News

POST TYPE

PERSPECTIVE

အိန္ဒိယလား တရုတ်လား
06-Oct-2017 tagged as

ပြည်သူ့သမ္မတနိုင်ငံရဲ့ စီးပွားရေး မဟာဗျူဟာကြီး ဖြစ်တဲ့ One Belt One Road ဆိုတာကို ကမ္ဘာက သိအောင် အကြီးအကျယ်ပရိုမိုးရှင်းတွေ လုပ်ခဲ့ပြီးတဲ့နောက်မှာ တစ်ကမ္ဘာလုံးက အိပ်ရာက လန့်နိုးလာကြသလို လှုပ်လှုပ်ရှားရှား ဖြစ်လာပါတယ်။ အထူးသဖြင့် စီးပွားရေးအရ ရည်မှန်းချက် ကြီးကြီးမားမားရှိကြတဲ့ အင်အားကြီးနိုင်ငံများနဲ့ တရုတ်နိုင်ငံကို ကမ္ဘာ့စီးပွားဩဇာရှင်ရာထူး လွှဲအပ်ပေးလိုက်ရတဲ့ အမေရိကန်ပြည်ထောင်စုတို့ အနေနဲ့ အေးအေးလူလူ လမ်းဟောင်းပေါ် လျှောက်နေလို့ မရတော့တဲ့ အနေအထားကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ တရုတ်တို့ရဲ့ ပြိုင်ဆိုင်မှုကို တချို့လေ့လာသုံးသပ်သူများက ဆိုဗီယက်ခေတ်လွန်မှာ နောက်ထပ် အသစ်ဖြစ်ပေါ်လာနေတဲ့ စစ်အေးတိုက်ပွဲ (New Cold War) လေလားလို့ သုံးသပ်လေ့လာနေကြတာလည်း ရှိပါတယ်။ စစ်လက်နက်များ အပြိုင်အဆိုင်တီထွင်တာ တပ်ဆင်တာမျိုး မဟုတ်တော့ပေမယ့် အဆင့်မြင့်လှတဲ့ သံတမန်ရေး နည်းလမ်းများ (Smart diplomatic ways) အသုံးချပြီးတော့ စီးပွားရေးအုပ်စုများ ဖွဲ့စည်းနိုင်ရေး အပြိုင်အဆိုင် ကြိုးပမ်းကြတော့မယ့် ရာစုနှစ်သစ်ထဲကို တဖြည်းဖြည်း ဝင်ရောက်လာခဲ့ပြီလို့ ဆိုရမလားပါပဲ။

အမေရိကန်ပြည်ထောင်စုအနေနဲ့ သူ့ရဲ့ မူလမဟာမိတ်ဖြစ်တဲ့ ဥရောပစက်မှု စီးပွားနိုင်ငံများနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားပြီးတော့ အာရှစိုးမိုးရေး နည်းလမ်းတွေကိုလည်း ကျားကုတ်ကျားခဲ ရှာဖွေနေရပြီ ဖြစ်ပါတယ်။ အိန္ဒိယနဲ့ အမေရိကန် ဆက်ဆံရေးကလည်း စင်းလုံးချော စိတ်ချရတဲ့ အနေအထား မဟုတ်ပါဘူး။ 

ဆက်ဆံရေး အမှောင်နေ့ရက်များ (dark days of relation) ဆိုတဲ့ ခက်ခဲသောကာလများကို ဖြတ်သန်းဖူးတာ ဖြစ်ပြီးတော့ အခုဆိုရင် နှစ်နိုင်ငံ အစိုးရများဟာ ရှေ့လျှောက်ဖြစ်ထွန်းလာမယ့် ကမ္ဘာ့စီးပွားရေး ဖြစ်ထွန်းမှုဖြစ်စဉ်အတွက် အကြောင်းကိစ္စ မြောက်မြားစွာကို ညှိနှိုင်းဆွေးနွေးနေရဆဲကာလ ဖြစ်ပါတယ်။ သမ္မတ အိုဘားမား လက်ထက်မှာ စစ်ရေး ပူးပေါင်းဆောင်ရွက်ရေး ခြေလှမ်းသစ် လှမ်းနိုင်ခဲ့ပေမယ့် ပါကစ္စတန်နဲ့ ဆက်ဆံရေးလို၊ အကြမ်းဖက်တိုက်ဖျက်ရေးလို ကိစ္စရပ်တွေမှာ နှစ်ဖက်ညှိနှိုင်းစရာ အမြောက်အမြား ရှိနေပါသေးတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ အိန္ဒိယနဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးကို အောင်အောင်မြင်မြင် ထိန်းသိမ်းထားနိုင်သေးတယ်လို့တော့ ပြောနိုင်ပါတယ်။ တရုတ်အပေါ် ဟန့်တားထိန်းချုပ်ရေးမူ (Containment Policy) နဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အမေရိကန်ပြည်ထောင်စု အနေနဲ့ အိန္ဒိယ အပါအဝင် အာရှအင်အားများနဲ့ မဖြစ်မနေ ဆက်ဆံရေးကောင်းတွေ ထိန်းသိမ်းထားဖို့နဲ့ ဆက်လက်ထူထောင်ဖို့ရာ ဆောင်ရွက်နေမှာ ကြံစည်နေမှာ မုချပါပဲ။ 

အိန္ဒိယရဲ့ အနာဂတ်သည်လည်း ပွင့်လင်းနေတာပါ။ လျှော့တွက်လို့ မရတဲ့ နိုင်ငံကြီးတစ်ခု ဖြစ်ပါတယ်။ အနာဂတ် စီးပွားအင်အားများလို့ တွက်ချက်ထားတဲ့ (BRICS) (ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက) အထဲ ထိပ်ကပါနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဆူပါပါဝါ ဖြစ်လာတဲ့ တရုတ်နဲ့လည်း မဟာဗျူဟာမြောက် ဆက်ဆံရေးကောင်းကို တည်ဆောက်နေဆဲလည်း ဖြစ်ပါတယ်။ မဟာဗျူဟာနဲ့ စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုများ ရှိသလို စစ်ရေး ပူးတွဲလေ့ကျင့်ဖို့ ရည်ရွယ်ချက်များလည်း ရှိပါတယ်။ တရုတ်ရဲ့ မိတ်ဖက်ဖြစ်တဲ့ ပါကစ္စတန်နိုင်ငံနဲ့ ပတ်သက်လို့ မတင်မကျ သဘောထားတွေ ရှိကြပေမယ့် စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင် ကိစ္စရပ်များမှာတော့  နိုင်ငံပေါင်းစုံနဲ့အတူ ပူးပေါင်းဆောင်ရွက်မှုတွေ တက်တက်ကြွကြွ လုပ်ဆောင်နေကြတာပါ။ 

 နည်းပညာအရ ထိပ်တန်းနိုင်ငံ ဖြစ်သလို စီးပွားရေးအရလည်း တရုတ်နောက်ကနေ ထက်ကြပ်မကွာ လိုက်ပါလာနိုင်တဲ့ နိုင်ငံဖြစ်တယ်ဆိုတာ တွက်ချက်ခန့်မှန်းထားကြတာ ရှိပါတယ်။ သေချာတာကတော့ အိန္ဒိယရော တရုတ်ပါ စီးပွားရေးကို ဦးစားပေးတဲ့ ဒေသတွင်း ဆက်ဆံရေးကောင်းကို အသုံးချပြီးတော့ပဲ ပါဝါပြိုင်ဆိုင်မှုကို အဆင့်မြင့်မြင့် လုပ်ကိုင်ကြပါလိမ့်မယ်။

တရုတ်ရဲ့ The OBOR လို့တွင်တဲ့ စီးပွားရေး မဟာဗျူဟာနဲ့ အိန္ဒိယရဲ့ တန်ပြန်မဟာဗျူဟာတို့ကို ယှဉ်တွဲကြည့်လိုက်ရင် အိန္ဒိယရဲ့ ရည်မှန်းချက်သည်လည်း ပေါ့ပေါ့တန်တန်တော့ မဟုတ်ဘူးဆိုတာ အလွယ်နဲ့ နားလည်နိုင်ပါလိမ့်မယ်။ တရုတ်တို့ရဲ့ ကမ္ဘာတစ်ခွင် စီးပွားလွှမ်းခြုံရေးလမ်းကြောင်းကို အိန္ဒိယက ခါးလယ်လောက်ကနေ ဖြတ်ပြီး အသာစီးရယူဖို့ စီစဉ်နေပါပြီ။ တရုတ်ရဲ့ အားသာချက်ကတော့ လက်ရှိ စီးပွားရေးအရ ဆူပါပါဝါ ဖြစ်နေခြင်း ဖြစ်ပြီး အိန္ဒိယရဲ့ အားသာချက်ကတော့ အထူးသဖြင့် နည်းပညာ အဆင့်မြင့်ခြင်းနဲ့ The OBOR ကို ဖြတ်လမ်းက လိုက်နိုင်ခြင်းတို့ပါပဲ။ ကမ္ဘာမှာ အိန္ဒိယထုတ်ကုန် ပစ္စည်းတွေက တရုတ်ပစ္စည်းတွေထက် ပိုမိုလူကြိုက်များ၊ ယုံကြည်မှု ပိုမိုရရှိနေတဲ့ အားသာချက်ကလည်း ရှိနေပါတယ်။ ဒါကြောင့် တရုတ်တို့အနေနဲ့ ဘယ်လောက်ပဲ ပိုင်ပိုင်နိုင်နိုင် စီမံထားသည်ဖြစ်ပါစေ လွယ်လွယ်နဲ့တော့ ကမ္ဘာ့စီးပွားရေးကို သိမ်းယူလို့ မရနိုင်သေးပါဘူး။ တစ်ဖက်မှာလည်း အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂနိုင်ငံများ၊ အာရှမှာ ဂျပန်နဲ့ တောင်ကိုးရီးယားလို နိုင်ငံများရဲ့ အနိုင်မခံ အရှုံးမပေး ပြိုင်ဆိုင်မှုကို ရင်ဆိုင်ရဖို့ ရှိနေသေးတာပါ။

ဒီတော့ မြန်မာတို့အတွက် အဖြေက အင်မတန်မှ ရှင်းပါတယ်။ ပထဝီနိုင်ငံရေးအရ အင်မတန်မှ မဟာဗျူဟာကျလှတဲ့ အားသာချက်ကို ပိုင်ပိုင်နိုင်နိုင် အသုံးချပြီးတော့ အိန္ဒိယနဲ့တရုတ် နှစ်နိုင်ငံစလုံးနဲ့ စီးပွားရေးအရ အကောင်းဆုံး ဆက်ဆံနိုင်ခဲ့မယ်ဆိုရင် အလျင်အမြန် စီးပွားဖြစ်လာဖို့ ရှိပါတယ်။ နှစ်နိုင်ငံစလုံးကလည်း မြန်မာတို့နဲ့ ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ဖို့ လိုလိုလားလား ရှိနေကြတာပါ။ မြန်မာတို့အတွက် လိုအပ်တာကတော့ ပြတ်သားပြီး အနှစ်သာရ ပြည့်ဝသော နိုင်ငံခြားဆက်ဆံရေးနဲ့ စီးပွားရေး မူဝါဒသာ ဖြစ်ပါတယ်။ 

မူဝါဒကောင်းတွေ ချမှတ်နိုင်ရေးက မြန်မာတို့အတွက် အရေးကြီးတဲ့အချိန်ကို ရောက်နေပါပြီ။ မူဝါဒကောင်းတွေ မရှိရင်တော့ တရိပ်ရိပ်နဲ့ စီးပွားတက်လာတော့မယ့် အင်အားကြီးနိုင်ငံကြီး နှစ်ခုကြားညပ်ပြီး နှစ်ဖက်ညှပ် အမြတ်ထုတ်တာကိုပါ ခံရနိုင်ခြေ ရှိပါတယ်။ မြန်မာတို့အတွက် ကိုယ်နိုင်သူရှုံးအခြေအနေ ဘယ်သောအခါမှ ရှိလာမှာ မဟုတ်ပါ။ အင်အားအရ သေးကွေးလွန်းတာကြောင့် ဖြစ်ပါတယ်။

win-lose ဆိုတဲ့ မူဝါဒမျိုးကလည်း စဉ်းစားကောင်းတဲ့ သဘောတရား မဟုတ်ပါ။ အိန္ဒိယနဲ့တရုတ် နှစ်နိုင်ငံနဲ့ ပိုင်ပိုင်နိုင်နိုင် ဆက်ဆံရေး ထူထောင်နိုင်ရင်တော့ အားလုံးနိုင်ရလဒ် all-win result ကို အကောင်အထည်ဖော်ကြတဲ့နေရာမှာ မြန်မာသည် တန်ဖိုးဖြတ်လို့မရတဲ့ ဂျိုကာ ဖြစ်လာပါလိမ့်မယ်။ 

မင်းနွယ်

  • TAGS