News

POST TYPE

PERSPECTIVE

စိတ်ဓာတ် သိပြီးရင် ဘာဆက်လုပ်မလဲ
03-Oct-2017 tagged as

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ၂၀.၉.၂၀၁၇ ရက်နေ့က ထုတ်ပြန်တဲ့ သတင်းအရ မြန်မာ-ဗြိတိန် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြားမှာ ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး လုပ်ဆောင်တဲ့အနေနဲ့ ဗြိတိန်နိုင်ငံမှာ သင်တန်း တက်ရောက်နေတဲ့ သင်တန်းသား အရာရှိငါးဦးကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်များနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များရဲ့ တောင်းဆိုချက်အရ မြန်မာနိုင်ငံကို ပြန်လည် စေလွှတ်ခဲ့ကြောင်း သိရှိရပါတယ်။ အဲဒါအပြင် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်ရဲ့ စိန့်ဟုခ်ျကောလိပ်မှာ ချိတ်ဆွဲထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရုပ်ပုံကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း စက်တင်ဘာလ ၃၀ ရက်နေ့က ဗြိတိန်နိုင်ငံထုတ် သတင်းစာများမှာ ဖော်ပြခဲ့ကြောင်း သိရှိရပါတယ်။

အောက်စဖို့ဒ် တက္ကသိုလ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး ၁၉၆၇ ခုနှစ်မှာ ဘွဲ့ယူခဲ့တဲ့ တက္ကသိုလ်ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ကလည်း အဲဒီတက္ကသိုလ်က ချီးမြှင့်တဲ့ Honorary Doctor of Civil Law ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို တက်ရောက်ရယူခဲ့ပါသေးတယ်။ တကယ်တော့ ဗြိတိန်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ကို အစဉ်တစိုက် ထောက်ခံ အားပေးခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်က နော်ဝေနိုင်ငံမှာ နိုဘယ်လ် ဆုကို သွားရောက် လက်ခံရယူရင်း ဗြိတိန်နိုင်ငံကို ဝင်ရောက်ခဲ့တုန်းက လန်ဒန်မြို့ ဝက်စ်မင်စတာခန်းမကြီးမှာ လွှတ်တော်နှစ်ရပ်စလုံးကို မိန့်ခွန်း ပြောခွင့်ရခဲ့ပါတယ်။  အဲဒါအပြင် လက်ရှိဝန်ကြီးချုပ်ထရီဇာမေ မတိုင်မီအထိ ဝန်ကြီးချုပ်တွေဟာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ခင်မင်ရင်းနှီးစွာ ဆက်ဆံခဲ့ကြပါတယ်။ ၂၀၁၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် အင်္ဂလန် ကို ရောက်ခဲ့စဉ်က ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနဲ့အတူ သမိုင်းဝင် ဒေါင်းနင်းလမ်း အိမ်အမှတ်(၁၀)ရှေ့မှာ ရိုက်ခဲ့တဲ့ဓာတ်ပုံဟာ ထပ်ဆင့် သမိုင်းဝင်ဓာတ်ပုံ တစ်ပုံဖြစ်ခဲ့သလို ဘတ်ကင်ဟမ်ရှိုင်းယားမှာရှိတဲ့ ချက်ကားစ် ပန်းဥယျာဉ်အတွင်း လမ်းလျှောက်ခဲ့တုန်းက ရိုက်ခဲ့တဲ့ဓာတ်ပုံမှာလည်း နှစ်ယောက်အတူ ဆောင်းခဲ့တဲ့ထီးဟာ ခရိုင်ရိုးတစ်ချောင်း ကျိုးနေတဲ့အတွက် ပြည်တွင်းပြည်ပ သတင်းတွေအကြား ပေါ်လွင် ထင်ရှားခဲ့ပါသေးတယ်။ အဲဒီခရီးစဉ်မှာပဲ ဗြိတိန်အိမ်ရှေ့စံ ဝေလမင်းသား ချားလ်စ်နဲ့ ဇနီးတို့က လှိုက်လှဲပျူငှာစွာ ကြိုဆိုဧည့်ခံကြတဲ့ သတင်းမြင်ကွင်းတွေကိုလည်း ပြန်လည် မြင်ယောင်မိပါတယ်။ 

အခုလို ဗြိတိန်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို အလေးထား ဆက်ဆံကြတဲ့ အကြောင်းတွေကို ပြန်ပြောပြနေရတာကတော့ အင်္ဂလန်နိုင်ငံအနေနဲ့ သူတို့ အလေးထား ဆက်ဆံရသူ တစ်ယောက်ကို အခုလို ပစ်ပစ်ခါခါ ဘာကြောင့် လုပ်ရသလဲဆိုတာကို နားမလည်နိုင်တဲ့အတွက်ပဲ ဖြစ်ပါတယ်။ တစ်ခု ပြောစရာရှိတာက အောက်စဖို့ဒ် တက္ကသိုလ်အနေနဲ့ သူ့တက္ကသိုလ်ဆိုင်ရာ ကိစ္စကို သူတို့ဘာသာ လွတ်လပ်စွာ ဆောင်ရွက်ခြင်း ဖြစ်တယ်၊ အစိုးရနဲ့ မဆိုင်ဘူးလို့ ပြောလို့ရပါတယ်။ ဒါဆိုရင် ကာကွယ်ရေး ဝန်ကြီးဌာနက တပ်မတော် အရာရှိတွေကိုရော ဘာကြောင့် ပြန်လွှတ်ခဲ့ရတာပါလဲ။

သူတို့ရဲ့ စိတ်ဓာတ်

တစ်ချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့ရဲ့ကျောင်းသူဟောင်း တစ်ယောက်ဖြစ်လို့် သူ့ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ဂုဏ် ပြုပြီး ချိတ်ဆွဲခဲ့တာဖြစ်တဲ့အတွက် သူတို့အနေနဲ့ ဖြုတ်ချင်တဲ့အချိန်မှာ ပြန်ပြီးဖြုတ်ချတာပါလို့လည်း ပြောလို့ရပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ သူတို့ တစ်ခုသတိမထားမိတာက ဒေါ်အောင်ဆန်းစုကြည်ဟာ တစ်ချိန်ကလို သူတို့ရဲ့ကျောင်းသူဟောင်းတစ်ယောက်မျှသာမကဘဲ မြန်မာနိုင်ငံရဲ့ အဓိကအရေးပါတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ယောက် ဆိုတာ ပဲ ဖြစ်ပါတယ်။ တကယ်လို့သတိထားမိလျက်နဲ့ တမင်သက်သက် ဒီလို လုပ်တယ်ဆိုရင်တော့ ဒါဟာ ပုဂ္ဂလိက။ပုဂ္ဂိုလ်ရေးသက်သက်သာ သက်ဆိုင်တာမဟုတ်တော့ဘဲ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံ သားများကို စော်ကားလိုက်ခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စဟာ  ဗြိတိန်အစိုးရရဲ့သဘောထား မပါဘူးလို့ပြောလို့မရပါဘူး။ မပြေးသော် လည်း ကန်ရာရှိနေတဲ့အတွက်ဖြစ်ပါတယ်။

ဒီတော့အခုလိုပြုမူဆောင်ရွက်လိုက်တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံအပေါ်ထားတဲ့သဘောထားကို ပြန်လည် သုံးသပ်ဖို့လိုလာပါတယ်။ ငယ်ငယ်တုန်းက ကိုယ်နဲ့ ခင်မင်ရင်းနှီးသူတွေက  ကိုယ့်အပေါ်  စိတ်သဘောထားပြောင်းလဲလာတာကို သိရတဲ့အခါ၊ တခြားသူတွေနဲ့ပေါင်းပြီး ကိုယ့်အကြောင်း မကောင်းပြောတာ၊ ကိုယ့်အပေါ် မကောင်းကြံတာကိုသိရတဲ့အခါ ကျွန်တော်တို့ ပြောလေ့ပြောထ ရှိတဲ့စကားတစ်ခွန်းကတော့ “စိတ်ဓာတ် သိရတာပေါ့”ဆိုတဲ့စကားပဲ ဖြစ်ပါတယ်။ အခုလည်း ကျွန်တော်တို့က “အင်္ဂလိပ်စိတ်ဓာတ် သိရတာပေါ့”လို့ပဲ ပြောလိုက်ချင်ပါတယ်။

မြန်မာ့စိတ်ဓာတ်

ကျွန်တော်တို့ဟာ သူတို့စိတ်ဓာတ်ကို အခုမှ သိရတယ်ဆိုရင် သိပ်ကို ညံ့ကြလို့ပဲဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ဟာ သူတို့စိတ်ဓာတ်ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ဝ နီးပါး (၁၈၂၄ ခုနှစ် မတိုင်မီ)ကတည်းက သိခဲ့ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ပဒေသရာဇ်စနစ်အောက်မှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးတို့ အစစ အရာရာ နောက်ကျနေတဲ့အချိန်၊ နှစ်ပေါင်း များစွာအချိန်ယူ၊ ဉာဏ်နီဉာဏ်နက် အမျိုးမျိုးထုတ်၊ သုံးကြိမ် သုံးခါ (၁၈၂၄၊ ၁၈၅၂၊ ၁၈၈၅) စစ်ပွဲဆင်နွှဲပြီး အကြံကြီးကြီးနဲ့ ဝါးမျိုခဲ့တာကိုကြည့်ရင် သူတို့ရဲ့စိတ်ဓာတ်ဟာ မြန်မာကို ကျွန်ပြု၊ မြန်မာ့ မြေက သယံဇာတတွေကို အမြတ်ထုတ် ကုပ်သွေးစုတ်ဖို့ ရည်ရွယ်ချက်က လွဲလို့ ဘာများရှိဦးမှာလဲ။

ဒါပေမဲ့ သူတို့ အသေအချာ သတိမပြုမိခဲ့တာက မြန်မာတွေရဲ့ သူ့ကျွန်မခံလိုတဲ့ စိတ်ဓာတ်ပါပဲ။ မြန်မာ (တိုင်းရင်းသား အားလုံး) ဟာ လက်နက်၊ လူသူ အင်အားမမျှလို့သာ အားမတန် မာန်လျှော့ခဲ့ရပေမယ့် အချုပ်အခြာ အာဏာကို လက်လွတ် ဆုံးရှုံးခဲ့ရတဲ့ အချိန်ကစပြီး ရရာနည်း လမ်းမျိုးစုံနဲ့ ဆန့်ကျင် တော်လှန်ခဲ့ကြတာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကို လေ့လာဖူးသူတိုင်း သိကြမှာဖြစ်ပါတယ်။ သူတို့ ဘယ်လိုပဲ သွေးခွဲ၊ သွေးခွဲ၊ ပြည်ထောင်စုသားတွေဟာ သွေးမကွဲကြဘဲ တစ်သွေးတည်း တစ်သားတည်း ရှိခဲ့ကြတယ်ဆိုတာ ပင်လုံစာချုပ်က သက်သေပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်တွေဟာ ဘယ်လိုမှ လွှဲရှောင်လို့မရဘဲ လွတ်လပ်ရေးကို မဖြစ်မနေ ပေးခဲ့ရပေမယ့် သူတို့ဟာ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးခဲ့သူအဖြစ် အခွင့်အခါကြုံတိုင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောလေ့ရှိပါတယ်။

ဒီနေရာမှာ အင်္ဂလိပ်တွေ မြန်မာအပေါ်ထားတဲ့ စိတ်ဓာတ်ကို ဥပမာလေး တစ်ခုပေးပြီး ပြောပြချင်ပါတယ်။ လူအများစုဟာ ကိုယ့်အိမ်မှာ အလုပ်သမား လုပ်သွားတဲ့ ကလေးမလေး တစ်ယောက်၊ ကိုယ့်အိမ်ကနေ ဆင်းသွားပြီး ကိုယ်ထူးကိုယ်ချွန် ကြိုးစားလို့ ပညာတတ်ကြီး၊ လုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်သွားတဲ့အခါ မုဒိတာ မပွားနိုင်ကြပါဘူး။ အများရှေ့မှာ ဂုဏ်ပြုချီးမွမ်းခြင်း မလုပ်နိုင်ကြတဲ့အပြင် ကွယ်ရာမှာလည်း ဒီကလေးမလေးက တို့အိမ်မှာ လုပ်သွားတာလေ ဆိုတဲ့အပြောမျိုးနဲ့ သိက္ခာချတတ်ပါတယ်။ ဒီကလေးမလေးကိုလည်း ပညာတတ်တစ်ယောက်၊ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ အသိအမှတ် မပြုနိုင်ဘဲ စိတ်ထဲမှာ အမြဲတမ်း ကိုယ့်ရဲ့ အလုပ်သမား တစ်ယောက်လိုပဲ မြင်နေတတ်ပါတယ်။

အင်္ဂလိပ်တွေဟာလည်း ဒီလိုပါပဲ။ မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်နေပေမယ့် သူတို့ရဲ့စိတ်ထဲမှာတော့ တစ်ချိန်က သူတို့ရဲ့ကျွန်နိုင်ငံတစ်နိုင်ငံအဖြစ်သာ ရှုမြင်နေကြတာ ဖြစ်ပါတယ်။ ဒီလိုပြောရတာကတော့ ဒီကနေ့ သူတို့ရဲ့ ပြုမူဆောင်ရွက်ချက်တွေကိုကြည့်ပြီးတော့ သုံးသပ်ပြောဆိုတာ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ဟာ သူတို့စိတ်ဓာတ်ကို ခန့်မှန်းလို့ရပြီ ဖြစ်ပါတယ်။ တစ်နည်း ပြောရရင် သူတို့ရဲ့စိတ်ဓာတ်ကို သိရပြီဖြစ်ပါတယ်။

စိတ်ဓာတ်သိပြီးရင် ဘာဆက်လုပ်ရမလဲ

ဒီနေ့ သူတို့ရဲ့ ပြုမူ၊ ပြောဆို၊ ဆောင်ရွက်ချက်တွေကြောင့် သူတို့ရဲ့ စိတ်ဓာတ်ဟာ လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှား မြင်တွေ့နေရပြီဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။ ငယ်ငယ်တုန်း သူငယ်ချင်းတွေ ကိုယ့်အပေါ် မကောင်းကြောင်း စိတ်ဓာတ် သိရတဲ့အခါ ပထမအဆင့်အနေနဲ့ မသိမသာ နည်းနည်း ခွာပါတယ်။ အရင်တုန်းကလို လုံးလားထွေးလား ရောရောနှောနှော မနေတော့ပါဘူး။ ကိုယ်ပေါင်း စိတ်ခွာ လုပ်ပါတယ်။ လမ်းမှာတွေ့တဲ့အခါ ခေါ်ပြောနှုတ်ဆက်၊ မိတ်မပျက် ဆက်ဆံပါတယ်။ လူ့လောကမှာတော့ ကျွန်တော်တို့ဟာ မိတ်ဟောင်းပျက်ရင် မိတ်ကောင်း ရှာလေ့ရှိပါတယ်။ တကယ်တော့ မိတ်ကောင်းဆိုတာ ဝေးဝေးမှာ ရှာစရာ မလိုပါဘူး။ ကိုယ်နဲ့ အနီးဆုံးလူဟာ သူ့အကြောင်း၊ ကိုယ့်အကြောင်း၊ တစ်ယောက်အကြောင်း တစ်ယောက် အူမချေးခါးက အစ အကုန်သိသလို နှစ်ပရိစ္ဆေဒ ရှည်လျားစွာ ဆိုးတူကောင်းဖက် ဝေမျှ ခံစားခဲ့ကြတဲ့ မိတ်ဟောင်းဆွေဟောင်း ဖြစ်သလို မိတ်ကောင်းဆွေကောင်းလည်း ဖြစ်ပါတယ်။

မိတ်ဟောင်းဆွေဟောင်းသည် မိတ်ကောင်းဆွေကောင်း

မြန်မာနိုင်ငံထက်စောစွာ နယ်ချဲ့ဗြိတိသျှတို့ရဲ့ ကိုလိုနီလက်အောက်ခံ ဖြစ်ခဲ့ပြီး ရှေ့ဆင့်နောက်ဆင့် လွတ်လပ်ရေး ရခဲ့ကြတဲ့ အိန္ဒိယနိုင်ငံကတော့ “မြန်မာနိုင်ငံနဲ့ စည်းလုံးညီညွတ်မှုကို ပြသတဲ့အနေနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ညီလာခံမှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး အတည်ပြုချမှတ်ခဲ့တဲ့ ကြေညာချက်(အဆိုပြုရည်ညွှန်းချက်) ဟာ မသင့်လျော်ဘူးလို့ ဆိုပြီး ပါဝင်ဖို့် ငြင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် ဘင်္ဂါလီ အကြမ်းဖက်သမားများကို နှိမ်နင်းမှုကြောင့် နိုင်ငံတကာက ဝေဖန်မှုများနဲ့ ရင်ဆိုင်နေရတဲ့ အိမ်နီးချင်းအတွက် ခိုင်မာတဲ့ ထောက်ခံအားပေးမှု သင်္ကေတအနေနဲ့ မြန်မာအစိုးရကို လက်နက်များ ထောက်ပံ့ရန် စဉ်းစားကြောင်း”ဆိုပြီး ရိုက်တာသတင်း တစ်ရပ်က ဖော်ပြထားတဲ့အကြောင်း မြန်မာသတင်းစာ တချို့မှာ ဖတ်ရှုလိုက်ရပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှားနိုင်ငံတို့ကတော့ မြန်မာ့အရေးဟာ ပြည်တွင်းရေးသာဖြစ်ကြောင်း ပြောဆိုခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းအပေါ်မှာ ထောက်ခံခဲ့ကြပါတယ်။ ဂျပန်နိုင်ငံကလည်း အလားတူပါပဲ။ ဩစတြေးလျ နိုင်ငံကတောင် ဒေါ်လာ သုံးသိန်းတန်ဖိုးရှိတဲ့ မြန်မာနိုင်ငံနဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို ဆက်လက်ပြုလုပ်တဲ့အနေနဲ့ မြန်မာ့တပ်မတော်ကို ပရော်ဖက်ရှင်နယ်အဆင့် ဖြစ်စေရန်အတွက် ဆက်လက် လေ့ကျင့်ပေးသွားမယ်လို့ ပြောဆိုသွားပါတယ်။

ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံအပေါ်ကို မလိုလားတဲ့နိုင်ငံတွေ ရှိသလို လိုလားအားပေးတဲ့ နိုင်ငံတွေလည်း ရှိကြပါတယ်။ ဒါပေမဲ့ ကမ္ဘာ့နိုင်ငံရေးမှာ နိုင်ငံတွေဟာ မိမိတို့ရဲ့ အကျိုးစီးပွားရှိမှသာလျှင် အတူတကွ ရပ်တည်ခြင်း၊ အားပေးခြင်း စသည်တို့ ပြုလုပ်လေ့ရှိကြတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ မိမိရဲ့ အကျိုးစီးပွားကိုလည်း မထိခိုက်ရအောင်၊ သူတစ်ပါး အကျိုးစီးပွားကို တမင်သက်သက် ထိခိုက်စေနိုင်တဲ့ အပြုအမူ လုပ်ရပ်မျိုးကိုလည်း မလုပ်မိ မကိုင်မိအောင် သတိကြီးစွာ ထားပြီး နေထိုင်၊ ပြုမူ၊ ဆက်ဆံသွားဖို့ လိုအပ်ပါတယ်။

မိမိအပေါ် မကောင်းခြင်း၊ မိမိနဲ့အတူ မရပ်တည်ခြင်း၊ ၎င်းတို့ရဲ့ ဩဇာခံ ဖြစ်စေလိုခြင်း စတဲ့ စိတ်ဓာတ်မျိုးရှိတဲ့ နိုင်ငံတွေကို သတင်းစကား ပါးချင်တာကတော့ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးဟာ ဘယ်သူ့ကျွန်မှ မဟုတ်တဲ့အကြောင်း၊ ဘယ်သူ့ဩဇာကိုမှ ခံမှာမဟုတ်တဲ့ အကြောင်းနဲ့ နောင်ကိုလည်း ဘယ်သူ့ဩဇာခံမှဖြစ်မှာ မဟုတ်တဲ့အကြောင်းပါပဲ။

သိန်းထက်အောင်

  • TAGS