News

POST TYPE

PERSPECTIVE

ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းသင့်တဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်အရေး
02-Oct-2017 tagged as ဘင်္ဂလားဒေ့ရှ်

မောင်တောဒေသတိုက်ခိုက်မှုတွေဖြစ်ခဲ့တာ အခုဆိုရင် တစ်လ ကျော်လို့ တစ်ပတ်တောင်စွန်းလာခဲ့ပါပြီ။ ဖြစ်စဉ်တွေ စတင်ဖြစ်ပွားခဲ့တဲ့ ဩဂုတ်လ ၂၅ ရက်နေ့ကစလို့ သတင်းစာ ဂျာနယ်တွေရဲ့ စာမျက်နှာထက်မှာလည်း ဒီအရေးနဲ့ပတ်သက်တဲ့ သတင်း ဆောင်းပါးတွေ အတော်များများ နေရာယူခဲ့တာကို မြင်ရဖတ်ရမယ် ထင်ပါတယ်။ ပုံနှိပ်မီဒီယာနဲ့ အွန်လိုင်း မီဒီယာတွေအပိုင်းက နေ့စဉ် ဖြစ်ပေါ်နေတဲ့ သတင်းတွေအပေါ် ချက်ချင်းဆိုသလို ဖော်ပြမှုတွေ အားကောင်းလာတာမို့ လူထုအနေနဲ့လည်း အချိန်နဲ့တစ်ပြေးညီဆိုသလို သိခွင့်ရလာခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ နောက်ဆက်တွဲပြဿနာတွေကလည်း အတော်ကြီးထွားခဲ့ပါတယ်။ အစိုးရ အနေနဲ့ ရခိုင်မြောက်ပိုင်း မောင်တောဒေသနယ်စပ်မှာဖြစ်ခဲ့တာမို့ တစ်ဖက် နိုင်ငံအတွင်းကို ထွက်ပြေးခိုလှုံသွားတဲ့ လူတွေအတွက် နှစ်နိုင်ငံပြန်လည် ညှိနှိုင်းဖြေရှင်းပြီး လက်ခံကြရမယ့်ကိစ္စ၊ ဒီအပေါ် နိုင်ငံတကာ မီဒီယာတွေက သာသာထိုးထိုး ဖော်ပြနေကြတာမို့ ကမ္ဘာ့ထိပ်တန်း သတင်းအဖြစ် ရောက်ရှိလာပြီး ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကတောင် လူမျိုးတုံးသတ်ဖြတ်မှု ကိစ္စအဖြစ် ဖိအားပေးပြီး အဓိကအရေးကိစ္စ နေရာမှာထားကာ ဆွေးနွေးနေကြတဲ့ကိစ္စနဲ့ ဒီအပေါ် ပြန်လည် ရင်ဆိုင်ဖြေရှင်းနေရတဲ့ကိစ္စတွေအပြင် ကိုယ့်နိုင်ငံအတွင်းက အတိုက်အခံ အင်အားစုတွေကလည်း ဒီအပေါ် ဝေဖန်ထိုးနှက်မှုတွေကို ရင်ဆိုင်နေကြရတဲ့ကာလလည်း ဖြစ်နေပါတယ်။

ယခုရက်ပိုင်း လူထုအကြားမှာ စိတ်ဝင်တစား စောင့်ကြည့်လာတဲ့ ကိစ္စတစ်ရပ်တည်း ရှိနေခဲ့ပါတယ်။ ဒါကတော့ အစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို ပြန်လည် လက်ခံဖို့ စိစစ်ရေးလုပ်ငန်းစဉ်ကို ဘယ်တော့ စဖြစ်မလဲ ဆိုတဲ့ကိစ္စပါ။ ဒီကိစ္စအပေါ် တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ယခုရက်ပိုင်းမှာ ဂျပန်နိုင်ငံ သတင်းဌာနတစ်ခုက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဆုံပြီး မေးမြန်းခဲ့တဲ့သတင်းလည်း အချိန်ကိုက် ပေါ်ထွက်လာတာကို တွေ့ကြရမယ် ထင်ပါတယ်။ ဒါကြောင့်မို့ ဒီလိုတွေ့ဆုံစဉ် ဖြေကြားခဲ့တဲ့ အကြောင်းအရာတွေကို အများလည်း သိရှိစေလိုတဲ့စိတ်နဲ့ ပြန်လည်ရေးသား တင်ပြသွားဖို့ စိတ်ကူးရလာခဲ့တာပါ။

ဒီဒုက္ခသည်တွေ ပြန်လည် လက်ခံရေးကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကတော့ “အလျင်အမြန် စတင်နိုင်ပါတယ်။ ဒါပေမဲ့ အလျင်အမြန် ပြီးစီးသွားမယ်လို့ဆိုလိုတာ မဟုတ်ဘူး။ မြန်မြန်ဆန်ဆန်နဲ့ ပြီးစီးသွားမယ်လို့ ကျွန်မ ဘယ်တုံးကမှ မပြောခဲ့ဘူး။ ကျွန်မပြောခဲ့တာက ဒီဒုက္ခသည်များ စိစစ်လက်ခံရေးကို အချိန်မရွေး စတင်နိုင်တယ်။ ဘာလို့လဲ ဆိုတော့ ဒါဟာ ကိစ္စရပ်အသစ်တစ်ခု မဟုတ်လို့ပါ။ စိစစ်လက်ခံခြင်း လုပ်ငန်းစဉ်အတွက် စံသတ်မှတ်ချက်တွေကို ၁၉၉၃ ခုနှစ်မှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရကြား သဘောတူထားတာ ရှိပါတယ်။ အဲဒီဟာကို အချိန်မရွေး စတင်နိုင်ပါတယ်။ သို့သော်လည်း ဒီလုပ်ငန်းစဉ်တစ်ခုလုံး အလျင်အမြန် ပြီးမြောက်သွားမယ်လို့ မဆိုလိုဘူး”လို့ ဆိုခဲ့ပါတယ်။

ဒီဒုက္ခသည်တွေကို ပြန်လည် လက်ခံမယ့် ၁၉၉၃ သဘောတူညီချက်အပေါ် ဘယ်လို သဘောထားသလဲဆိုတဲ့ သတင်းဌာနရဲ့အမေးကိုတော့ ဒေါ်အောင်ဆန်းစုကြည်က “ဟုတ်ပါတယ်။ ၁၉၉၃ ဆိုတာ စစ်အစိုးရလက်ထက် ဖြစ်ပါတယ်။ ဒီကိစ္စဟာ အစိုးရရဲ့ကိစ္စသက်သက်သာဖြစ်ပြီး အစိုးရကပဲ ကိုင်တွယ်သွားမှာပါ။ ဒီဟာကို ဘယ်အချိန်မှာ စမလဲဆိုတာကတော့ ကျွန်မတို့အပေါ်မှာ မူတည်သလို ဘင်္ဂလားဒေ့ရှ် အစိုးရအပေါ်မှာလည်း မူတည်ပါတယ်။ သူတို့ဘက်က လုပ်ချင်တဲ့ဆန္ဒ မရှိဘဲနဲ့ ကျွန်မတို့က အဲဒီမှာ ဝင်လုပ်လို့ရတာ မဟုတ်ဘူး။ ကျွန်မတို့ဘက်က ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ အမြဲတမ်း ဆက်သွယ် ပြောဆိုနေတာ ရှိပါတယ်။ တကယ်တမ်း ပြောရရင် ဒီစိစစ်လက်ခံခြင်း ကိစ္စကို နောက်ဆုံးလုပ်ခဲ့တာ ၂၀ဝ၅ ခုနှစ်ကပါ။ ဒီဘက်ကို ပြန်မလာချင်တဲ့ လူတွေရှိတာကြောင့် ရပ်တန့်သွားခဲ့ရတယ်။ ကျွန်မသိရသလောက် ဒီဘက်ကိုပြန်လာတဲ့သူတွေကိုပဲ ပြန်ပို့ရမယ်ဆိုတဲ့အချက်ပါတယ်။ အဲဒီတုန်းက စိစစ်ဖို့ကျန်တာ မိသားစု ၂၀ဝ၀ လောက်ပဲရှိတော့တာ။ ဒီအပြင် လူတွေအားလုံကို လက်ခံပြီးပါပြီ။ ပြော ရမယ်ဆို ၂၀ဝ၅ ခုနှစ်မှာ လုပ်ခဲ့တာ နောက်ဆုံးပါပဲ။ အဲဒီကတည်းက ရပ်တန့်နေတာပါ”လို့ သူမသဘောထားကို ပြန်လည် ဖြေကြားခဲ့ပါတယ်။

ယခု လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံတကာ ဖိအားတွေနဲ့ပတ်သက်လို့ တကယ်တမ်းပြောရရင် ဒါဟာ အမှန်တကယ်တော့ ဘာမှအံ့အားသင့် စရာမရှိဘူး။ နိုင်ငံတစ်ခု၊ အဖွဲ့အစည်းတစ်ခုရဲ့ တွေးမြင်ပုံတွေဆိုတာ အခြေအနေနဲ့ အချိန်အခါ ပေါ်လိုက်ပြီး ပြောင်းလဲတတ်ပါတယ်။ အခြားသော တွေးပုံမြင်ပုံတွေလိုပဲ ကမ္ဘာ့ အတွေးအမြင်ဆိုတာလည်း ပြောင်းလဲတာပါပဲ။ ပြုပြင်ပြောင်းလဲမှုကို ကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံတွေက ပြုပြင်ပြောင်းလဲမှုဆိုတာ မရှိခဲ့ဘူးတဲ့နိုင်ငံတွေထက် အများကြီးပိုပြီး နိုင်ငံအပေါ်ကို နားလည်တာကို တွေ့ရပါတယ်။ ပြည်တွင်းက တုံ့ပြန်မှုတွေနဲ့ပတ်သက်လို့ကတော့ ကျွန်မတို့မှာ အတိုက်အခံ အင်အားစု ရှိပါတယ်။ ဒါဟာ ဒီမို ကရေစီနိုင်ငံတိုင်းမှာ ဖြစ်သင့်တဲ့ကိစ္စပါ။ ကျွန်မတို့ကတော့ တင်းပြည့် ကျပ်ပြည့် ဒီမိုကရေစီ မဟုတ်သေးပါဘူး။ ဝေဖန်မှု၊ ဆွေးနွေးငြင်းခုံမှုတွေအတွက် လမ်းဖွင့်ပေးထားပါတယ်လို့ ပြောခဲ့တာကိုလည်း ဖတ်မိလိုက်ရပါသေးတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ရောက်ရှိနေတဲ့ ဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ အမြန်ဆုံး ပြန်လက်ခံပေးဖို့နဲ့ ၁၉၉၃ ခုနှစ်က သဘောတူခဲ့တဲ့ စာချုပ်ကိုလည်း ယခုအချိန်မှာ ပြန်လည် ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့သလို ကမ္ဘာ့ကုလသမဂ္ဂ အစည်းအဝေးမှာလည်း ဒီအပေါ် တစိုက်မတ်မတ် ပြောကြားခဲ့ပြီး ယခုလက်ရှိဒုက္ခသည်အရေးအတွက် ဝိုင်းဝန်းကူညီကြဖို့ နိုင်ငံတကာကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း အစိုးရအနေနဲ့တော့ ဒီအပေါ် ယခင်ကလည်း လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံနဲ့ သမိုင်းကြောင်းတွေအရ အသေအချာ ပြတ်ပြတ်သားသား စိစစ်လက်ခံသွားမှာတော့ သေချာသလောက်ပါပဲ။ ဘာဖြစ်လို့ ဒီလိုပြောရသလဲဆိုတော့ အမှန်ဆိုရင် ဒီလိုကိုယ့်နိုင်ငံအတွင်းမှာဖြစ်ပွားတဲ့ ပဋိပက္ခတွေကြောင့် အခြားနယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံတွေဆီ ထွက်ပြေးခိုလှုံ သွားကြတဲ့သူတွေကို နှစ်နိုင်ငံအကြား စေ့စပ်ညှိနှိုင်းပြီး ပြန်လည် လက်ခံကြတဲ့ လုပ်ငန်းစဉ်ဟာ အခုဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တစ်ခုတည်းနဲ့တင် လုပ်ဆောင်ခဲ့ဖူးတာမျိုး မဟုတ်ပါဘူး။ ယခင် ၁၉၉၂ ခုနှစ်၊ ၁၉၉၃ ခုနှစ်ကာလဆိုရင် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ လုပ်ခဲ့တဲ့ နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ် Verification Process နည်းတူ ထိုင်းနယ်စပ်မှာလည်း လုပ်ခဲ့ဖူးတဲ့ အစဉ်အလာရှိခဲ့ပါတယ်။ ဒီအတွက်ပဲ ဒီလိုရှိခဲ့ဖူးတဲ့ အတွေ့အကြုံတွေအပေါ် အခြေခံပြီးတော့သာ အစိုးရအနေနဲ့ တစ်ဆင့်ချင်းဆောင်ရွက်သွားလိမ့် မယ်လို့ ပြောရခြင်းဖြစ်ပါတယ်။

အဲ့ဒီတုန်းက ထိုင်းနိုင်ငံနယ်စပ်မှာလည်း လုပ်ခဲ့ဖူးတဲ့အကြောင်းလေးကိုလည်း ဒီနေရာမှာ အလျဉ်းသင့်လို ပြန်လည် ပြောပြချင်ပါသေးတယ်။ ၁၉၈၈ ခုနှစ် ၈ လေးလုံး အရေးအခင်းအပြီး မြန်မာနိုင်ငံအတွင်းမှ နိုင်ငံရေးသမားအများအပြား ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံသွားခဲ့ ဖူးပါတယ်။ အဲ့တုန်းက ထိုထွက်ပြေးခိုလှုံလာတဲ့သူများကို ထိုင်းနိုင်ငံ၊ ပြည်ထဲ ရေးဝန်ကြီးက ယာယီလက်ခံခဲ့ပြီး မြန်မာနိုင်ငံအစိုးရနှင့် ပူးပေါင်းကာ ထိုင်း နယ်စပ်ရှိ ရပ်ပူရီဒေသမှာ  မြန်မာဘက်က ထွက်ပြေးလာသူများအတွက် ကယ်ဆယ်ရေးစခန်း ဖွင့်ထားခဲ့ပါတယ်။ နှစ်နိုင်ငံပူးပေါင်းပြီး ဖွင့်လှစ်ခဲ့တဲ့ ဒီစခန်းကို ဝင်ရောက် လာသူများကို စိစစ်မေးမြန်း လက်ခံကြရာမှာ အဆင့် (၄) ဆင့်ခွဲပြီး ဆောင်ရွက်ခဲ့ကြရတယ်လို့ ဆိုပါတယ်။ အဆင့်တစ်အနေနဲ့ကတော့ ကျောင်းသားများ၊ အဆင့်နှစ်အနေနဲ့ နိုင်ငံရေးသမား(ဘွဲ့ရ)များ၊ နောက်တစ်ဆင့်က သာမန်ပြည်သူ လှုပ်ရှားမှုတွင် ပါဝင်သူများနှင့် နောက်ဆုံးအဆင့်မှာ စီးပွားရေး အခက်အခဲကြောင့် အလုပ်လာလုပ်သူများလို့ အဆင့်ဆင့် ခွဲခြား သတ်မှတ်ခဲ့ကြောင်း လေ့လာခဲ့ရပါတယ်။

ထိုစဉ်ကလည်း ဒီလို ကယ်ဆယ်ရေးစခန်းတွေဖွင့်ဖို့ ကုလသမဂ္ဂက UNHCR နှင့် အနောက်နိုင်ငံများကို ဖိတ်ခေါ်ပြီး အတော်များများ အကျေအလည် ဆွေးနွေးခဲ့ကြကြောင်းနဲ့ ထိုစိစစ်မှုလုပ်ငန်းများကို လုပ်ဆောင်တဲ့နေရာမှာလည်း မြန်မာနိုင်ငံသားအဖြစ် သက်သေ အထောက်အထားပြနိုင်သူများကိုသာ မြန်မာအစိုးရက ပြန်လက်ခံခဲ့ပြီး လေယာဉ်များနဲ့ ပြန်လည် ပို့ဆောင်ပေးခဲ့ဖူးပါတယ်။ တစ်ဖန် မြန်မာနိုင်ငံအတွင်း မပြန်လိုသူများကို UNHCR က အသိအမှတ်ပြုခိုင်းခဲ့ပြီး ၎င်းတို့အားလုံးကို တတိယနိုင်ငံသို့ ထွက်ခွာရန် (သို့မဟုတ်) ပေးပို့ရန် နေရာခွဲပြီး စုစည်းပေးထားကြကာ မှတ်ပုံတင်ခြင်းများ၊ ကတိဝန်ခံချက် ထိုးခြင်းများ ပြုလုပ်ကြရတာ လေ့လာမိပါတယ်။

ကျန်တဲ့အဆင့်များဖြစ်တဲ့ စီးပွားရေး ချို့တဲ့မှုကြောင့် ထွက်ခွာသွားသူများ၊ အစိုးရကို ဆန့်ကျင် တိုက်ခိုက်မှုများတွေမှာ ပါဝင်သူများကိုမူ အနောက်နိုင်ငံများနှင့် UNHCR တို့ရဲ့ရှေ့တွင်ပင် သက်သေများနဲ့စိစစ် ပြီး ပြန်လည်လက်ခံခြင်းမပြုဘဲ ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများ တွင်သာ နေထိုင်စေလျက်ရှိစေခဲ့ပါတယ်။ ထိုသူများကိုလည်း UNHCR နှင့် အနောက်နိုင်ငံတို့ကပင် ထောက်ပံ့ကျွေးမွေးကြရတဲ့ ဖြစ်စဉ်များ ရှိခဲ့ ဖူးတာကို အားလုံးသိကြပြီးဖြစ်မှာပါ။ ပြီးတာနဲ့ သူတို့ကို တတိယနိုင်ငံ များဆီ ခွဲဝေပို့ဆောင်ပေးသွားကြပါတယ်။

ယခုလောလောဆယ် မောင်တောအရေးကိစ္စတွင် ယခုရက်ပိုင်း ရှေ့တန်းရောက်လာသည့်ပြဿနာမှာ ဒုက္ခသည်များ ပြန်လည်လက်ခံရေး ကိစ္စပင်ဖြစ်နေလေရာ အစိုးရအနေနှင့်လည်း ယခုကိစ္စအပေါ် သတိကြီးစွာ ထားပြီး ချင့်ချင့်ချိန်ချိန် ဆောင်ရွက်နေကြရမှာ မလွဲပါဘူး။ ဒီလိုစိစစ် လက်ခံမှုတွေ လုပ်ကြတဲ့နေရာမှာလည်း ကိုယ့်နိုင်ငံ ကိုယ့်အစိုးရ တစ်ခုတည်းရဲ့သဘောထား တစ်ခုတည်းနဲ့တင် လုပ်လို့ရကြတဲ့အရာမျိုး မဟုတ်တာ ဖြစ်တဲ့အတွက် နှစ်နိုင်ငံအကြား စေ့စပ်ညှိနှိုင်းမှုတွေ လုပ်နေကြရသည့်ကာလမှာ ဘယ်အချိန်မှာ ဘာစတင်နိုင်မလဲ ဘယ်လောက် ကြာမလဲဆိုသည်မှာ အစိုးရအနေနဲ့လည်း ပြောဖို့ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။ သည့်အတွက် လူထုအနေနဲ့လည်း အစိုးရအတွင်းမှာ ဖြစ်ပေါ်နေတဲ့စိန်ခေါ်မှု များစွာကို ဖြေရှင်းနိုင်ရေးအတွက်ဆိုလျှင် ကောင်းမွန်သင့်တင့်သည့် အပြုသဘော ဝေဖန်ထောက်ပြမှုမျိုးဖြင့်သာ ရေးသားဖော်ပြ ပြောဆိုသွားကြဖို့လိုလာ နေပါတယ်။

နိဂုံးချုပ်အားဖြင့် အမှန်အတိုင်းမြင်ကြည့်ရရင် အမှန်တကယ် ဆိုရင် ဒီကိစ္စဟာ ကိုယ့်နိုင်ငံအတွင်းမှာတင် ဖြစ်ပွားတဲ့ ပြည်တွင်းရေး ပြဿနာမဟုတ်ခဲ့သလို တစ်ဖက်က အသေအချာ စီမံမှုတွေနဲ့အတူ စနစ်တကျ ထိုးနှက်ဖို့လုပ်လာခဲ့တဲ့ ပြည်ပနဲ့ဆက်စပ်တဲ့ နိုင်ငံတကာ ပြဿနာလည်း ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံ ကိုယ့်ဒေသအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အကျိုးဆက်ဟာ အခြားနယ်စပ်နိုင်ငံတွေဆီကို ကူးစက်သွားတာမို့ International Humanitarian Law နဲ့ International Criminal Law တို့ပါ ပြဋ္ဌာန်းချက်တွေအရ တစ်ဖက်နိုင်ငံတွေကလည်း ဒီအပေါ်နင်းပြီး ကိုယ့်နိုင်ငံအပေါ် ဖိအားပေးလာနေကြတာပဲ ဖြစ်ပါတယ်။ ဒါမို့ ဒီအပေါ်မှာလည်း တစ်ဖက်က ပြည်တွင်း ဥပဒေတွေအရ ဥပဒေဘောင်အတွင်းကသာ ပြန်လည် အရေးယူနေတဲ့ အလုပ်တွေ လုပ်နေရင်း စဉ်းစဉ်းစားစားနဲ့ နိုင်ငံတကာ ဥပဒေတွေနဲ့လည်း ညီအောင် လုပ်ဆောင်နေကြရတာ ဖြစ်ပါတယ်။ ဒါမို့ ဒီအချိန်မှာ ကိုယ့်နိုင်ငံအတွင်းက နိုင်ငံရေး အင်အားစုတွေ၊ ပြည်သူတွေအနေနဲ့ ဒါကို ခွဲခွဲခြားခြား မြင်ကြည့်ပြီး အပြင်ဘက်ကနေ အစိုးရအပေါ် ဝေဖန်ပြောဆိုနေကြတာမျိုး မဟုတ်ဘဲ သင့်တင့်ကောင်းမွန်တဲ့ အကြံဉာဏ်တွေပေးပြီး အားလုံး ပူးပေါင်း တွန်းလှန်ဖြေရှင်းကြမယ့် အချိန်ကာလတစ်ခုကို ရောက်ရှိနေပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။

အောင်ဇေယျ