်း ဘင်္ဂါလီတွေကို ပြန်လည် လက်ခံဖို့ အစိုးရအပေါ် နိုင်ငံတကာရဲ့ဖိအားပေးမှုတွေ ဆက်လက်ရှိနေသင့်တယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက အောက်တိုဘာ ၆ ရက်က ပြောကြားခဲ့တဲ့သတင်း တစ်ရပ်ကိုလည်း dhakatribune သတင်းမှာ ဖော်ပြထားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ ဘင်္ဂါလီဒုက္ခသည်ဦးရေ အနေနဲ့ကလည်း ဒီရက်ပိုင်းမှာဆိုရင် ငါးသိန်းကျော် ရှိသွားပြီလို့လည်း ကုလသမဂ္ဂက ပြောကြားထားခဲ့ပြန်ပါတယ်။ ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေဟာ  ဘင်္ဂလားဒေ့ရှ် နယ်စပ်ကကော့ ဘဇားမြို့တစ်ဝိုက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတာဖြစ်ပြီး လက်ရှိမှာတော့ UNHCR နဲ့ နိုင်ငံတကာ အလှူငွေတွေရဲ့ ပေးကမ်းထောက်ပံ့မှုကိုရရှိပြီး စားဝတ်နေရေး အတော် အဆင်ပြေနေကြပုံပေါ်သလို နောက်ဒီထက်ပိုလာရင် တတိယနိုင်ငံကိုတောင် သူတို့ သွားရောက် ခိုလှုံကြရနိုင်တယ်လို့ သူတို့ လက်ခံထားကြပုံပါပဲ။

ထိုထွက်ပြေး ခိုလှုံနေတဲ့ ဘင်္ဂါလီဒုက္ခသည်တွေ အထဲမှာလည်း ARSA အစွန်းရောက် အကြမ်းဖက်သမားတွေလည်း ပါဝင်နေတယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကိုလည်း www.benarnews.org ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတယ်လို့ သတင်းဌာနတစ်ခုကလည်း ရေးသားထားပါတယ်။

ဒါတွေနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Mr. Abdul Hassan Mahmood Ali ရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေအနေနဲ့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ကို အောက်တိုဘာ ၁ ရက်မှ ၃ ရက်အထိ သွားရောက်ခဲ့ပြီး ဒီဒုက္ခသည်တွေအရေး ဆွေးနွေးကြပါသေးတယ်။   ဒီလိုတွေ့ဆုံဆွေးနွေးကြတဲ့အခါမှာ ပြည်ထောင်စုဝန်ကြီးကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ ၁၉ ရက်က ပြောကြားခဲ့တဲ့အတိုင်း မြန်မာနိုင်ငံအနေနဲ့ ဒုက္ခသည်များကို စိစစ်ရန်နဲ့ ပြန်လည် ပို့ဆောင်ရန်ကိစ္စများ ဆောင်ရွက်သွားရန် အသင့်ရှိကြောင်း၊ ဒီလို ဆောင်ရွက်တဲ့နေရာမှာလည်း ၁၉၉၂ ခုနှစ် ဧပြီ ၂၈ ရက်က နှစ်ဖက် နိုင်ငံခြားရေးဝန်ကြီးများက ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်ပါ သတ်မှတ်ချက်များအတိုင်း ၁၉၉၂ ခုနှစ် စက်တင်ဘာမှစ၍ ၂၀ဝ၅ ခုနှစ် ဇူလိုင်အထိ အိမ်ထောင်စု ၄၆,၉၉၃ စုမှ လူဦးရေ ၂၃၆,၄၉၅ ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀ဝ၀ ပြည့်နှစ် ဇန်နဝါရီ ၁၄ ရက်တွင် ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးမှ ရရှိခဲ့တဲ့ နှစ်ဖက် သဘောတူညီချက်များအတိုင်း ကွဲကွာနေသော မိသားစုများနဲ့ ကျန်ရှိနေတဲ့ မိသားစုဝင်များကို ပြန်လည် ပို့ဆောင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရမှ အသိအမှတ်ပြုသော တရားဝင် စာရွက်စာတမ်းများ တင်ပြန်ရန်လိုအပ်ကြောင်း၊ အိမ်နီးချင်း နှစ်နိုင်ငံအကြား ဖြစ်ပေါ်လျက်ရှိတဲ့ ဒီဒုက္ခသည်ဆိုင်ရာ ကိစ္စရပ်တွေကို နှစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားကို ထည့်သွင်း စဉ်းစားကာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းသွားနိုင်မယ်လို့ ခိုင်မာစွာ ယုံကြည်ကြောင်း ပြောကြားခဲ့တာကိုလည်း သတင်းတွေမှာ ဖတ်ကြရမှာပါ။

ARSA အစွန်းရောက် အကြမ်းဖက်သမားတွေ မွှေးတဲ့မီးကြောင့် ပြဿနာတွေ အလွန်များပြားခဲ့ရတဲ့အထဲက အဓိက ပြဿနာဖြစ်တဲ့ ဒီဒုက္ခသည်တွေ အရေးနဲ့ပတ်သက်လို့လည်း ဒီရက်ပိုင်း ဆွစ်ဇာလန်နိုင်ငံမှာ ငါးရက်ကြာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အမှုဆောင်ကော်မတီ အစည်းအဝေးမှာ တက်ရောက်ခဲ့တဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးရဲ့ ခရီးစဉ်အတွင်းမှာလည်း ရခိုင်ပြည်နယ်ဖြစ်စဉ်မှ ခိုင်လုံသော အထောက်အထားများ၊ ရုပ်သံဖိုင်များကို ရှင်းလင်းဖြန့်ဝေခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုရှင်းလင်းတဲ့အခါမှာလည်း ကိုဖီအာနန်ဦးဆောင်တဲ့ အကြံပေးကော်မရှင် ဖွဲ့စည်းခဲ့တာတွေ၊ ARSA အဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် လုံခြုံရေး တပ်ဖွဲ့များက အကြမ်းဖက် နှိမ်နင်းရေး ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်းနဲ့ ဘေးသင့်ပြည်သူများကို ထောက်ပံ့ရေး လုပ်ဆောင်ခဲ့ရခြင်းများကို ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းခဲ့ပါတယ်။ သူက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ၁၉၉၃ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူခဲ့တဲ့ ဒုက္ခသည်များ စိစစ်လက်ခံရေး မူဘောင်အတိုင်းသာ အခြေခံ ဆောင်ရွက်မယ်ဆိုတာကိုလည်း ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန် အစိုးရအနေနဲ့ ဒီဒုက္ခသည်တွေ အရေးအတွက် အခုလို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို စောင့်ရှောက်ထားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကို ကျေးဇူးတင်ကြောင်း၊ အဲဒီဒုက္ခသည်တွေအတွက် သမ္မတထရမ့်အစိုးရက လူသားချင်းစာနာမှုအဖြစ် ဒေါ်လာ ၃၂ သန်း ထောက်ပံ့မှာဖြစ်ကြောင်းနဲ့ အဲဒီငွေတွေထဲက ဒေါ်လာ ၂၈ သန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရရှိမှာဖြစ်ပြီး ကျန်ငွေကို ရခိုင်ပြည်နယ်အတွက် သုံးစွဲဖို့ မြန်မာနိုင်ငံကို ပေးအပ်မှာဖြစ်ကြောင်း သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

နိဂုံးချုပ်အနေနဲ့ ကောက်နုတ်ကြည့်ရင် ARSA အနေနဲ့ မီးစ တစ်ဖက် ရေမှုတ်တစ်ဖက် ပေါ်လစီ သုံးနေတာကို မြင်နိုင်ကြမှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ တစ်ဖက်က ငြိမ်းချမ်းရေးစကားကို လေသံပစ်ပြီး တစ်ဖက်မှာတော့ စစ်ပြင်နေတယ်ဆိုတာ အခုရက်ပိုင်း ပေါ်ထွက်လာနေတဲ့သတင်းတွေက သက်သေခံနေပါတယ်။ ဒါ့အပြင် တစ်ဖက်ကလည်း ဒေသခံ ဘင်္ဂါလီလူမျိုးတွေကို တစ်ဖက်နိုင်ငံကို ပြောင်းရွှေ့ ထွက်ခွာကြဖို့ ဖိအားပေးနေတဲ့ သတင်းတွေလည်း ကြားနေခဲ့ရတာမို့ ဒီအဖွဲ့ရဲ့ခြေလှမ်းဟာ ဘယ်ကိုလှမ်းပြီး ဘယ်အတိုင်းအတာအထိ မှန်းနေသလဲ ဆိုတာကို  ခန့်မှန်းကြည့်ကြရတော့မှာ ဖြစ်ပါတယ်။ အခုဆိုရင်ပဲ သူမွှေးခဲ့တဲ့ မီးတစ်စကြောင့် အစိုးရအနေနဲ့ရော ဒေသခံ လူမျိုးနွယ်စုတွေပါ အသက် အိုးအိမ် စည်းစိမ် အတော်များများ ပျက်စီးဆုံးရှုံးခဲ့ရပြီး ကလေးငယ်တွေရဲ့ ပညာရေးကအစ၊ ပြန်လည် ထူထောင်ရေးကိစ္စတွေအပြင် နိုင်ငံတကာရဲ့ဖိအားကိုပါ ပြန်လည် ဖြေရှင်းနေကြရတဲ့အထိ ကြီးထွားခဲ့တာပါ။ ဒီအတွက် ဒီ ARSA တွေရဲ့ခြေလှမ်းကို ကြိုတင်မှန်းဆလို့ ထိထိရောက်ရောက် အမြစ်ပြတ် ချေမှုန်းပစ်မှသာ အနာဂတ် မောင်တောဒေသဟာ သာယာလှပလာမှာ ဖြစ်ပါကြောင်း ယခုရက်ပိုင်း ပေါ်ထွက်လာတဲ့ သတင်းတွေကို စုစည်းပြီး သုံးသပ်ရေးသားတင်ပြလိုက်ရပါတယ်။ 

အောင်ဇေယျ