News

POST TYPE

PERSPECTIVE

အနားတွေ ညီရမယ့် ပညာရေးတြိဂံ
30-Sep-2017 tagged as ပညာရေး

ပညာရေးလောကကို ၁၉၇၂ ခုနှစ်က ရောက်ခဲ့တာပါ။ မူလ တန်းပြရာထူး၊ မူလတန်းကျောင်းအုပ်၊ ပြီး အလယ် တန်းပြ။ ၁၉၇၂ ခုနှစ်မှာြ.နိ  ပြီးတော့ အထက်တန်းပြ။ ဆိုရရင် ပညာရေးလောကမှာ နှစ်ပေါင်း ၃၀ နီးပါး အမှုထမ်းပြီးမှ ပင်စင်တင်လိုက်တာ။ အမှန်အတိုင်းပြောရရင် ကလေးတွေငယ်တုန်းက ကြံဖန်ပြီး လောက်ငအောင် ချွေတာစားလို့ရပေမယ့် ကလေးတွေ အတန်း ကြီးလာတာနဲ့ ရတဲ့လစာဟာ ဘယ်လိုမှ မလောက်နိုင်တော့ဘူး။ အပြင် ကျူရှင်မသင်ရင် မရတော့ဘူး။ ဝန်ထမ်းဘဝနှင့် စည်းကမ်းမဖောက် ချင်ဘူး။ ဒီတော့ လွတ်လွတ်လပ်လပ်ဖြစ်သွားအောင် ထွက်လိုက်ရတာပေါ့။ ဒါ့ကြောင့် အစိုးရအလုပ်ကနေ ပင်စင်တင်လိုက်ရပေမယ့် မိသားစုအရေးမို့ ဒီနေ့အထိ သက်တမ်း တိုးထားရတာဆိုပါတော့ မနားရသေးပါဘူးဗျာ။

ဆိုချင်တာက ပညာ သင်ကြားလာခဲ့ရတဲ့ ဘဝတစ်လျှောက်မှာ အခုကုန်လွန်ခဲ့တဲ့ ၃-၄ နှစ်အတွင်း သိသာလာတဲ့ အချက်တွေရှိတယ်။ အဲဒါကတော့ ကလေးတွေရဲ့ ပညာ အရည်အသွေး ပိုပြီးညံ့ဖျင်းလာသလို ကလေးတွေရဲ့ စည်းကမ်းလိုက်နာမှု၊ ရိုသေကိုင်းရှိုင်းမှုတွေ ပြောရရင် ဂါရဝ နိဝါတ တရားတွေ အတော့်ကို လျော့နည်းလာတယ် ဆိုတာပဲ။ ဒီမတိုင်ခင် စာရေးသူတို့ ဆရာသက်တမ်း နှစ်ပေါင်း ၄၀ လောက်အတွင်းအထိ ဆရာတပည့် ဆက်ဆံရေး၊ မိဘဆရာ ဆက်ဆံရေးတွေဟာ ကောင်းခဲ့တာပါ။ မိဘဆရာ ပူးပေါင်း ကလေးပညာ ကောင်းဆိုတဲ့ ဆောင်းပုဒ်ကလည်း လုံးဝအသက် ဝင်နေခဲ့တာပါ။ (အတိုင်းအတာ တစ်ခုထိပေါ့)

ဟောဗျာ ဒီဘက် ၃-၄ နှစ်အတွင်းမှာ အခြေအနေတွေက အပြောင်းအလဲကြီး ပြောင်းလဲသွားတယ်။ အခြေခံ ပညာရေးစနစ်ကိုကြည့်ရင် အစိုးရကျောင်းနဲ့ ကိုယ်ပိုင်ကျောင်းတွေရဲ့ အနေအထားကို သိလာရတယ်။ အစိုးရ ကျောင်းနေသူတွေနဲ့ ကိုယ်ပိုင် ကျောင်းနေသူတွေဆိုပြီး ကွဲကွဲပြားပြား ဖြစ်လာတယ်။ တစ်ခါ ခေတ်မီနည်းပညာတွေ တိုးတက်လာလို့ လူတိုင်းနီးပါး ဖုန်းကိုင်နိုင်တဲ့အပြင် မိဘတွေရဲ့ အလိုလိုက်မှုကြောင့် ဟိုး ... ပီစိကွေးအတန်းလေးတွေကစပြီး ဖုန်းကိုင်လာကြပါတယ်။ ဖုန်းထဲပါတဲ့ဂိမ်းတွေ ကစားတတ်ပါတယ်။ လေး ငါး ခြောက်တန်း ရောက်ပြီဆိုရင် ဖုန်းတစ်လုံးကို ကောင်းကောင်း အသုံးချနိုင်နေပြီ။ ကျောင်းသား၊ ကျောင်းသူအရွယ်နဲ့ မသင့်တော်တဲ့ ဗီဒီယိုဖိုင်တွေ ကြည့်တတ်လာတယ်။ မက်ဆေ့ ပို့တတ်တယ်။ ဗိုက်ဗာ သုံးတတ်လာတယ်။ အတုမြင် အတတ်သင် လွယ်တဲ့အချိန်မို့ လူကြီးတွေ အတော်များများ မလုပ်တတ်တဲ့ App အသုံးပြုမှုတွေကို ကျွမ်းကျွမ်းကျင်ကျင်စွာ သုံးစွဲလာတတ်ကြတယ်။ အဲဒီရဲ့ အကျိုးသက်ရောက်မှုကတော့ ကလေးတွေဟာ ကလေးစိတ် မဟုတ်တော့ဘဲ လူကြီးစိတ်ဝင်လာပါတော့တယ်။ အဲဒီနောက်ပိုင်းတွေ့ရတဲ့ အဖြစ်အပျက်တွေဟာ မယုံနိုင်စရာပဲ။
ကျောင်းကြီးတစ်ကျောင်းမှာ တော်တယ်လို့ သတ်မှတ်ထားတဲ့ A ခန်းမှာပါ။ အတန်းက ၆ တန်း၊ ၇ တန်းအရွယ်။ ကျောင်းသူလေးတွေနဲ့ ကျောင်းသားတွေ ဖုန်းကနေ အပြန်အလှန် ဓာတ်ပုံတွေပို့ကြ၊ စာတွေရေးကြပြီးတော့ ဘယ်နားလာခဲ့၊ ဘယ်ကိုသွားရအောင်ဆိုတဲ့အထိ ဖြစ်လာကြတယ်။ ဆရာ၊ ဆရာမတွေ အချိန်မီသိလို့ မိဘတွေခေါ်ပြီး အသိပေးရ၊ ဆုံးမရနဲ့ပေါ့။ 

ကျောင်းကြီးတစ်ကျောင်းမှာပဲ ကျောင်းသားတစ်ယောက်ကအပြင် ကရောင်းခိုင်းလိုက်တဲ့ ဆေးလိပ်တွေ ကျောင်းခန်းထဲမှာ ခိုးရောင်းနေတာမိသတဲ့။ ကြည့်လိုက်တော့ ဘိန်းဖြူပါတဲ့ ဆေးလိပ်တွေ။ အရေးမယူရင် မဖြစ်တဲ့ကိစ္စတွေပေါ့။ ဟော ကြားရပြန်တယ်။ ၆ တန်း ၇ တန်းလောက်ပဲ ရှိဦးမယ် ဖုန်းလုပြေးလို့တဲ့၊ ရဲစခန်း အတိုင်ခံရ။ ရဲစခန်းက ကျောင်းကိုတိုင်၊ ကျောင်းက ကျောင်းထုတ်။ လူငယ် သင်တန်းကျောင်း အပို့ခံရပြန်သတဲ့။ ကြားရတဲ့ သတင်းတွေက အားမရှိစရာ။

တစ်လောကပဲ ဒသမတန်း ကျောင်းသားတစ်ဦးက ဘာသာရပ်သင်ဆရာကို ပြန်ထိုးလိုက်လို့ ကျောင်းပြောင်းခံလိုက်ရတဲ့သတင်းက ပူပူနွေးနွေးပဲ ရှိပါသေးတယ်။ ဟော ခုကြားလိုက်ရပြန်ပြီ။ ဒါကတော့ မီဒီယာ စာမျက်နှာပေါ်ကို ရောက်သွားတဲ့သတင်းပါ။ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အောင်ဗောဓိစေတီရှိ အလှူခံပုံးထဲက ငွေ ၃၀ဝ ကျပ် ခိုးယူခဲ့တဲ့ ကျောင်းသား ၃ ဦးကို အမှုဖွင့်ပြန်လွတ်ပြီး သန်လျင်လူငယ်သင်တန်းကျောင်း ပို့လိုက်တယ်။ အဲဒီကလေးတွေက တတိယတန်း၊ ပဉ္စမတန်းနဲ့ သတ္တမတန်းကျောင်းသားတွေ ဖြစ်ပါသတဲ့။ (၂၀ စက်တင်ဘာ ၂၀၁၇ စံတော်ချိန်)

ဒီတော့ ချုပ်ကြည့်လိုက်ရင် အခြေခံပညာ အဆင့်ရှိ ကျောင်းသား၊ ကျောင်းသူတွေနဲ့ သက်ဆိုင်တဲ့ သတင်းတွေချည်းပဲ။ သတင်းတွေကလည်း ကျောင်းသား လူငယ်တွေရဲ့ ကိုယ်ကျင့်တရားနဲ့ ပတ်သက်နေတယ်။ ဒါဟာ ဘာကိုပြနေသလဲဆိုရင် ကျောင်းတွေမှာ တစ်နေကုန် စာသင်တဲ့လုပ်ငန်း တစ်ခုတည်းနဲ့ အချိန်မကုန်သင့်တော့ဘူး ဆိုတဲ့အချက်ပါပဲ။ အဲဒါကို တာဝန်ရှိ ပညာရေးပုဂ္ဂိုလ်မင်းတွေ အနေနဲ့ သတိထားမိကြဖို့ လိုပါတယ်။ မိကျောင်းမင်း ရေခင်းပြတာတော့ မဟုတ်ပါ။ ဒီနေ့ အခြေခံပညာအဆင့်မှာ သင်နေတဲ့ စာရိတ္တပညာဆိုတာ ဘယ်အတိုင်းအတာအထိ ထိရောက်မှု ရှိပါသလဲ။ တစ်နေ့တစ်နေ့ စာဖတ်ချိန် ဘယ်လောက် ပေးနိုင်ကြပါသလဲ။ ကလေးတွေ အတုယူ အားကျနိုင်လောက်တဲ့ ဂုဏ်ပြုချီးကျူးမှုတွေ၊ စံပြကျောင်းသား၊ ကျောင်းသူအဖြစ် ရွေးချယ်မှုတွေ ဘယ်လောက်များ လုပ်ပေးနိုင်ကြသလဲ။ မေးကြည့်ချင်တဲ့မေးခွန်းတချို့ပါ။

ဒီကနေ့ တွေ့နေရတဲ့ အခြေအနေမှန်ကို ပြောရရင် စာရိတ္တချိန်ဆိုတာ ဆရာ၊ ဆရာမတစ်ဦးဦးက ကဗျာတစ်ပုဒ် ပုံပြင်တစ်ပုဒ်ကို ကျောင်းစာသင်သလို သင်နေတဲ့အဆင့်။ ကလေးတွေ အတုယူ အားကျနိုင်လောက်တဲ့ ပုဂ္ဂိုလ်တွေအကြောင်း ဖတ်ရမယ့်အချိန် မရှိဘူး။ စာအုပ်စာတမ်း မရှိဘူး။ ကျောင်းစာကြည့်တိုက်ဆိုတာ ကျောင်းစစ်ဆေးရေး လာတဲ့အချိန်မှ အလှပြင်ဆင်ထားတဲ့ အခန်း။ အခြေခံပညာအထက်ဆင့်ဖြစ်တဲ့ နဝမတန်းနဲ့ ဒသမတန်းမှာ ပြင်ပအသိပညာ ဗဟုသုတနိုင်ဖို့ ရှာနိုင်ဖို့ဆိုတာ လုံးဝအချိန် မရှိ။ ကျောင်းချိန်အတွင်းမှာ ခေတ္တ မုန့်စားဆင်းချိန်ကလွဲလို့ စာပြီးရင်စာပဲ သင်နေရတာပါ။ စာဖတ်ချိန် နာရီဝက်ပေးဖို့တောင်မရ။ နေ့စဉ် စုဝေးသဘင် လုပ်ပါ။ ဆရာ၊ ဆရာမ တစ်ဦးဦးက အကျင့်စာရိတ္တနဲ့ ပတ်သက်ပြီး အတုယူဖွယ် အားကျဖွယ်လေးတွေ လုပ်ကြဖို့ အခါခါ အကြံပေးပေမယ့် ဘယ်ကျောင်းတွေများ လိုက်နာ ကျင့်သုံးနေကြပါလိမ့်။

စာရေးသူတို့ငယ်စဉ်က တနင်္လာနေ့နဲ့ သောကြာနေ့မှာ စုဝေးမယ့် Assembly ကို စောင့်ခဲ့ရတယ်။ ကျောင်းအုပ်ကြီးရဲ့ ဆုံးမစကားကို နှစ်ခြိုက်စွာ နာယူခဲ့ရတယ်။ Assembly ရှေ့ထွက်ပြီး စံပြကျောင်းသား၊ ကျောင်းသူဆုရသူတွေကို အားကျခဲ့ရတယ်။ အရိုးသားဆုံး ကျောင်းသားဆုရသူလို ဖြစ်ချင်ခဲ့ကြတယ်။ အတုယူ အားကျဖွယ်ရာတွေဟာ ကျောင်းသားတွေရဲ့ ဝန်းကျင်မှာ အမြဲတမ်း တွေ့နေ မြင်နေ ကြားနေရတယ်။ ကျောင်းသား၊ ကျောင်းသူတွေရဲ့ လိမ္မာရေးခြားရှိမှုကြောင့် ဆိုဆုံးမလွယ်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအဖြစ် ဆရာ၊ ဆရာမတွေရဲ့ ချစ်ခြင်း ချီးမွှမ်းခြင်းကို အမြဲ ခံခဲ့ကြရတာပါပဲ။

ဒီနေ့ ကလေးငယ်တွေ ကျူးလွန်နေတဲ့ ပြစ်မှုတွေကိုကြည့်ပြီး အနာဂတ်အရေး ရင်လေးမိတာအမှန်ပါ။ ကလေးတွေ ကျူးလွန်ခဲ့တဲ့ အပြစ်တွေကြောင့် ဥပဒေအရ အပြစ်ပေး အရေးယူတာ၊ လူငယ်သင်တန်းကျောင်းတွေ ပို့တာ၊ ကျောင်းတွေက ထုတ်ပယ်လိုက်တာဟာ လုပ်ထုံးလုပ်နည်းအရ မှန်ပါတယ်။ ဒါပေမဲ့ ကလေးတွေမှာချည်း အပြစ်ပုံချဖို့တော့ မဟုတ်ပါဘူး။ ရှုထောင့်စုံက ပြန်စဉ်းစားကြည့်ရင် ပထမဆုံးက မိဘတွေရဲ့ လိုအပ်ချက်ပါ။ တချို့ ကလေးတွေဟာ မိစုံဖစုံ မရှိဘူး။ တချို့ မိနဲ့ဖနဲ့ တကွဲတပြားစီ။ ပြည့်စုံလှတဲ့ မိသားစု အဝန်းအဝိုင်းမှာ မနေကြရဘူး။ တချို့ကျတော့ မိဘတွေက ပြည့်စုံလွန်းနေတယ်။ သိပ်ပြီး အလိုလိုက်ခံရတယ်။ ဘယ်လို အခြေအနေမျိုးရောက်ရောက် မိမိရဲ့သားသမီးသာလျှင် မှန်တယ်လို့ ယူဆနေတဲ့ မိဘတွေလည်း ရှိကြတယ်။

ဒုတိယ ဆရာ၊ ဆရာမတွေရဲ့ လိုအပ်ချက်ပါ။ ဆရာ၊ ဆရာမတိုင်းဟာ မိမိတို့အတန်းထဲက တပည့်တွေရဲ့ ဘဝ အခြေအနေမှန်ကို သိသင့်တယ်။ ဘယ်လို မိဘတွေက လာသလဲ။ ဘယ်လို ပတ်ဝန်းကျင်က လာသလဲ။ အဲလိုကလေးတွေရဲ့ မူလဗီဇ လိုအပ်ချက်တွေ အမျိုးမျိုးရှိနေတဲ့ ကလေးတွေကို စံနှုန်းတစ်ခုနဲ့ ဇလုတ်တိုက်ပြီး ချလို့ရတဲ့ အနေအထားမျိုး မလုပ်သင့်ဘူး။ အခြေအနေ အချိန်အခါနဲ့ နေရာဒေသပေါ် လိုက်ပြီး ပြုမူဆောင်ရွက်တတ်တဲ့ အသိဉာဏ်ပညာရှိပါမှ ပညာရှိရာ ကျပါလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ပြဿနာတပည့် (Problem Pupil) နဲ့ ပြဿနာဆရာ (Problem Teacher) အဖြစ် အဆင်ပြေချောမွေ့ဖို့ ခက်ခဲပါလိမ့်မယ်။ အဲဒီလို အခြေအနေမျိုးမှာ ကလေးတွေအတွက် ကျောင်းဟာ ပျော်ရွှင်စရာ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဆရာ၊ ဆရာမတွေရဲ့ဆန္ဒနဲ့ တပည့်တွေရဲ့ လိုအပ်ချက်တွေကို ညှိနှိုင်းဖို့လိုပါတယ်။

တတိယအချက်က ကျောင်းသားတွေပါ။ ဒီကနေ့ ကျောင်းသားအရွယ်တွေဟာ ပုစွန်ဆိတ်ကလေးငယ်ပေမယ့် ပင်လယ်ကူးတတ်တဲ့အရွယ်တွေပါ။ သိတာ၊ တတ်တာတွေကလည်း လူကြီးတွေထက်တောင် သာလွန်နေပါတယ်။ သူများ ဖုန်းကိုင်ရင် ကိုင်ချင်ပါတယ်။ သူများကလေးတွေ ပိုက်ဆံ ကိုင်သုံးရင် သူတို့လည်း ကိုင်သုံးချင်ပါတယ်။ ဒီနေရာမှာ မိသားစုတွေက ကိုယ့်သားသမီး အခြေအနေ၊ မိသားစုရဲ့ အခြေအနေတွေကို ပွင့်လင်းရင်းနှီးစွာ အသိပေးကြ နားလည်မှုယူကြဖို့ လိုပါတယ်။ တချို့မိဘတွေက ပိုက်ဆံရှိသလောက် ကလေးတွေကို အလိုလိုက်ကြတယ်။ လိုချင်တာကို ပေးနိုင်တယ်။ လိုအပ်တာထက် ငွေပိုပေးတယ်။ တချို့မိဘက တတ်နိုင်တဲ့အဆင့်နဲ့တောင် ကလေးတွေ သုံးခွင့်မရကြဘူး။ ဒီတော့ မလိုလားအပ်တဲ့ ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်ကြရတော့တာပဲ။ အဲဒီလို အခြေအနေမျိုးမှာ ဒီကလေးတွေ ပညာသင်ယူနေတဲ့ ကျောင်းတွေက ကလေးတွေရဲ့ စိတ်ဆန္ဒတွေကို အလေးဂရုပြုပြီး ပြုပြင်ထိန်းသိမ်းနိုင်မယ့် အသိပညာ လိမ္မာရေးခြားရှိမှုတွေ မရနိုင်ရင်  မခက်ပေဘူးလား။

ဒါ့ကြောင့် ပညာရေးတြိဂံဆိုတာ အနားညီရပါတယ်။ သုံးနားစလုံး ညီနေဖို့ လိုတာပါ။ ဒီနေရာမှာ ပညာရေး တြိဂံအတွင်း ပါဝင်နေကြသူ အားလုံးရဲ့ အသိပညာ မြော်မြင်မှု၊ လိုက်နာ ဆောင်ရွက်မှုတွေအပေါ် အများကြီး မူတည်နေပါတယ်။ လက်ရှိ ပညာရေးတြိဂံကတော့ လိုအပ်ချက်များစွာနဲ့ အတို အရှည်မညီ ပုံပန်းမကျတဲ့ အနေအထား တစ်ရပ်ကို ပုံဖော်မိသလိုများ ဖြစ်နေကြသလားလို့ တွေးပူမိလို့ပါ။ 

ခင်မောင်ဌေး (ပညာရေး)