News

POST TYPE

PERSPECTIVE

ပြည်သူထဲမှာ အဖြေရှာ
အဖြေ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က သူ့ရဲ့နိုင်ငံတော် အခြေပြမိန့်ခွန်းထဲမှာ ရခိုင်အကျပ်အတည်းနဲ့ပတ်သက်ပြီး အလွန်မတန် အာရုံစိုက်သင့်တဲ့ အချက်တစ်ချက်ကို မီးမောင်းထိုးပြသွားခဲ့တယ်။ “စက်တင်ဘာ ၂၅ အကြမ်းဖက် တိုက်ခိုက်မှုမှာမပါဘဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ပြေးဝင်ခိုလှုံခြင်းမပြုဘဲ နေမြဲအတိုင်း ကျန်ရစ်နေခဲ့ကြတဲ့ သိန်းချီသော မွတ်ဆလင် လူ့အဖွဲ့အစည်းတွေက ဘာကြောင့် ဒီလို ရပ်တည်ကြသလဲဆိုတာ အဖြေရှာသင့်တယ်”ဆိုတာပါ။ ဒီအချက်ကဖြင့် လက်ရှိ ကြုံတွေ့ရင်ဆိုင်နေရတဲ့ ရခိုင်အကျပ်အတည်း ဘာကြောင့် ဖြစ်လာရသလဲ၊ ဘယ်လို ဖြေရှင်းသင့်သလဲ မေးခွန်းတွေအတွက် အဖြေကောင်းတွေ ထွက်ပေါ်လာနိုင်စရာရှိတဲ့ ကြောင်းကျိုးညီထောက်ပြချက်ပါပဲ။ လတ်တလော အရေးကိစ္စတွေထဲမှာပဲ ဗျာများအချိန်ဖြုန်းမနေကြဘဲ ဒေသခံ ရခိုင်လူထုတွေနဲ့ အတူတကွ သဟဇာတဖြစ်စွာ ငြိမ်းငြိမ်းချမ်းချမ်း အေးအေးဆေးဆေး နေထိုင်နေကြသူ မွတ်စလင် လူ့အဖွဲ့အစည်းတွေရဲ့ အတွင်းသရုပ်နဲ့ ပကတိ အခြေအနေမှန်တွေကို မြန်မြန်မှန်မှန် လေ့လာ အဖြေရှာသင့်ပြီလို့ တိုက်တွန်းချင်တယ်။ 

ငြိမ်းချမ်းစွာ နေလိုသူတွေ ရှိတယ်

အကျော်ဇေယျဖြစ်သွားခဲ့တဲ့ ရခိုင်ဒေသ အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွေထဲမှာ လုံးဝမပါဘဲ အကြမ်းဖက်သမားတွေနဲ့ ကင်းကင်းနေပြီး ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ သဟဇာတဖြစ်စွာ ငြိမ်းငြိမ်းချမ်းချမ်းနေနေကြတဲ့ ရှေ့အနာဂတ်မှာလည်း လက်ရှိ အနေအထားမပျက် နေသွားလိုတဲ့ ဘင်္ဂါလီမွတ်ဆလင် လူ့အသိုင်းအဝိုင်းတစ်ခုက တကယ်ကို ရှိနေပါတယ်။ 

စနစ်တကျ စစ်တမ်းကောက်ရင် သုံးသိန်းနီးပါးလောက်ရှိမယ့် ဒီလူ့အဖွဲ့အစည်းတွေဟာ ဒီအကြမ်းဖက် တိုက်ခိုက်မှု အကျပ်အတည်းထဲမှာ ဒေသခံ တိုင်းရင်းသား လူနည်းစုများလိုပဲ စိုးရိမ်သောကကြီးစွာ အထိတ်ထိတ် အလန့်လန့်နဲ့ ရှေ့ဆက်ပြီး ဘာဖြစ်လာဦးမလဲ၊ ဘာဖြစ်လာဦးမလဲ ချောက်ချောက်ချားချား တည်ဆောက်ရယူထားတဲ့ သူတို့ရဲ့ ဘဝအထိုင် ပြိုပျက်သွားမှာ သူတို့ရဲ့ လူ့အသိုက်အဝန်းကလေး အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားမှာ ထိတ်လန့်နေကြသူတွေပါ။ ယခင်က ဒေသခံရခိုင်တိုင်းရင်းသားတွေနဲ့ ရှိနှင့်ပြီးဆက်ဆံရေးတွေ ကျိုးပဲ့သွားမှာ သူတို့ဘဝ ရပ်တည်မှု အလွန်မတန် ကျပ်တည်း ကျဉ်းမြောင်းလာမှာကို နိစ္စဓူဝ စိုးရိမ်ပူပန်နေကြသူတွေပါ။ သူတို့တွေက ဒေသခံပြည်သူတွေနဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်း နေဖို့ကို လိုလားတယ်။ အနာဂတ်ပျောက်မှာ ကြောက်နေသူတွေပါ။ 

ဒီလိုနေကြတယ်

ဒေသခံ တိုင်းရင်းသားတွေနဲ့ သဟဇာတဖြစ်စွာ ငြိမ်းငြိမ်းချမ်းချမ်း နေနေကြသူ မွတ်ဆလင် လူ့အသိုင်းအဝိုင်းကို ထဲထဲဝင်ဝင် လေ့လာကြည့်တဲ့အခါ တူညီတဲ့အချက်တွေကို တွေ့ရတယ်။ 

(၁) ဒီလူ့အဖွဲ့အစည်းတွေက ၁၉၉၃ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူစာချုပ် မတိုင်ခင်ကနဲ့ အဲဒီစာချုပ်အရ စိစစ်လက်ခံထားသူတွေက အများစုဖြစ်တယ်။ (၂) သူတို့တွေက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်နဲ့ အတန်အသင့် အလှမ်းကွာတဲ့ ဒေသတွေမှာ နေနေကြတယ်။ (၃) လူဦးရေ အချိုးအစားအရ သူတို့ရဲ့အင်အားက တိုင်းရင်းသားတွေထက် ပိုမများဘူး။ တိုင်းရင်းသား လူဦးရေ စုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းထက် မပိုဘူး။ ဒေသခံ တိုင်းရင်းသားတွေဖြစ်တဲ့ မြို၊ ဒိုင်းနက်၊ ခမွီ၊ မရမာကြီးတွေထက် များပေမယ့် ရခိုင်ကို ထည့်ပေါင်းလိုက်ရင် သူတို့က အနည်းစု ဖြစ်သွားတယ်။ (၄) အိမ်ခြေထောင်ချီရှိပြီး စနစ်တကျ လုံလုံခြုံခြုံ တည်ဆောက်ထားတဲ့ ရွာကြီးတွေမှာ ဒေသခံ တိုင်းရင်းသားတွေနဲ့ မရောနှောဘဲ သီးခြား နေထိုင်ကြတယ်။ (၅) သူတို့မှာ လယ်မြေကောင်းတွေ၊ အိမ်ကြီးရခိုင်တွေ ပိုင်ဆိုင်ထားကြပြီး မြစ်နား ချောင်းနားနီးနီး လမ်းပန်းဆက်သွယ်ရေး ကောင်းတဲ့နေရာတွေမှာ ရွာတည်ပြီးနေ ကြတယ်။ (၆) ဒေသနေ တိုင်းရင်းသားတွေနဲ့ အသင့်အမျှ ကူးလူးဆက်ဆံမှု ရှိကြတယ်။ အထူးသဖြင့် ဒေသတွင်းက အလုပ်ကြမ်းလုပ်ရမယ့် လုပ်ငန်းတွေမှာ ကာယလုပ်သားတွေအဖြစ် လုပ်ကိုင် အသက်မွေးခွင့် ရနေကြတယ်။ (၇) ကုလအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ NGO တွေ၊ INGO တွေနဲ့ အထောက်အပံ့ထက် အစိုးရအဖွဲ့အစည်းတွေရဲ့ ပံ့ပိုးကူညီမှုကို အများဆုံး ရယူနေကြရသူတွေ ဖြစ်တယ်။

မြို့၊ ရွာ၊ ဒေသ နေရာသာ ကွဲချင် ကွဲသွားလိမ့်မယ်။ ငြိမ်းချမ်းစွာနေလိုတဲ့ ဒီမွတ်ဆလင် လူ့အဖွဲ့အစည်းတွေရဲ့ ဘုံအမှတ်လက္ခဏာတွေက တူညီနေတာပဲ များတယ်။ 

တိုင်းရင်းသားတို့ လူဦးရေပျံ့နှံ့ပုံ

ရခိုင်ပြည်နယ်မှာနေနေကြတဲ့ တိုင်းရင်းသားတွေက ရခိုင်၊ မရမာကြီး၊ မြို၊ ဒိုင်းနက်၊ သက်၊ ကမန်၊ လင်းကဲ၊ အနူး၊ ရှမ်းဒူး၊ ခေါင်စို၊ ချင်းနဲ့ ဗမာတို့ ဖြစ်တယ်။ ရခိုင်က လူများစုဖြစ်ပြီး ကျန်တိုင်းရင်းသားတွေက လူနည်းစုတွေပဲ။ 

သက်လူမျိုးတွေက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေမှာ အနေများတယ်။ မြိုလူမျိုးတွေက မြို့ဟောင်းမြို့နယ်အကြီး တော်မနဲ့ ရမ်းချောင်းတိုက်နယ်တွေမှာ၊ ကျောက်တော်မြို့နယ်ထဲက သရီ ချောင်း၊ ပီချောင်း၊ ယိုးချောင်းနဲ့ ဘောမိရွာတွေ၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စမ်းပတီချောင်း၊ တောဖျားချောင်း၊ ကြိမ်ချောင်းနဲ့ မောင်းမချောင်းတွေ တစ်ဝိုက်၊ မောင်တောမြို့နယ် အင်တူလာ၊ ဘော်တူလာဒေသတွေနဲ့ ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဒေသတွေမှာ နေကြတယ်။ 

ခမွီလူမျိုးတွေက ကုလားတန်မြစ်ရိုးတစ်လျှောက် ဘယ်ညာမှာ နေကြတယ်။ 

မရမာကြီးလူမျိုးတွေက မြောက်ဦး၊ မင်းပြား၊ ကျောက်တော်ဒေသတွေမှာ အများအပြားနေကြပြီး ပန်းမြောင်း၊ ဖုံသာ၊ ဆင်အိုးနဲ့ ရော်မနီ ရွာကြီးတွေက မရမာကြီးတွေချည်းနေကြတဲ့ ရွာတွေပါ။ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း၊ စစ်တွေ အပါအဝင် ဘင်္ဂလားဒေ့ရှ် နယ်စပ် ကျေးလက် အရပ်တွေမျာလည်း နှံ့နှံ့ပြားပြား ပျံ့နှံ့နေထိုင်ကြတယ်။ 

ဒိုင်းနက်လူမျိုးတွေက စစ်တွေနဲ့မြောက်ဦးမှာ အများဆုံးပဲ။ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ နေထိုင်ကြသလို မြို့ဟောင်း၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များနဲ့ လေးမြို့မြစ် ဝဲယာမှာလည်း နေကြတယ်။ 

အစ္စလာမ်ဘာသာကို ကိုးကွယ်တဲ့ ကမန်တွေက ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာ၊ စစ်တွေမြို့နယ် သင်းကနက်ရွာနဲ့ သံတွဲမြို့တွေမှာ အဓိက နေထိုင်ကြပြီး လင်းကဲလူမျိုးတွေကတော့ စစ်တွေမြို့နယ် လေးမြို့ချောင်းတစ်လျှောက် နေထိုင်ကြတယ်။ 

ရခိုင်စုဝင် လူနည်းစု တိုင်းရင်းသားတွေဖြစ်တဲ့ မရမာကြီး၊ မြို၊ ဒိုင်း နက်၊ ခမွီ၊ သက်၊ ကမန်လူမျိုး အများစုဟာ ကျယ်ပြန့်လှတဲ့ ရခိုင်ပြည်နယ်ကြီးထဲမှာ ရွာငယ်ဇနပုဒ်ကလေးတွေအဖြစ် အနှံ့နှံ့အပြားပြား အခြေချနေထိုင်ခဲ့ရာက ၁၉၄၂-၂၀၁၆ ကာလအတွင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေကို ခိုးဝင် ဘင်္ဂါလီတွေက ထုနဲ့ထည်နဲ့ သိန်းချီ အခြေချလာကြတဲ့အခါ အဲဒီဒေသနေ လူနည်းစု တိုင်းရင်းသားတွေက ဒီမွတ်ဆလင် လူ့အဖွဲ့အစည်းထဲမှာ ညပ်ပြီး ဝိုင်းပတ်ပိတ်ဆို့ခံထားရသလို ဖြစ်သွားတယ်။ အစိုးရက နောက်ဆုံး ထုတ်ပြန်တဲ့ စာရင်းတွေအရ အကြမ်းဖက်ဖြစ်စဉ် ဖြစ်ပွားရာ ဒေသတွေမှာ တိုင်းရင်းသား လူမျိုးတွေက ၃ ရာခိုင်နှုန်းလောက်အထိပဲ ကျန်တော့တယ်။ ၂၇.၉.၂၀၁၇ ရက်နေ့က စစ်တွေမြို့ မရမာကြီးကျောင်းသစ်မှာ ရောက်ရှိနေတဲ့ အကြမ်းဖက်ဒဏ်ခံ မရမာကြီး ခိုလှုံသူများထဲက ကိုလှမြင့်နဲ့ မဧပြီစိုးတို့ကို တွေ့ဆုံမေးမြန်းချက်အရ မောင်တောမြို့နယ် လုံးတုံအုပ်စု ဖိုးကြီးတောင်ကျေးရွာဟာ အိမ်ခြေ ၁၀ဝ၀ ကျော်ရှိတဲ့ ဘင်္ဂါလီရွာကြီးဖြစ်ပြီး မရမာကြီး အိမ်ထောင်စု ၂၀၊ လူဦးရေ ၁၀၄ ယောက်ပဲ ရှိကြောင်း သိရတယ်။ အလားတူပဲ ရခိုင်ရွာတွေ အပါအဝင် တိုင်းရင်းသားရွာတွေဟာ မွတ်ဆလင် လူ့အဖွဲ့အစည်းရဲ့ လူဦးရေ ဖိစီးမှုထဲမှာ ပိတ်မိနေကြပြီး မျက်စိသူငယ် နားသူငယ်နဲ့ နေလာကြရတာပါပဲ။ 

အဲဒီတော့ အခုအကြမ်းဖက်ဖြစ်စဉ်ဖြစ်ပွားရာ ဒေသတွေက မွတ်ဆလင် လူ့အဖွဲ့အစည်းနဲ့ သူ့ဘာသာ အေးအေးချမ်းချမ်းနေနေတဲ့ မြောက် ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်းဘက်က မွတ်ဆလင် လူ့အဖွဲ့အစည်းတို့ရဲ့ ဘဝတည်ဟန်တွေက ပြောင်းပြန်နီးပါးလောက် ခြားနားနေတာကို တွေ့ရမှာဖြစ်တယ်။ ၂၈.၉.၂၀၁၇ ရက်နေ့က မင်းပြားမြို့ကိုရောက်ခိုက် မင်းပြားဒေသခံ မရမာကြီး လူမျိုးဦးလှရွှေရဲ့ ပြောပြချက်အရ မင်းပြားမှာ မွတ်ဆလင်ရွာကြီးတွေ ၁၃ ရွာ၊ လူဦးရေ ၁၃,ဝ၀ဝ လောက်ရှိပေမယ့် ရခိုင်က ၁၀ဝ,ဝ၀ဝ ကျော်၊ မရမာကြီး ၃၀ဝ၀ ကျော်၊ ကျန်တိုင်းရင်းသား ၅၀ဝ၀ ကျော်ရှိတဲ့အတွက် လူဦးရေ အချိုးအဆအရ အသာစီးရနေတဲ့အတွက် အကြမ်းဖက်ဖြစ်စဉ်တွေ မပေါ်ပေါက်ခဲ့ဘူးလို့ သိရပါတယ်။ အကြမ်းဖက်ဒေသက လူတချို့ လှေကြီးတွေနဲ့ လာပြီးဆက်သွယ်တယ်၊ စည်းရုံးတယ်၊ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးဖို့ သွေးဆောင်လှုံ့ဆော်တယ်လို့ သတင်းတွေကြားရပေမယ့် အေးအေးချမ်းချမ်းပဲ။ လက်လုပ်မိုင်းဆွဲတဲ့ဖြစ်စဉ်တစ်ခုတော့ ဖြစ်ခဲ့တယ်။ ဒါလည်း ဒေသခံတွေ မပါဘူးလို့ သိရတယ်။ 

ဆိုတော့ရင် အကြောင်းကြောင်းကြောင့် ရခိုင်ဒေသအတွင်းမှာ ရောက်ရှိ အခြေချနေထိုင်တဲ့ မွတ်ဆလင် အသိုင်းအဝိုင်းတစ်ခုလုံးက ARSA အကြမ်းဖက်သမားတွေနဲ့ အလုံးစုံ ပူးပေါင်းခဲ့ကြတာတော့ မဟုတ်ဘူး။ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ တရားမဝင် ပြောင်းရွှေ့ အခြေချလာ သူတွေကို OIC ကျောထောက်နောက်ခံနဲ့ ARSA အစွန်းရောက်အဖွဲ့က သွေးထိုးစည်းရုံးပြီး နယ်မြေလု စစ်ဆင်ရေးအသွင် ဆောင်ရွက်ခဲ့ကြတာပဲ ဖြစ်တယ်။ အကြမ်းဖက်မှုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားခဲ့ကြရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ လူနည်းစု တိုင်းရင်းသားတွေရဲ့ လူဦးရေပျံ့နှံ့ပုံက သိပ်သိပ်သည်းသည်း မရှိဘဲ တကွဲတပြား တည်ရှိနေခြင်းနဲ့ ဘယ်လိုမှ လုံခြုံမှု အကာအကွယ် မပေးနိုင်ခဲ့တဲ့ မြေပြင် အနေအထားတွေကြောင့်ပဲ ဖြစ်ပါတယ်။ 

တိုင်းရင်းသား လူနည်းစုရဲ့ နောင်ရေး

စစ်တွေမြို့ပေါ်မှာ ဖွင့်လှစ်စောင့်ရှောက်ထားတဲ့ ကူညီစောင့်ရှောက်ရေးစခန်းတွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံမြို့က ကူညီ စောင့်ရှောက်ရေး စခန်းတွေမှာ တိုင်းရင်းသား လူနည်းစုတွေနဲ့ ဟိန္ဒူဘာသာဝင်တွေဟာ သူတို့ တစ်သက်လုံး နေထိုင်ကြီးပြင်းလာခဲ့တဲ့ သူတို့ဇာတိမြေကို ပြန်လည် အခြေချဖို့ကို သောကကြီးစွာ စိုးရိမ်ပူပန်နေကြတယ်။ သူတို့ မပြန်ရဲဘူး။ အများစု ပြန်ဖို့ ငြင်းဆန်ကြတယ်။ နေရေးထက်သေရေးက ပိုလွယ်နေတဲ့ အခြေအနေကြီး လွှမ်းမိုးရာ အဲဒီအရပ်ကို ဘယ်လိုမှ သူတို့ မနေရဲ့ကြတော့ဘူး။ ဘီလူးစီးသလို သရဲမင်းရဲစီး အကြမ်းဖက် လူအုပ်ကြီးရဲ့ အဝိုင်းခံ၊ အနှိပ်စက်ခံခဲ့ရတဲ့ အဲဒီအချိန်မျိုးတွေကို နောက်ထပ် သူတို့ မကြုံတွေ့ချင်တော့ဘူး။ စက်တင်ဘာ ၂၅ ရက် ည ၂ နာရီခွဲမှာ ဝတ်စုံအမည်းဝတ် လူ ၁၀ဝ ကျော်နဲ့ ထောင်ကျော်တဲ့ လူအုပ်ကြီးရဲ့ ဝိုင်းဝန်း ခြိမ်းခြောက်ခြင်း၊ ရန်ပြုခြင်းကို ည ၂ နာရီခွဲကနေ မနက် ၆ နာရီအထိ ခံခဲ့ရပြီး အရှင်လတ်လတ် ငရဲကျခဲ့တဲ့ ကြိမ်ချောင်းရွာသား ကိုမောင်ဖူးရှည်နဲ့ မလှလှဝင်းတို့ကတော့ သူတို့ဇာတိရွာကို လုံးဝ မပြန်တော့ဘူးလို့ အခိုင်အမာ ပြောပါတယ်။ “ဒီလူတွေကို ပြန်လက်ခံတဲ့အခါ ဒီအကြမ်းဖက်သမားတွေ ပြန်ပါမလာဘူးလို့ ဘယ်သူက အာမခံမှာလဲ။ ကျွန်တော်တို့ကို ရန်ပြုခဲ့တဲ့လူတွေ အားလုံးက တစ်သက်လုံး ကျွန်တော်တို့မြင်ခဲ့ဖူးတဲ့ မျက်နှာသိတွေချည်းပဲ။ ဘယ်သူ့ကို ဘယ်လိုယုံရမလဲ”လို့ သူကပြောတယ်။ 

အကြမ်းဖက်ခံဒေသတွေမှာ ပြန်လည် နေရာချထားရေးနဲ့ ထူထောင်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ကြရမယ့် တာဝန်ရှိသူတွေက ဒေသခံလူနည်းစု တိုင်းရင်းသားတွေဆီမှာ စူးစူးနစ်နစ် စိမ့်ဝင်နေတဲ့ အဲဒီ အကြောက်တရားတွေကို အလေးအနက်ထား နားထောင်ဖို့ လိုပါတယ်။ 

စုစည်းရွာတွေ လိုအပ်မလား

အနှံ့နှံ့အပြားပြား ပြန့်ကျဲတည်ရှိနေတဲ့ လူမျိုးတူ၊ ဘာသာတူ၊ ဓလေ့ ထုံးတမ်းတူတဲ့ မြို၊ သက်၊ မရမာကြီး၊ ဒိုင်းနက်၊ ခမွီ၊ လင်ကဲ၊ ကမန် လူနည်းစု တိုင်းရင်းသားတွေကို ရေ၊ မြေ၊ အခြေအနေသင့်ရာ ဒေသမှာ စုစည်းပြီး စံပြကျေးရွာတွေ တည်ထောင်ပေးခြင်းအားဖြင့် တစ်ကျော့ ပြန်ဝင်လာကြမယ့် လူများစု မွတ်ဆလင် လူ့အဖွဲ့အစည်းအပေါ် စိုးရိမ်ပူပန်မှု ပိုကဲနေကြတဲ့ တိုင်းရင်းသား လူနည်းစုတွေရဲ့ သောကကို ဖြေလျှော့ပေးနိုင်မလား၊ အုပ်ချုပ်စီမံရေး လုံခြုံရေး၊ ထောက်ပံ့ရေးတွေ ပိုပြီးလွယ်ကူအဆင်ပြေလာ မလား၊ ပြည်သူ့အသံကို သေသေချာချာ အလေးထားသင့်တယ်။ 

ပြည်သူထဲမှာ အဖြေရှာ 

ဘာပဲဖြစ်ဖြစ် အကြမ်းဖက်ဒေသတွေမှာချည်း အာရုံအလုံးစုံကို ပုံအောနှစ်မြုပ်မထားဘဲ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ထောက်ပြခဲ့တဲ့ ငြိမ်းချမ်းသော မွတ်ဆလင် လူ့အဖွဲ့အစည်းနဲ့ ဒေသခံ တိုင်းရင်းသားတွေရဲ့ သဟဇာတ ဆက်ဆံရေး အခြေအနေ ကောင်းမွန်တဲ့ ဒေသတွေဆီကိုလည်း ထဲထဲဝင်ဝင် ဆန်းစစ်လေ့လာ အဖြေရှာကြည့်သင့်တယ်လို့ မြင်ပါတယ်။ 
အဖြေဟာ ပြည်သူတွေထဲမှာပဲ ရှိပါတယ်။ ပြည်သူနဲ့ လက်ပွန်းတတီး ထိတွေ့ပြီး ပြည်သူထဲမှာပဲ အဖြေကို ရှာဖွေကြသင့်ကြောင်းပါ။

ဇေယျမင်းသျှင် (၃၀.၉.၂၀၁၇)