POST TYPE

PERSPECTIVE

နယ်စပ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သုံးဘီလီယံကျော်ရှိ
ရန်ကုန်၊ အောက်တိုဘာ ၈

ယခု ၂၀၁၇-၁၈ ဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်နေ့မှ စက်တင်ဘာလကုန်ပိုင်းအထိ နယ်စပ်ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ သုံးဘီလီယံကျော်အထိ ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၃၉၉ ဒသမ ၆၃ သန်းရှိသော်လည်း ယခင်ဘဏ္ဍာနှစ်ကာလတူ ကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၃၄၀၇ ဒသမ ၇၂၇ သန်း အထိရှိခဲ့ပြီး ယခုနှစ် နယ်စပ် ကုန်သွယ်မှုမှာ ယခင်နှစ်ကထက် ဒေါ်လာ ရှစ်သန်းကျော် လျော့ကျခဲ့ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်း ကုန်သွယ်ဖက်နိုင်ငံများဖြစ်သော တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံတို့၏ နယ်စပ်ကုန်သွယ်ရေး စခန်းများ ချင်းရွှေဟော်၊ မြဝတီနှင့် တမူး ကုန်သွယ်ရေး စခန်းများ အပါအဝင် ကုန်သွယ်ရေး စခန်းများမှ ယခုနှစ် ကုန်သွယ်မှုများ လျော့နည်းခဲ့ကြောင်း အဆိုပါဝန်ကြီး ဌာနထံမှ သိရသည်။

အိမ်နီးချင်း နိုင်ငံများနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် မြန်မာနိုင်ငံက လယ်ယာထွက်ကုန်များကို အဓိကတင်ပို့ပြီး တိရစ္ဆာန်ထွက် ပစ္စည်းများ၊ သစ်တောထွက်ကုန်များနှင့် စက်မှုကုန်ချောများ အပါအဝင် အခြားထုတ်ကုန်များ တင်ပို့ကာ အိမ်နီးချင်းနိုင်ငံများမှ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို တင်သွင်းလျက်ရှိသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံနှင့် နယ်စပ် ကုန်သွယ်မှုပြုလုပ်သော အိမ်နီးချင်းနိုင်ငံများ၏ နယ်စပ်များတွင် နယ်စပ် ကုန်သွယ်ရေးစခန်း ၁၆ ခုအထိ ဖွင့်လှစ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

J-01