News

POST TYPE

PERSPECTIVE

မြန်မာပြည် ရင်ဆိုင်နေရတဲ့ စစ်ပွဲပုံစံသစ် သို့မဟုတ် Media Warfare
03-Oct-2017 tagged as ရခိုင်အရေး

မိုက်ခရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ်နဲ့ ဖေ့စ်ဘွတ် လူမှုကွန်ရက် တည်ထောင်သူ မာ့ခ်ဇက်ကာဘတ်တို့က လူတိုင်း မဖြစ်မနေ ဖတ်ထားသင့်တယ်လို့ ညွန်းဆိုထားတဲ့ စာအုပ်တစ်အုပ်ရှိပါ တယ်။ ဒီစာအုပ်ကတော့ စတီဖင်ပင့်ကာရေးသားတဲ့ “The Better Angels of Our Nature: Why Violence Has Declined”ပါ။ စာမျက်နှာ ၈၀ဝ ကျော် အချက်အလက် တပုံတပင်နဲ့ ဟားဗတ်တက္ကသိုလ်က စိတ်ပညာရှင်ကြီးရဲ့ ဒီစာအုပ်ကို စမြင်ခါစက ဖတ်ဖို့ထိတ်လန့်မိတယ်လို့ မာ့ခ်ဇတ်ကာဘတ်က အရွှန်းဖောက် ဝန်ခံဖူးပါတယ်။

၂၀၁၁ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ အဲဒီစာအုပ်က ကမ္ဘာပေါ်က အကြမ်းဖက်မှုတွေက ရေရှည်-ရေတို ပြဿနာ ဟုတ် မဟုတ်ဆိုတာကို အဓိက ထားဆွေးနွေးထားတဲ့စာအုပ် ဖြစ်ပြီးတော့ အကြမ်းဖက်မှုတွေ ဘာကြောင့် ဖြစ်ပွားရတယ်၊ ဘယ်လို ကိုင်တွယ်သင့်တယ် ဆိုတာတွေနဲ့ပတ်သက်ပြီး တိကျတဲ့ အကြံပြု ရှင်းပြချက်တွေကို ဖော်ပြထားပါတယ်။ 

ဒါပေမဲ့ ဒီစာအုပ်ထဲက စတီဗင်ပင့်ကာရဲ့ ရေးသားချက်တွေထဲမှာ မူရင်းစာအုပ်ရဲ့ ပေးချင်တဲ့ အကြောင်းအရာထက် ပိုထင်ရှားတာက သတင်း အချက်အလက် စီးဆင်းမှုကို အသုံးချပြီး လူထုရဲ့ အမြင်အပေါ် လွှမ်းမိုးပုံအကြောင်း ထောက်ပြချက်တွေ ဖြစ်ပါတယ်။ 

လေ့လာချက်တွေအရ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၄ ခုအတွင်း အမေရိကန် ပြည်ထောင်စုမှာ မုဒိမ်းမှုဖြစ်ပွားနှုန်း ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါ တယ်။ ဒါပေမဲ့ လူထုအတွင်းမှာ မြင်နေတဲ့အမြင်ကတော့ ဒီလိုမဟုတ်ပါ ဘူး။ အမေရိကန်နိုင်ငံသားအများစုက သူတို့နိုင်ငံထဲမှာ အကြမ်းဖက်မှု၊ အဓမ္မမုဒိမ်းမှုနဲ့ ရာဇဝတ်မှုတွေ ပိုမို များပြားလာနေတယ်လို့သာ ယူဆသူများ နေခဲ့ပါတယ်။ ဒါဟာ အမြန်နှုန်းမြင့် သတင်း အချက်အလက်တွေရဲ့ ဘေးထွက် ဆိုးကျိုးလို့ သူက တင်ပြပါခဲ့တယ်။ လူတွေဟာ သတင်းတင်ပြချက်တွေကို ဆန်းစစ်ခြင်း မရှိတော့ဘဲ အလိုက်သင့် ယုံစားနေကြတာကြောင့် သတင်းတွေဟာ လူတွေရဲ့စိတ်အာရုံကို လိုသလို ပုံဖော်လှည့်စားနေတယ် ဆိုပါတယ်။

ဒီနေ့ခေတ်မှာ သတင်းမီဒီယာနဲ့ ဆက်သွယ်ရေးစနစ်တွေ တိုးတက်လာတဲ့အခါ လူတိုင်းဟာ သတင်းကို အချိန်နဲ့တစ်ပြေးညီ သိရှိလာနိုင်ကြပါတယ်။ ဒါကြောင့်လည်း အကြမ်းဖက်မှုတွေ၊ ရာဇဝတ်မှုတွေ၊ မုဒိမ်းမှုတွေနဲ့ သက်ဆိုင်တဲ့ သတင်း တင်ပြချက်တွေကို ယခင်ကာလတွေကထက် ပိုမို သိရှိခွင့် ရလာနေပြီးတော့ လူတိုင်းဟာ မကောင်းမှုတွေ ပတ်ပတ်လည် ဝန်းရံ ခံနေရသယောင် ခံစားလာရပါတယ်။ မလုံခြုံတဲ့ ကမ္ဘာကြီး ဆိုးရွားတဲ့ ကမ္ဘာကြီးလို့ ထင်မြင်ယူဆလာပါတယ်။ အကြောင်းအရင်းကတော့ သတင်း အချက်အလက်တွေကို မိနစ် စက္ကန့်မလပ် မြန်မြန်ဆန်ဆန် ရရှိနေပြီးတော့ ရရှိလာတဲ့ သတင်း အချက်အလက်တွေရဲ့ ထက်ဝက်လောက်ကလည်း မမှန်ကန်မှု၊ ဘက်လိုက်မှုနဲ့ ချဲ့ကားမှုတွေ ပါဝင်နေလို့ပါပဲ။ 

လူတိုင်းနီးပါးဟာ ဆိုးရွားရက်စက်တဲ့ သတင်းတွေကြားမှာ အမှန် အမှား ခွဲခြားဖို့ ခက်ခဲလာသလို ဘက်လိုက်မှု မမျှတမှုတွေ ပါဝင်နေတဲ့ သတင်းဖြစ်နေရင်တောင်မှ ဆန်းစစ်နိုင်စွမ်း မရှိတော့ဘဲ အစစ်အမှန်လို့ ယုံကြည်လာကြပါတယ်။ ဒါကြောင့်လည်း သာမန်လူတွေ အနေနဲ့ ဖောင်းပွနေတဲ့ သတင်း ချက်အလက်တွေကို အခြေခံ တွေးခေါ်ကြပြီး အတွေးမှား အယူမှားတွေဖြစ်လာ လက်ခံလာတယ်လို့ ပင့်ကာရဲ့စာအုပ်မှာ ဖော်ပြပါ ရှိပါတယ်။ 

ပင့်ကာရဲ့ သီအိုရီတွေအရ ၂၄ နာရီမပြတ် သတင်းတွေ၊ လူမှုကွန်ရက်တွေကတစ်ဆင့် ပုံကြီးချဲ့ဖော်မှုတွေကြောင့် လူတွေအနေနဲ့ လက်တွေ့ အမှန်တရားထက် တင်ပြသူ၊ ရေးသားသူ စသည်တို့ရဲ့ အာဘော်အတွင်းမှာပဲ ရုန်းထွက်မရ ဖြစ်လာပါတော့တယ်တဲ့။ လူတွေဟာ သတင်းမှားတွေကို အမှန်တရားထက် မြန်မြန်ဆန်ဆန် လက်ခံရရှိနေတာကြောင့် မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်မှားတွေ အပြုအမူမှားတွေကို ပြုမူမိသွားတတ်ကြတာကြောင့်ပဲ ဖြစ်ပါတယ်။

ဥပမာအနေနဲ့ မြန်မာပြည် အနောက်ဘက်ခြမ်း ရခိုင်ဒေသမှာ ဖြစ်ပွားနေတဲ့ နယ်စပ် ပြဿနာနဲ့ ပတ်သက်လို့ နိုင်ငံတကာ သတင်း မီဒီယာတွေရဲ့ တစ်ဖက်သတ်ဆန်ဆန် သတင်းဖော်ပြချက်တွေ မြင်လာရချိန်မှာ ပင့်ကာရဲ့အယူအဆ ဘယ်လောက် မှန်ကန်မှုရှိတယ်ဆိုတာကို မြင်လာပါတယ်။ ကမ္ဘာတစ်ဝန်းလုံးက လူတွေဟာ သူတို့မမြင်ရတဲ့ လက်ရှိ အခြေအနေမှန်ထက် နိုင်ငံတကာ မီဒီယာကြီးတွေရဲ့ သတင်းဖော်ပြချက်တွေကိုသာ တစိုက်မတ်မတ် ယုံကြည်ပြီး မြန်မာပြည်ဟာ ဆိုးရွားလှတဲ့ လူဆိုးကြီး တိုင်းပြည်ကြီးလို့ ရှုမြင်ပါတော့တယ်။

The Global Terrorism Index ရဲ့ ထိပ်ဆုံး ၁၀ နိုင်ငံမှာ အိန္ဒိယနဲ့ ထိုင်းလိုနိုင်ငံတွေ ပါဝင်နေပြီးတော့ မြန်မာပြည်က အဆင့် ၄၁ မှာသာ ရှိပါတယ်။ ဒါဟာ အမေရိကန်၊ ဗြိတိန်၊ ရုရှား၊ တရုတ်တို့ထက် ပိုကောင်းတဲ့ အဆင့် ရပ်တည်မှုဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာကြီးကတော့ မြန်မာကို နီယိုနာဇီတွေလို့ သမုတ်နေကြပြီတော့ ဆီးရီးယားတို့ အာဖဂန် နစ္စတန်တို့နဲ့တန်းတူ အကြမ်းဖက်နိုင်ငံလို့ ထင်မြင်လာနေကြပါတယ်။ 

အနောက်ကမ္ဘာက မီဒီယာတွေဟာ သူတို့ရဲ့ သတင်းကွန်ရက် ကျယ်ပြန့်အားကောင်းမှုကို အသုံးချပြီး ကမ္ဘာကြီး တစ်ခုလုံးကို လိုသလို ပုံသွင်းနေတာဟာ အခုမှ အသစ်အဆန်း မဟုတ်လှပေမယ့် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ကာလအတန်ကြာ အဆက်အသွယ် ပြတ်တောက်နေခဲ့တဲ့ မြန်မာပြည်သူတွေ အတွက်တော့ အဆန်းတကြယ် အံ့အားသင့်ဖွယ် ဖြစ်ခဲ့ရပါတယ်။  အထူးသဖြင့် အမှောင်ခေတ် ကာလတစ်လျှောက် သူတို့ အားကိုး ယုံကြည်ခဲ့တဲ့ မီဒီယာတွေ ကိုယ်တိုင် ဒီဖြစ်ရပ်မှာ ပါဝင်နေတာကို မြင်တွေ့လိုက်ရတာကြောင့်ပါပဲ။ 

အနောက်မီဒီယာတွေရဲ့ သတင်းစစ်ပွဲတွေဟာ ကမ္ဘာကြီးကို ဘယ်လောက် ကိုင်စိုးထားသလဲဆိုရင် အရှေ့အလယ်ပိုင်းနိုင်ငံတွေဟာ အဲ့ဒီမီဒီယာတွေရဲ့ ပုံဖျက်တင်ပြမှုတွေကြောင့် အကြမ်းဖက်သမားတွေသာ ရှိတဲ့နိုင်ငံတွေလို့ တစ်ကမ္ဘာလုံးက ထင်မြင်ခြင်း ခံရပြီးတော့ လူတကာ တံတွေးခွက်မှာ ပက်လက်မျောရရှာပါတယ်။ အခု မြန်မာပြည်ကို ကမ္ဘာမှာ သိက္ခာ ချနေသလို သူတို့ပြုမူခံခဲ့ရတာပါ။ အနုပညာ၊ ယဉ်ကျေးမှု၊ အလှတရား ဘာမှမရှိဘဲ အကြမ်းဖက်မှုပဲရှိတဲ့ ပစ္စန္တရစ်အရပ်လို ပုံသွင်းခံခဲ့ရပါတယ်။ 

အခုဆိုရင် နိုင်ငံတကာ မီဒီယာ စာမျက်နှာတွေမှာ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေဟာ လူမျိုးရေး ခွဲခြားသူတွေ၊ ရက်ရက်စက်စက် လူမျိုးတုံးသတ်ဖြတ်သူတွေ၊ စိတ်ထားမကောင်းသူတွေ၊ ယုတ်မာရိုင်းစိုင်း သူတွေအဖြစ် စတင် ပုံဖော်ခံလာနေရပါတယ်။ 

ရခိုင်ပြဿနာဟာ မြန်မာနိုင်ငံအတွက် နယ်စပ်လုံခြုံရေး ပြဿနာ ဖြစ်နေသလို တခြားတစ်ဖက်မှာလည်း အနောက်ကမ္ဘာနဲ့ တရုတ်တို့အတွက်လည်း ပထဝီနိုင်ငံရေး အကျိုးအမြတ်ဆိုင်ရာ ပြဿနာဖြစ်နေပါတယ်။ ဒါကြောင့်လည်း ရခိုင်ပြဿနာထက် အခြေအနေ ပိုဆိုးတဲ့ကိစ္စတွေကို မျက်ကွယ်ပြုပြီး မြန်မာနိုင်ငံကို သူတို့ရဲ့ မီဒီယာအားနဲ့ ပုံဖျက်နေကြပြန်တာပါ။ ကမ္ဘာ့အလယ်မှာ မွတ်ဆလင်မြင်တာနဲ့ အကြမ်းဖက်သမားတွေလို့ ထင်မှတ်မှား သံသယဝင်စရာ ဖြစ်အောင် လုပ်ခဲ့သလိုမျိုးပါပဲ။  

ဒီနေ့ ရခိုင်ပြဿနာကို ကိုင်တွယ် ဖြေရှင်းရာမှာ အစိုးရအနေနဲ့ ဘက်လိုက်မှု အပြည့်နဲ့ ဖိအားပေးနေတဲ့ နိုင်ငံတကာ မီဒီယာပြဿနာကိုလည်း မျက်ကွယ်ပြုထားလို့ မရပါဘူး။ ဒေသရဲ့ နယ်စပ် ထိန်းချုပ်ရေးနဲ့ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းတွေဟာ အရေးကြီးလှသလို အကဲဆတ်လွန်းလှတဲ့ နိုင်ငံတကာ မီဒီယာပြဿနာကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်ဖို့ လိုအပ်နေပါတယ်။ 

လက်ရှိမှာတင် နိုင်ငံတကာ အလယ်မှာ တိုင်းပြည်ရဲ့ပုံရိပ်ဟာ ကျဆင်းနေပြီးတော့ ခရီးသွားလုပ်ငန်းမှာ ထိခိုက်မှုတွေ ရှိလာဖို့ သေချာသလောက်ပါပဲ။ မကြာသေးခင် ရက်ပိုင်းကတင် ပြည်တွင်းမှာ ကျင်းပမယ့် နိုင်ငံတကာ ဂီတပွဲတော် တစ်ခုမှာ ဖျော်ဖြေဖို့ စီစဉ်ထားတဲ့ နာမည်ကျော် ပြည်ပ အနုပညာရှင်တွေဟာ ဘင်္ဂါလီပြဿနာ အကြောင်းပြချက်နဲ့ မြန်မာပြည်ကိုလာဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ တိုင်းပြည်အနေနဲ့ ပုံရိပ်ကျဆင်းမှုနဲ့အတူ နောက်ထပ် ဒီလိုဖြစ်ရပ်မျိုးတွေ ထပ်မံ ကြုံတွေ့ရဖွယ် ရှိနေပါသေးတယ်။ 

တိုင်းပြည်ရဲ့ ပုံရိပ်ကျဆင်းသွားတဲ့အခါ တိုင်းပြည် သာမက ပြည်သူ ပြည်သားတွေပါ အဘက်ဘက်က နစ်နာရပါလိမ့်မယ်။ လက်ရှိပြဿနာကို ဖြေရှင်းနိုင်စွမ်း အားနည်းနေဦးမယ် ဆိုရင်တော့ အခုကာလမှာ အရှေ့ အလယ်ပိုင်းက ဒေသခံတွေ ကြုံတွေ့နေရသလိုပဲ နောင်တစ်ချိန်မှာ မြန်မာဆိုတာမြင်တိုင်း အကြမ်းဖက်သမားတွေသဖွယ် သံသယအကြည့်နဲ့ အကြည့်ခံရတာမျိုး ဖြစ်လာနိုင်တာမို့ အထူး သတိထားသင့်ပါတယ်။

မောင်မိုးဇွန်