News

POST TYPE

PERSPECTIVE

ကြိမ်လုံးလိုင်စင် ရုပ်သိမ်းခြင်းနှင့် နှမ်းခိုးစားသော မင်းသား ရီဗျူး
06-Oct-2017 tagged as

ဘောင်းဘီချွတ်ပညာရေး      

လူမှုကွန်ရက်ပေါ်တွင် ပြီးခဲ့သည့်လက မူလတန်းကျောင်းသား ကျောင်းသူတချို့ အောက်ပိုင်းဗလာကျင်း၍ အပြစ်ပေးခဲ့သည့်ပုံ ပျံ့နှံ့ခဲ့သည်။ ထိုသို့ပျံ့နှံ့ခဲ့ပြီး ချက်ချင်းဆိုသလို သက်ဆိုင်ရာ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးတို့နှင့်အတူ လွှတ်တော်မှ ပညာ၊ ကျန်းမာကော်မတီတို့ ပူးပေါင်း၍ အချိန်နှင့် တစ်ပြေးညီ အရေးယူဆောင်ရွက်ခဲ့ကြောင်း ကြားသိရသည်။ သို့ဆိုလျှင် ဆိုခဲ့ပါ အဖြစ်အပျက်နှင့် ပတ်သက်၍ စ၊ လယ်၊ ဆုံး သက်ဆိုင်ရာများမှ အသင့်တော်ဆုံးဖြစ်အောင် အလျင်အမြန် ဆောင်ရွက်ပြီးဖြစ်၍ စာရေးသူအနေနှင့် ထပ်မံဖြည့်စွက် ပြောဆိုရန် မလိုတော့ဟု သဘောထားခဲ့သည်။ ထိုမျှသာမက ပညာရေး ဝန်ကြီးဌာနမှ ထပ်ဆင့် အမိန့်ညွှန်ကြားလွှာ ထုတ်ပြန်၍ ကျောင်းသားကျောင်းသူများအပေါ် ဆုံးမသည့် နည်းလမ်းနှင့် ပတ်သက်၍ ညွှန်ကြားခဲ့သည့်အတွက် ပြည့်စုံရုံမျှမက အတိုင်းအထက်အလွန် ကောင်းမွန်လှသည်ဟုသာ ထင်မှတ်ခဲ့သည်။ သို့သော်….။

ကြိမ်လုံးလိုင်စင် ရုပ်သိမ်းခြင်း

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ နေပြည်တော်၏ ၂၄.၉.၂၀၁၇ ရက်စွဲပါ စာအမှတ် ဌာနခွဲ (၁-က)/၁၈၅၄၁/စီမံ(ညွှန်) ၁၇ အရ ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထိုသို့ ထုတ်ပြန်ခဲ့သော်လည်း ၂၉.၉.၂၀၁၇ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ငါးလူးတုန်းကျေးရွာမှ ၅ တန်း ကျောင်းသားနှစ်ဦးအား ရန်ဖြစ်သည်ဟုဆိုကာ ပြင်းထန်စွာ ရိုက်နှက်ဆုံးမမှု ထပ်မံဖြစ်ပွားခဲ့ပြန်သည်။ ရိုက်နှက်ခြင်းနှင့် ပတ်သက်၍ ယခင်ကာလကတည်းက အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ ထိုညွှန်ကြားချက် ရှိသည့်တိုင် အပြင်းအထန် ရိုက်နှက်သည့် ဖြစ်စဉ်အချို့မှာ မကြာခဏ ပေါ်ပေါက်ခဲ့သည်။ ဖြစ်စဉ်အများစုမှာ ကောင်းမွန်သော စီမံခန့်ခွဲမှုရှိသည့် ကျောင်းအုပ်ကြီးများ၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် ကြည်စေအေးစေဖြစ်ကာ အဆုံးသတ်လေ့ ရှိသည်။ သို့သော် ယခုအခါ လူမှုကွန်ရက် အားကောင်းလာသည့်အပြင်  နိုင်ငံတော်မှ ကလေးသူငယ်အခွင့်အရေးနှင့် ပတ်သက်၍ အရှိန်မြှင့် အရေးယူ ဆောင်ရွက်နေသောကြောင့် မကြားဝံ့မနာသာ ဆုံးမသည့် ဖြစ်စဉ်အချို့မှာ လူသိရှင်ကြား အရေးယူရသည့် အခြေအနေအထိ ဖြစ်လာခဲ့သည်။

နှမ်းခိုးစားသောမင်းသား ရီဗျူး

လူမှုကွန်ရက်တွင်သာမက မီဒီယာအားလုံးတွင် ကလေးသူငယ်များ၏ ပညာရေးတွင် ရိုက်ရေး၊ မရိုက်ရေးနှင့် ပတ်သက်၍ အမြင်အမျိုးမျိုး ပြောဆိုရေးသားလျက် ရှိကြသည်။ လိုအပ်လျှင် ရိုက်နှက်ဆုံးမသင့်သည်ဟု အမြင်ရှိသူများက မင်းတုန်းမင်းနှင့် ငါးခြောက်ပြား ဥပမာ၊ အိုးသည် အိုးကောင်းစေရန် ရိုက်ခတ်သည့်ဥပမာ၊ ဓားကောင်းစေရန် မီးပြင်းတိုက် ပေပေါ်နာနာရိုက်သည့် ဥပမာ စသည်ဖြင့် ကိုးကားကြသည်။ ထိုဥပမာများထဲမှ ရေပန်းအစားဆုံး ဥပမာမှာ နှမ်းခိုးစားသော မင်းသားနှင့် ဒိသာပါမောက္ခဆရာကြီး ပုံပြင်ဖြစ်သည်။ အချို့မှာ ၇ တန်း သင်ရိုးတွင် ပါသော  ထိုပုံပြင်ကို ဖြုတ်ပစ်ရန် လည်းကောင်း၊ ထိုသို့ ဆရာကြီးမှ ရိုက်နှက်လိုက်၍ သူခိုးဓားပြ မဖြစ်ဘဲ ဘုရင်ဖြစ်သည့် အကျိုးကျေးဇူးကြီး ရသွားသည်ဟု၍ လည်းကောင်း သက်သေထူကြသည်။ ထို့ထက် စိုးရိမ်ပူပန်မှု ကြီးမားသော  ဆရာအချို့မှာမူ မရိုက်ရတော့လျှင် ကျောင်းသားများ ဆိုးသွမ်းမိုက်ကမ်း ကုန်ကြတော့မည်ဟု စောဒက တက်လာကြတော့သည်။ ဥပမာပြုရသော် လမ်းဆုံလမ်းခွ ရောက်နေသော ကျောင်းသားလူငယ်များအား အရိုက်ခံ၍ ဘုရင်လုပ်မည့်လမ်း လိုက်မည်လော။ အရိုက်မခံဘဲ လူဆိုးဓားပြလုပ်မည့်လမ်း လိုက်မည်လောဟု ကြားအဖြေမထားသည့် ချဉ်းကပ်နည်းဖြင့် ဘောင်ခတ်စဉ်းစားနေသည်ဟုသာ ထင်မိပါသည်။ 

စာရေးသူ၏ ပုဂ္ဂလိက ထင်မြင်သုံးသပ်ချက်အရ ထိုပုံပြင်ကို သုံးသပ်ရလျှင် နှမ်းခင်းရှင်၊ ဆရာကြီးနှင့် မင်းသား သုံးဦးစလုံးမှာ ပညာဥာဏ် ကြီးမားသူများ ဖြစ်ကြကြောင်း သုံးသပ်မိပါသည်။ ထိုအထဲမှ အမြော်အမြင် အကြီးဆုံးသည် အရိုက်ခံရသည့် မင်းသားကိုယ်တိုင်သာ ဖြစ်သည်။ နှမ်းခင်းရှင်ကိုယ်တိုင် မင်းညီမင်းသားမှန်း သိလျက်နှင့်ပင် နောင်တစ်ချိန်၌ ကောက်ကျစ်စဉ်းလဲမှုကင်းသော ဘုရင်ဖြစ်စေရန် ဆိုသည့် ပြည်သူတစ်ယောက်၏ မျှော်လင့်ချက်ဖြင့် တိုင်ကြားခြင်းဖြစ်သည်ကို ဆရာကြီးရော မင်းသားပါ သဘောပေါက်သည်။ အဘယ့်ကြောင့်ဆိုသော် မင်းသား လက်စားချေသောအခါ နှမ်းခင်းရှင် မပါပေ။ ထို့ပြင် ပဒေသရာဇ်ခေတ်တွင် တစ်နေ့ဘုရင်ဖြစ်မည့် မင်းသားအား အရေးယူရန်ကိစ္စ ဆိုသည်မှာ ကိုယ့်အသက်ကို လောင်းကြေးထပ်ထားရမှန်း ဒိသာပါမောက္ခဆရာကြီး တစ်ယောက်အနေနှင့် တုံးလိမ့်အလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း လူငယ်တို့ဘာဝ အမျက်သိုခြင်း၊ လက်စားခြေခြင်းသဘော ရှိတတ်သဖြင့် ဘုရင်ဆင့်ခေါ်လျှင်ခေါ်ချင်း မသွားဘဲ နောက်ဆုံးသတ်ခဲ့သည်ရှိသော် အိုမင်း၍ သေရန် အဆင်သင့်ဖြစ်သည့် အချိန်မှသာ ဘုရင့်ထံ အခစားဝင် ခြင်းဖြစ်သည်။

အမှန်တကယ် ဆိုရသော် သက်ဦးဆံပိုင်ဘုရင် တစ်ယောက်အနေနှင့် လူတစ်ယောက်ကို သတ်ရန်မှာ ငှက်ပျောသီး အခွံနွှာစားသလောက်ပင် မခက်ချေ။ ဘုရင်ဖြစ်သည့် နေ့တွင်ပင် အကြောင်းပြချက် မလိုဘဲ ချက်ချင်းဖမ်းသတ်နိုင်ပေသည်။ သို့သော် တကယ့်ဆန္ဒမှာ ဆရာကြီးအား စကားအရာဖြင့် အနိုင်ယူ ကျီစယ်လိုသည့် သဘောသာ ဖြစ်မည်။ အချုပ်အားဖြင့် ဆိုရသော် မင်းသားကိုယ်တိုင် ဥာဏ်ပညာ ကြီးမားခြင်း ရေခံမြေခံ ရှိပြီး ဖြစ်သည်။ ထို့ကြောင့် လူအများရှေ့ ရိုက်နှက်ခြင်း မဟုတ်ဘဲ အခြားဆုံးမနည်းကို သုံးလျှင်သော်မှ ဘုရင်အဖြစ်ကို မင်းသား ရရှိမည်သာ ဖြစ်သည်။ ရိုက်နှက်ခြင်းတည်း ဟူသော ဆေးခါးကြီး တစ်ခွက်တည်းကြောင့် ဘုရင်ဖြစ်သည်ဟု စာရေးသူ မထင်ပေ။ ပုံပြင်၏ ဆိုလိုရင်းမှာ ပြည်သူ၊ ပညာရှင်နှင့် အုပ်ချုပ်သူတို့၏ ထက်မြက်သော အမြော်အမြင်ကိုသာ အသားပေး ပြောလိုခြင်း ဖြစ်ပေမည်။

နှမ်းခိုးစားသော မင်းသားနှင့် ယနေ့ခေတ် တည်ဆဲဥပဒေအချို့

ထိုပုံပြင်ကို ဆက်လက်သုံးသပ်ရသော် မင်းသားသည် ခိုးမှုကျူးလွန်ခြင်း ဖြစ်သည်။ ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်သည်။ ယခုခေတ်ကဲ့သို့ အိမ်စာမလုပ်ခဲ့ခြင်း၊ စာမရခြင်း၊ ပြောဆိုမကောင်းခြင်း မဟုတ်ပေ။ ပြစ်ဒဏ်ထိုက်သော အမှုဖြစ်သည်။ သို့သော် အရေးကြီးသည်မှာ မင်းသားကျူးလွန်စဉ်က အသက်အရွယ် ဖြစ်သည်။ အကယ်၍ မင်းသား ခိုးမှုကျူးလွန်စဉ်က အသက်ရွယ်သည် ၇ နှစ် မပြည့်သေးသော ကလေးသူငယ် ဖြစ်ပါက ပြစ်မှုမမြောက်ပေ။ (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၈၂)၊ ကလေးသူငယ် ဥပဒေပုဒ်မ ၂၈ (က) )။ သို့မဟုတ် မင်းသားအသက်သည် ၇ နှစ် အထက် ၁၂ နှစ်အောက်ဖြစ်ကာ အကျိုးအပြစ်ကို သိနားလည်လောက်အောင် အမြော်အမြင်နှင့် မပြည့်စုံသေးဟု ယူဆပါက ပြစ်မှုမြောက်တော့မည် မဟုတ်ချေ။ (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၈၃)၊ ကလေးသူငယ် ဥပဒေပုဒ်မ ၂၈(ခ))။ ထို့ပြင် မင်းသားကျူးလွန်သော ပြစ်မှုသည် ကြီးလေးခြင်းမရှိ၊ မင်းသားငယ်၏ အကျင့်စာရိတ္တမှာလည်း ပျက်ပြားခြင်း မရှိသေးလျှင် ဆိုဆုံးမခြင်းဖြင့် အမှုကိစ္စအား ပြီးပြတ်နိုင်ပေသည်။ (ကလေးသူငယ် ဥပဒေပုဒ်မ (၄၇-က-၁)။ ထိုမျှနှင့်မပြီးဘဲ မရိုက်ရလျှင် ဘောင်းဘီချွတ် အပြစ်ပေးမည် သို့မဟုတ် အခြားအရှက်ရစေမည့်နည်းဖြင့် အပြစ်ပေးမည် ဆိုပါက ဖွဲ့စည်းပုံ (ပုဒ်မ ၄၄) တွင် လူ့သိက္ခာ ညှိုးနွမ်းသေးသိမ်စေသည့် ပြစ်ဒဏ် ပြဋ္ဌာန်းခွင့် မရှိစေရဟု ပြဋ္ဌာန်းထားသည်။ သို့ပါ၍ ဘောင်းဘီချွတ် အပြစ်ပေးခြင်း၊ အရှက်ခွဲခြင်း စသည့် လူ့သိက္ခာ ညှိုးနွမ်းစေသည့် မည်သည့်အပြစ်ပေးသည့် နည်းနာကိုမျှ မကျင့်သုံးရန်ဖြစ်သည်။ စင်စစ် လွန်ခဲ့သော ၁၉၆၆ ခုနှစ်ကတည်းပင် တပည့်မောင်ခွေးအား ၁၅ ချက် ရိုက်နှက်ခဲ့သော ဆရာကြီး ဦးကောင်းဝါကို ထောင်ဒဏ်ငွေဒဏ်များ ချမှတ်ခဲ့သည့် သာဓကရှိပြီး ဖြစ်သည်။

ရိုက်နှက်ခြင်းတာဝန်နှင့် အခွင့်အရေး

အတိတ်ကာလ တစ်လျှောက်လုံး တပည့်များအား စေတနာနှင့် လိမ္မာရေးခြား ရှိစေရန် ဆရာများက တာဝန်အရ ရိုက်နှက်ရသည်ဟု မိဘ၊ ဆရာ၊ ကျောင်းသားများက သဘောထားခဲ့ကြသည်။ ထို့ကြောင့်  ယခုညွှန်ကြားချက်နှင့် စပ်လျဉ်း၍ ရိုက်နှက်ဆုံးမသည့် နည်းနာတစ်ခု ဆုံးရှုံးရပေပြီဟု အချို့က သဘောထား မှတ်ချက်ပြုကြသည်။ ဆက်စပ်၍ မရိုက်နှက်ရတော့လျှင် လျစ်လျူရှုရုံသာ ရှိတော့မည်။ ပြဿနာအဖြစ်မခံတော့၊ မဆုံးမတော့ဟု သဘောထားမှုများလည်း ရှိလာနိုင်သည်။ စင်စစ် ဆရာများ အနေနှင့် ရိုက်နှက်ဆုံးမခွင့် ဆုံးရှုံးခြင်း မဟုတ်ဘဲ တပည့်များအပေါ် မရိုက်နှက်သည့် တာဝန်တစ်ရပ်ကို ဥပဒေနှင့်အညီ ဆောင်ရွက်နေခြင်းသာ ဖြစ်သည်။ ထို့ပြင် အမျိုးသားပညာရေး ရည်မှန်းချက် ဖြစ်သည့် (ပုဒ်မ ၃-ခ) ၌ ပြည်သူ့နီတိ၊ ဒီမိုကရေစီကျင့်စဉ်နှင့် လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများဖြင့် ဥပဒေကို လေးစားလိုက်နာသော နိုင်ငံသားများ ဖြစ်လာစေရေးအတွက် လေ့ကျင့်ပြုစု ပျိုးထောင်ပေးရန် ဖြစ်သည်ဟု ဖော်ပြထားသည်။ထို့ပြင် မိဘများ အနေနှင့်လည်း မိမိတို့ သား၊ သမီးအား ကျောင်းအပ်ရန် တာဝန်ရှိပေသည်။ ကျောင်းသားများ အနေနှင့်လည်း ဆရာ၊ ဆရာမများ၏ သွန်သင်မှုကို ခံယူပြီး ငြိမ်းချမ်းစွာ ပညာသင်ကြားကာ ကျောင်းစည်းကမ်းကို လိုက်နာရပေမည်။ (ကလေးသူငယ် ဥပဒေပုဒ်မ ၃၀-ဂ၊ ၃၀-ဃ)။ ထိုစည်းကမ်းများကို လိုက်နာစောင့်ထိမ်းသည့် အလေ့အထ ရှိစေရန် မိဘဆရာတို့က နည်းပေးလမ်းညွှန်ပြုရပေမည်။ (ကလေးသူငယ် ဥပဒေ ပုဒ်မ ၃၁)။ သို့ဖြစ်ပါ၍ ဆိုဆုံးမမှုကို လျစ်လျူရှုမည်ဟုသော သဘောမထားအပ်ပေ။

ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု အနေနှင့် ဖွံ့ဖြိုးပြီးနိုင်ငံတို့နှင့် နှိုင်းယှဉ်ကာ ပုံသေကားကျ တုပရန်ဟူ၍ စာရေးသူ မိမိအနေနှင့် မခံယူပေ။ လက်တွေ့မြေပြင်အခြေအနေတွင် ရှိသော အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများ၏ ကြုံတွေ့နေရသော အခက်အခဲနှင့် ဆီလျော်စွာ ပညာရှင်များ အကူအညီဖြင့် အခက်အခဲများကို ဝိုင်းဝန်းညှိနှိုင်း တိုင်ပင်အဖြေရှာရမည် ဖြစ်သည်။ သို့တစေ မိဘ၊ ဆရာ၊ ကျောင်းသား သုံးပွင့်ဆိုင် အနေနှင့် မိမိတို့ မြန်မာ့ပညာရေးသည် ကမ္ဘာ့အဆင့် သို့မဟုတ် အရှေ့တောင်အာရှအဆင့်တွင် ပညာရေးဖြင့် ဂုဏ်ယူမော်ကြွားနိုင်သော နိုင်ငံတစ်ခု ဖြစ်အောင် မဆုတ်မနစ် ကြိုးစားမည်ဟု သန္နိဋ္ဌာန်ဖြင့် ကြိုးစားရုန်းကန်ကြမည်ဆိုလျှင် ယခု အငြင်းပွားဖွယ် အရာများသည် ပြောပလောက်သော ပြဿနာများ မဟုတ်တော့ချေ။

ဦးခီ

  • TAGS