News

POST TYPE

PERSPECTIVE

အသက်တစ်ချောင်း အပိုဆောင်းပြီးပါလို့လား
05-Oct-2017 tagged as မော်တော်ယာဉ်

သြော် ... ဒါနဲ့စကားမစပ်။ ပြီးခဲ့တဲ့တစ်ပတ်က အားချိန် လေးရတာနဲ့ အညာကိုပြန်ရင်း အမြန်မော်တော်ယာဉ်ပေါ်မှာကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးကို ဖောက်သည်ချချင်လို့ပါ။ အောင်မင်္ဂလာ အဝေးပြေးကွင်းကနေ မနက် ၈ နာရီခွဲမှာ မန္တလာမင်း အမြန်မော်တော်ယာဉ်က ရန်ကုန်-မန္တလေး ခရီးစဉ်ကို စတင် ထွက်ခွာတယ်။ စထွက်ထွက်ချင်းမှာပဲ ခရီးသည် တစ်ဦးချင်း ဆီကို ခါးပတ် ပတ်ထားဖို့နဲ့ နိုင်ငံသား အမှတ်တွေကို ပြောပေးဖို့ မော်တော်ယာဉ်မယ်လေးက တလေးတစားနဲ့ မေတ္တာရပ်ခံ တောင်းဆိုပါတယ်။ ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့ အသက် ၂၀ ကျော် လူငယ်လေးဆီရောက်တော့ နားကလောတဲ့ ဖြေဆိုသံကို ကြားလိုက်ရတယ်။ သူက ခါးပတ် မပတ်နိုင်သလို နိုင်ငံသားအမှတ်ကိုလည်း မပြောပေးနိုင်ဘူးတဲ့လေ။ နိုင်ငံသားအမှတ်ကို ဘာကြောင့် တောင်းတာလဲလို့ သူကတောင် ပြန်မေးနေလိုက်သေးတယ်။ 

ယာဉ်မယ်လေးက မတော်တဆ ထိခိုက်မှု ဖြစ်လာတဲ့အခါ ခါးပတ် ပတ်ထားရင် အထိုက်အလျောက် လုံခြုံမှုရှိနိုင်ကြောင်းနဲ့ နိုင်ငံသား အမှတ်ပေးထားရင် ပစ္စည်းကျန်ခဲ့တဲ့အခါ၊ ထူးခြားဖြစ်စဉ် ရှိခဲ့တဲ့အခါ အထောက်အထား တစ်စုံတစ်ရာ ရနိုင်ကြောင်း ရှင်းပြပေမယ့် လူငယ်က လက်မခံဘဲ ဒုံးပေကတ်သတ် နိုင်လွန်းနေတာကို တွေ့ရတယ်။ ဒါဟာ ခေတ်လူငယ်တွေရဲ့စတိုင်လား၊ အသိဉာဏ်နည်းတာလားလို့ ဆိုရမလောက်ပဲ။ အဲဒီလူငယ်ကိုကြည့်ပြီး ကျွန်တော်ကတော့ အတော့်ကို စိတ်ပျက်သွားတယ်။

နေ့စဉ်ထုတ် သတင်းစာတွေကို ဖတ်ကြည့်လိုက်။ နေ့စဉ်နဲ့အမျှ ယာဉ်မတော်တဆ ထိခိုက်မှုကြောင့် အချိန်မကျသေးဘဲ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာ ရသူတွေက မနည်းပါပေါ့လားလို့ ကြားရသိရတိုင်း စိတ်ဆင်းရဲမိတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ချက်အရ ၂၀၁၁ ကစလို့ ၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုတွေကို သုံးသပ်ကြည့်မယ်ဆိုရင် သေဆုံးသူနဲ့ ဒဏ်ရာရသူ ဦးရေဟာ တစ်နှစ်ထက်တစ်နှစ် တိုးလာတယ်လို့ သိလာရတော့။ စိတ်ကုန်စရာကောင်းပါ့။

၂၀၁၅ ခုနှစ်အတွင်းက တစ်နိုင်ငံလုံးမှာ ယာဉ်မတော်တဆ ဖြစ်ပွားမှု စုစုပေါင်း ၁၅၄၀၆ မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာ အနာတရရသူ ၂၅၆၁၄ ဦး၊ သေဆုံးသူ ၄၂၃၃ ဦးရှိခဲ့တယ်လို့ သက်ဆိုင်ရာက သတင်းထုတ်ပြန်ချက်အရ သိရတယ်။ အဲဒါကြောင့် တစ်ရက်မှာ ယာဉ်မတော်တဆမှု ပျမ်းမျှ ၄၂ မှုလောက်ဖြစ်နေပြီး ၁၂ ဦးလောက် သေဆုံးနေသတဲ့လေ။ 

အဲသလို ယာဉ်မတော်တဆမှုနဲ့ သေဆုံးသူ ဦးရေ ရေချိန်မြင့်တက်လာရခြင်းရဲ့ ခြေခြေမြစ်မြစ် အကြောင်းရင်းကတော့ ယာဉ်မောင်းသူ၊ လမ်းဖြတ်ကူးသူနဲ့ လမ်းသွားလမ်းလာတွေရဲ့ ကြိုတင်ပြင်ဆင် ကာကွယ်မှု လျော့ရဲခြင်းနဲ့ စည်းကမ်းလိုက်နာမှု အားနည်းခြင်းတို့ကြောင့်ပဲ ဖြစ်တယ်။ 

မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ စာရင်း အချက်အလက်တွေအရ ၂၀၁၆ ခုနှစ်မှာ ယာဉ်တိုက်မှုပေါင်း ၁၆၅၆၈ မှု၊ ထိခိုက်မှုပေါင်း ၂၆၃၇၅ မှုနဲ့ သေဆုံးသူဦးရေ ၄၆၈၈ ဦး ရှိခဲ့ကြောင်း သိရတယ်။ ၂၀၁၆ ခုနှစ်အတွင်းမှာ ယာဉ်မတော်တဆမှုကြောင့် နေ့စဉ် လူဦးရေ ၁၂ ဦးခန့် သေဆုံးနေတာကို တွေ့နေရပြန်ရော။ 

၂၀၁၆ ခုနှစ် ဇူလိုင်လကုန်အထိ တစ်ပြည်လုံး အတိုင်းအတာနဲ့ ယာဉ်အစီးရေ ၉၆၀ဝ၀ ကျော်ရှိပြီး အများဆုံးမှာ မော်တော်ဆိုင်ကယ်ဖြစ်ကာ အစီးရေ ၄၈ သိန်းကျော်ရှိတယ်လို့ ဆိုပြန်တယ်။ ဒီပုံစံအတိုင်းဆိုရင် ယာဉ်အစီးရေ တိုးလာတာနဲ့အမျှ ယာဉ်မတော်တဆ ဖြစ်ပွားမှုနှုန်းက တိုက်ရိုက် အချိုးကျနေမှာ အမှန်ပါပဲ။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာပဲ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဩဂုတ်လ ၃၁ ရက်နေ့အထိ ရှစ်လအတွင်း ယာဉ်မတော်တဆမှု ၁၇၈၇ မှု ဖြစ်ပွားခဲ့ပြီး ၄၃၁ ဦးသေဆုံးကာ ၂၂၈၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ဖြစ်စဉ်အများဆုံးမှာ ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့်လို့ ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂)ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံး သတင်းထုတ်ပြန်ချက်အရ သိရပြန်ရော။ ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှု အများဆုံး ဖြစ်ပွားခဲ့တဲ့လကတော့ သင်္ကြန်ကာလဖြစ်ပြီး အပျော်လွန်ကျူးမှုတွေကြောင့်လို့ ဆိုတယ်။ ဧပြီလ တစ်လတည်းမှာပဲ ၆၉ ဦးတောင် သေဆုံးခဲ့တယ်ဆိုပဲ။ ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်က မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ ပြည်လမ်းပေါ်မှာ ဖြစ်ပွားခဲ့တဲ့ YBS ၃၇ ယာဉ်နဲ့ YBS ၅၅ ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိရာက လူ ၁၀ ဦးသေဆုံးကာ ၃၀ ဝန်းကျင် ဒဏ်ရာ အနာတရ ရရှိခဲ့ပြန်တယ်။ (၂၀၁၇ စက်တင်ဘာ ၅ The Voice Daily)

ဒါတင်ကရိုးလား။ ရန်ကုန်-မန္တလေး အမြန်လမ်း တစ်လျှောက်မှာလည်း ဒီနှစ် ဇန်နဝါရီလကနေ ဩဂုတ်လအထိ ယာဉ်မတော်တဆမှု ၃၃၆ ကြိမ် ဖြစ်ပွားကာ ၇၈ ဦး သေဆုံးပြီး အမျိုးသား၊ အမျိုးသမီး ၆၀ဝ လောက် ဒဏ်ရာရရှိခဲ့တယ်။ ဖြစ်ရတဲ့ အကြောင်းတွေက သတ်မှတ်ထားတဲ့ ကီလိုကို ကျော်လွန်မောင်းနှင်ခြင်း၊ ယာဉ်မောင်း ပေါ့လျော့မှုနဲ့ ထိုင်ခုံ ခါးပတ် မပတ်ခြင်းတို့ကြောင့်ပါပဲ။ (၂၀၁၇ စက်တင်ဘာ ၅ The Voice Daily)

၂၀၁၇ ခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လအထိ ရှစ်လတာကာလအတွင်း မြန်မာတစ်နိုင်ငံလုံးမှာ ယာဉ်တိုက်မှု ၁၂၂၅၀၊ ဒဏ်ရာရသူ ၁၉၁၈၇ ဦးနဲ့ သေဆုံးသူ ၃၅၅၆ ဦးရှိရာ ယာဉ်မတော်တဆမှုကြောင့် တစ်ရက်မှာ ၁၄ ဒသမ ၈ ဦးလောက် သေဆုံးနေတယ်လို့ သိရတယ်။ ယာဉ်တိုက်မှုတွေထဲမှာ မော်တော်ဆိုင်ကယ်ကြောင့် ၄၈ ဒသမ ၈၅ ရာခိုင်နုန်းအထိ ဖြစ်နေတာကို တွေ့ရတယ်။ 

ယာဉ်မတော်တဆဖြစ်မှုတွေ တိုးမြင့်လာခြင်းကို ထိန်းချုပ်နိုင်ဖို့ကတော့ ယာဉ်မောင်းသူနဲ့ ခရီးသွား ပြည်သူတွေမှာ တာဝန် အရှိဆုံးဆိုတာ အသေအချာပဲပေါ့။ မလွဲမသွေ လိုက်နာရမယ့် အချက်ကတော့ ယာဉ်အန္တရာယ် ကင်းရှင်းရေး သတိနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို လက်ခံ၊ လိုက်နာ၊ ကျင့်သုံး၊ သွားလာရေးပဲ ဖြစ်တယ်။

ဒီနေ့လိုခေတ်ကြီးမှာ နေရာတိုင်း၊ မြို့တိုင်း ယာဉ်မတော်တဆ ထိခိုက်မှုမျိုးစုံကြောင့် ကိုယ်ခန္ဓာ ချို့ယွင်းသူ၊ အသက်ဆုံးရှုံးသူ၊ ဘဝပျက်ရသူတွေကို နေ့စဉ်လိုလို တွေ့နေရတာပဲ။ သတိတရားကို မျက်ကွယ်ပြုပြီး အသက်ရှည်ရာ အနာမဲ့ကြောင်း နည်းလမ်းကောင်းတွေကို မထီမဲ့မြင်ပြုနေကြတယ်။ ရခဲလှတဲ့ လူ့ဘဝကို တန်ဖိုးမထား။ လွယ်လွယ်ကူကူ ချေဖျက်နေကြလေရဲ့။ 

ယာဉ်မတော်တဆ ထိခိုက်မှုကြောင့် ဆုံးရှုံးရတဲ့ဖြစ်စဉ်တွေက ဖောခြင်း သောခြင်းပါပဲ။ အမျိုးအစားပေါင်းကလည်း စုံလှသကိုး။ မော်တော်ယာဉ် အချင်းချင်း ထိခိုက်မှု၊ မော်တော်ယာဉ်နဲ့ ဆိုင်ကယ်တိုက်မှု၊ ဆိုင်ကယ် အချင်းချင်း တိုက်မှု၊ ဆိုင်ကယ်နဲ့ ထော်လာဂျီတိုက်မှု၊ မော်တော်ယာဉ်နဲ့ လမ်းဘေးသစ်ပင် တိုက်မှု၊ ဘရိတ်ချို့ယွင်းပြီး မော်တော်ယာဉ် တိမ်းမှောက်မှု၊ မော်တော်ယာဉ် ရေမြောင်းထဲ ထိုးကျမှု၊ မော်တော်ယာဉ်နဲ့ ရထားတိုက်မှု၊ အိမ်မွေးတိရစ္ဆာန် ကျွဲ၊ နွား စတာတွေ လမ်းပေါ် ဖြတ်သန်းမှုကြောင့် ယာဉ်နဲ့တိုက်မှု၊ လမ်းလျှောက်သူနဲ့ လမ်းဖြတ်ကူးသူတွေ ယာဉ်နဲ့တိုက်မှု စတာတွေက မကြားချင် မမြင်ချင်မှ အဆုံး။ ဒီလို ဖြစ်ပြီးသားကိစ္စတွေ ထပ်ခါထပ်ခါ ဖြစ်နေရတာဟာ သင်ခန်းစာအဖြစ် မယူကြဘဲ လူတွေက ပေါ့ပေါ့တန်တန် သဘောထားနေကြလို့ပါပဲ။

မိမိယာဉ် မထွက်ခွာမီ အင်ဂျင်၊ ဘရိတ်၊ တာယာနဲ့ လေပေါင်ချိန် စတဲ့ လိုအပ်ချက်တွေကို ယာဉ်မောင်းသူက ကြိုတင်စစ်ဆေးထားသင့်တယ်။ ယာဉ်မောင်းနေစဉ်မှာလည်း “သတိ”ကိုစုစည်းပြီး ရာသီဥတု၊ ယာဉ်အခြေအနေနဲ့ မောင်းနှင်မှုနှုန်းကို ချိန်ဆသင့်တယ်။ ယာဉ်မောင်းနေစဉ်မှာ အိပ်ငိုက်မသွားဖို့၊ ခါးပတ်ပတ်ဖို့၊ လက်ကိုင်ဖုန်းမပြောဖို့၊ အရက် သောက်ပြီး မမောင်းဖို့ သတိထားရပါလိမ့်မယ်။

ခရီးသည်ရရှိဖို့ မော်တော်ယာဉ် အချင်းချင်း အရှိန်ပြင်းစွာ မောင်းနှင်တာ၊ လမ်းလုပြီး မောင်းနှင်တာ၊ အဝိုင်းပတ်လမ်းမှာ ကွေ့ကြောကို ဦးစားမပေးဘဲ မောင်းနှင်တာ၊ ရပ်ချင်တဲ့နေရာမှာ ရပ်တာတွေကို ဆင်ခြင်သင့်တယ်။

ဆိုင်ကယ်စီးရင် မောင်းသူရော နောက်က ထိုင်လိုက်သူပါ ဆိုင်ကယ်စီး ဦးထုပ် ဆောင်းဖို့ လိုအပ်ပါတယ်။ ကားကြိုကားကြားထဲမှာ ဆိုက်ကားနင်းသူနဲ့ စီးသူရော မကြောက်မရွံ့ သွားနေတာကို မြင်ရတာ အသည်း တအေးအေးနဲ့ ရင်တုန်ပန်းတုန် ဖြစ်ရပြန်တယ်။ အနှေးယာဉ်တွေဟာ သူ့လမ်းနဲ့သူ သွားတာပဲ အန္တရာယ် ကင်းပါလိမ့်မယ်။ 

လမ်းသွားလမ်းလာတွေကလည်း အန္တရာယ်ကင်းတဲ့ နေရာတွေကနေ သွားလာသင့်တယ်။ လူကူးကုန်းတံတားတွေက ကျော်ဖြတ်မှု မရှိတာ၊ ယာဉ်တွေနဲ့ မလွတ်တလွတ် ရှောင်တာ၊ အချိန်လုပြီး လမ်းဖြတ်ကူးတာ၊ လက်ကိုင်ဖုန်းပြောပြီး လမ်းလျှောက်တာ၊ နားကြပ်တပ်ပြီး လမ်းဖြတ် ကူးတာ၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းတာတွေဟာ အသက် ဆုံးရှူံးမှုကို တိုးပွားစေတဲ့ အကြောင်းတွေပဲပေါ့။ 

မြန်မာနိုင်ငံ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တွေကလည်း ဖွဲ့စည်းပုံ အင်အားကို တိုးချဲ့ပြီး ယာဉ်မောင်းနဲ့ ခရီးသွားတွေကို ယာဉ်စည်းကမ်းနဲ့ လမ်းစည်းကမ်းတွေ စနစ်တကျ လိုက်နာစေဖို့ ထိန်းသိမ်း၊ ပညာပေး၊ အရေးယူမှုတွေကို ဆောင်ရွက်နေကြတယ်။ 

ယာဉ်အန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှုကို ၂၀၁၆ နိုဝင်ဘာလ ၁၁ ရက်ကနေ ၁၈ ရက်နေ့အထိ သတ်မှတ်လုပ်ဆောင်ခဲ့ရာ တစ်နေ့ကို ခုနစ်နေရာနဲ့ ရန်ကုန်မြို့ ၄၉ နေရာမှာ ဆောင်ရွက်သွားခဲ့တယ်လို့ မြန်မာနိုင်ငံ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့ (MORS)က သတင်းထုတ်ပြန်ခဲ့တယ်။ 

၂၀၁၇ မေ ၅ ရက်မှာ Heineken Myanmar က နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနကို ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းတွေ လှူဒါန်း ပေးအပ်ခဲ့တယ်လို့ သိရတယ်။ အဲဒီအထောက်အကူ ပစ္စည်းတွေ ဘယ်လောက်ပဲ ပြည့်စုံပြည့်စုံ ဘယ်လောက်ပဲကောင်းကောင်း ယာဉ် မတော်တဆ ထိခိုက်မှု လျော့ကျစေနိုင်တဲ့ အချက်ကတော့ ယာဉ်မောင်းသူနဲ့ ခရီးသွားပြည်သူတွေ စည်းကမ်းလိုက်နာမှုအပေါ်မှာပဲ အခရာကျတာပေါ့။

မြန်မာနိုင်ငံ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်း စီမံချက် (၂၀၁၄-၂၀၂၀) အရ ၂၀၂၀ ခုနှစ်မှာ ယာဉ်တိုက်မှုကြောင့် သေဆုံးမှုနှုန်းကို ၅၀ ရာနှုန်းလျှော့ချဖို့ ရည်မှန်း ဆောင်ရွက်နေတာကို သိနေရတယ်။ ရည်မှန်းချက် ပြည့်မီအောင်လည်း အင်မတန်မှ ကြိုးပမ်း ဆောင်ရွက်ကြရဦးမှာပါ။

ဆိုတော့ကာ ဒီမိုကရေစီ အစိုးရသစ်လက်ထက်မှာ ပြည်သူတွေ ယာဉ်မတော်တဆ ထိခိုက်မှု လျော့ပါးစေဖို့ ပြည်သူအားလုံးမှာ တာဝန်ရှိသလို အချိုးကျကျ ဟန်ချက်မပျက် တက်ညီလက်ညီ ဝိုင်းဝန်းပါဝင်ကြမှ ပျော်ရွှင်သာယာအေးချမ်းတဲ့ ခရီးသွားကဏ္ဍကို ထုဆစ်ပုံဖော် တည်ဆောက်နိုင်ပါလိမ့်မယ်။

ဒီလိုမှမဟုတ်ရင်တော့ ယာဉ်မောင်းတွေရော၊ ခရီးသွားတွေရော၊ လမ်းအသုံးပြုသူတွေရော၊ လမ်းဖြတ်ကူးသူတွေရော အသက်တစ်ချောင်း အပိုဆောင်းပြီးပါလို့လားလို့ ကျွန်တော်က မေးလိုကြောင်းပါခင်ဗျား။

ကိုသောင်း (ပညာရေး)