News

POST TYPE

PERSPECTIVE

ယဉ်ကျေးမှု နိုင်ငံရေး
13-Sep-2017 tagged as

နိုင်ငံရေးစနစ်တွေ မှန်သမျှဟာ ယဉ်ကျေးမှု ရေခံမြေခံနဲ့ ကင်းလွတ်တာမရှိပါဘူး။ နိုင်ငံရေးစနစ် တစ်ခုပြီးတစ်ခု ပြောင်းလဲဖြစ်ပေါ်လာခြင်းကိုကပင်လျှင် ယဉ်ကျေးမှုများရဲ့ တွန်းအားကြောင့်ဖြစ်တယ်လို့ ယူဆချက်တွေတောင်မှ ရှိတာဖြစ်ပါတယ်။ အနည်းဆုံးတော့ ယဉ်ကျေးမှုသည် နိုင်ငံရေး တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း ကိစ္စတွေအပေါ် သက်ရောက်မှု တော်တော်များများရှိတဲ့ အကြောင်းချင်းရာများအတွက် အရေးအပါဆုံး တစ်ခုဖြစ်တယ်လို့ ဆိုရမလား မသိပါဘူး။ ယဉ်ကျေးမှုက အရေး တော်တော်ပါတာတော့ အမှန်ပါ။

မြန်မာနိုင်ငံလို အရှေ့တိုင်းနိုင်ငံလည်းဖြစ်၊ နှစ်ပေါင်းများစွာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုစနစ်များအောက် အနေကလည်း ကြာလာခဲ့ပြီးတော့ ပညာရေး၊ စီးပွားရေး အပါအဝင် အစစအရာရာ နိမ့်ကျနေတဲ့ တိုင်းပြည်တစ်ခုမှာ လက်ရှိအကောင်းဆုံးလို့ ယူဆထားကြတဲ့ နိုင်ငံရေးစနစ်ဖြစ်တဲ့ ဒီမိုကရေစီစနစ်ကို ထူထောင်ရတဲ့ကိစ္စဟာ ထင်သလောက် မလွယ်လှဘူးဆိုတာ အခုဆိုရင် လက်တွေ့ သိနေ မြင်နေ ကြုံတွေ့နေကြရပါပြီ။ မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးစုများစွာ ကိုးကွယ်ယုံကြည်မှု စုံလင်စွာရှိတဲ့ နိုင်ငံဖြစ်တာနဲ့အညီ စီးပွားရေး၊ ပညာရေးနဲ့ အထူးသဖြင့် နိုင်ငံရေးမှာ ယဉ်ကျေးမှု အမယ်စုံလင်ခြင်း (Multiculture) ကို မဖြစ်မနေ ထည့်သွင်း စဉ်းစားကြဖို့ ဖြစ်ပါတယ်။ အမျိုးသားရေးအစွန်း (Extreme Nationalism) နဲ့ လစ်ဘရယ်အစွန်း (Extreme Liberalism) ဆိုတဲ့ အစွန်းတရားနှစ်ပါးကို သတိကြီးကြီးထားပြီး ရှောင်ရှားနိုင်ကြမှသာ နိုင်ငံသားတိုင်းရဲ့ ယုံကြည်စွာ၊ စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ရေးကို အင်အားအဖြစ်ရရှိဖို့ မျှော်လင့်ရန် ဖြစ်နိုင်ပါလိမ့်မယ်။ နိုင်ငံရေးသမား တော်တော်များများဟာ အဆိုပါ အစွန်းတရား နှစ်ပါးအနက် တစ်ဖက်ဖက်ကို သတိလက်လွတ် ရောက်သွားကြတာ များတာကြောင့် ယဉ်ကျေးမှု အမယ်စုံ လူ့အဖွဲ့အစည်းနဲ့ ကိုက်ညီတဲ့အလုပ်ဖြစ်မယ့် နိုင်ငံရေးနဲ့ ဝေးကွာနေကြရတာဖြစ်ပြီးတော့ နိုင်ငံတော်တည်ဆောက်ရေး (State Building) လုပ်ငန်းတာဝန်သည်လည်း နှောင့်နှေး ကြန့်ကြာနေကြရခြင်း ဖြစ်ပါတယ်။ အခုအချိန်အထိ မြန်မာနိုင်ငံသား ပြည်သူလူထုကြီးရဲ့ တက်တက်ကြွကြွ ပူးပေါင်းပါဝင် တည်ဆောက်မှုကို နိုင်ငံရေးသမားများ မရရှိသေးတာကို အထူး သတိပြုမိကြဖို့ ဖြစ်ပါတယ်။

ယဉ်ကျေးတယ်ဆိုတာကို ကိုယ့်နည်းနဲ့ကိုယ် လူ့အဖွဲ့အစည်းများက အဓိပ္ပာယ် သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။ အရှေ့နဲ့ အနောက် မတူသလို နိုင်ငံတစ်ခုနဲ့တစ်ခုလည်း ကွာခြားပြီးတော့ ကိုးကွယ်ယုံကြည်မှုအပေါ် မူတည်ပြီးတော့လည်း ယဉ်ကျေးမှုတွေက ခြားနားနေတာ ဖြစ်ပါတယ်။ အရှေ့တိုင်းက ယဉ်ကျေးတယ်လို့ ယူဆထားကြတဲ့ကိစ္စရပ်မျိုးကို အနောက်တိုင်းက ရိုင်းစိုင်းတယ်လို့ ယူဆတာရှိသလို အနောက်က ယဉ်ကျေးမှုတချို့ကလည်း အရှေ့တိုင်းသားများအတွက် မဖွယ်မရာ ဖြစ်တယ်လို့ ရှုမြင်စရာ ဖြစ်နေတာတွေလည်း တပုံတပင် ဖြစ်ပါတယ်။

ဒီမိုကရေစီဆိုတာက အနောက်တိုင်းမှာ ပေါ်ပေါက်ထွန်းကားလာခဲ့တာဖြစ်ပြီးတော့ အရှေ့က နောက်ပိုင်းမှ ကျင့်သုံးကြ၊ ကျင့်သုံးဖို့ ကြိုးစားကြတာ ဖြစ်တယ်ဆိုတဲ့ အချက်နဲ့ အနောက်တိုင်းမှာ သူ့ယဉ်ကျေးမှုနဲ့ ဒီမိုကရေစီ အဆင်ပြေ အသားကျပေမယ့် အရှေ့တိုင်း ယဉ်ကျေးမှုနဲ့ ဒီမိုကရေစီက အသားတကျ မရှိတာတွေ မြောက်မြားစွာ ရှိနေနိုင်တယ်ဆိုတဲ့ အချက်ကိုလည်း လေးလေးနက်နက် ထည့်သွင်းစဉ်းစားကြဖို့ သင့်ပါတယ်။ ဆိုလို တာကတော့ ဒီမိုကရေစီကို ယဉ်ကျေးမှုအရ မကိုက်ညီလို့ အရှေ့မှာ သုံးစွဲဖို့ မသင့်ဘူးဆိုတဲ့ သဘောမျိုး မဟုတ်ဘဲနဲ့ ဒေသတစ်ခုချင်း၊ နိုင်ငံတစ်ခုချင်းမှာ ဒီမိုကရေစီပုံစံချင်း မတူနိုင်ဘူးဆိုတဲ့ ယူဆချက်ကို လက်ခံစဉ်းစားကြည့်ကြဖို့ ဖြစ်ပါတယ်။ တော်တော်များများက ဒီမိုကရေစီဆိုတာ တစ်မျိုးတည်း ဖြစ်တယ်လို့ပဲ ထင်မြင်ယူဆနေကြတာ ဖြစ်ပြီးတော့ ရေမြေအလိုက် ဒီမိုကရေစီကို လိုက်လျောညီထွေဖြစ်အောင် ပုံဖော်ကျင့်သုံးကြရင် အောင်မြင်မှုပိုရမယ်ဆိုတဲ့ ယူဆချက်ကို ငြင်းခုံနေကြဆဲ ရှိပါသေးတယ်။

နှစ်ဆယ့်တစ်ရာစုထဲ ချင်းနင်း ဝင်ရောက်လာတဲ့အခါ ကမ္ဘာ့နိုင်ငံရေး (Global Politics) ဟာ ဝင်ရိုးစုံ (Multipolar) ဖြစ်လာသလို ယဉ်ကျေးမှုစုံနိုင်ငံရေး (Multicivilizational Politics) ဖြစ်လာပြီဆိုတဲ့ ယူဆချက်များလည်း ပေါ်ပေါက်လာနေပါတယ်။ ဒီမိုကရေစီ ကမ္ဘာပတ်ဖြစ်ထွန်းမှု တစ်နည်း ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်ပေါ်မှုသည် နှစ်ဆယ်ရာစုအကုန်အထိတော့ အနောက်တိုင်းပုံစံ တုပပြောင်းလဲမှု (Westernization) သာလျှင် ဖြစ်ပါတယ်။ ယဉ်ကျေးမှုအရ မတူကွဲပြားမှုများသည် ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းအတွက် အခုအခံများ ဖြစ်တာကြောင့်ပဲ အနောက်တိုင်းယဉ်ကျေးမှု (Western Culture) နဲ့ အသားတကျရှိလို့ အနောက်နိုင်ငံများမှာ အလွယ်တကူ ထွန်းကားခဲ့တဲ့ ဒီမိုကရေစီသည် တချို့နိုင်ငံများမှာ လုံးဝ တည်ဆောက်မရ၊ တချို့ ခက်ခဲကြန့်ကြာနေကြရတာ ဖြစ်ပါတယ်။

အနောက်တိုင်းပုံစံ တုပပြောင်းလဲမှုပုံစံနဲ့ နိုင်ငံရေးစနစ်ကို တည်ဆောက်တာထက် ခေတ်မီ ပြုပြင်ပြောင်းလဲမှု (Modernization) နည်းလမ်းဖြင့်သာ နှစ်ဆယ့်တစ်ရာစုထဲမှာ အောင်မြင်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ အလေးအနက် စဉ်းစားစရာ ကောင်းလှတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ Westernization နည်းလမ်းနဲ့ ကမ္ဘာအရပ်ရပ်မှာ ဒီမိုကရေစီ တည်ဆောက်ခြင်းသည် Universal Civilization ဖြစ်ဖို့ ဦးတည်ဆောင်ရွက်သလိုဖြစ်တာကြောင့် ဒီမိုကရေစီ တည်ဆောက်ရေးဟာ နိုင်ငံတော်တော်များများမှာ မအောင်မမြင် ဖြစ်ရတာပဲလို့ ယူဆလာကြပါတယ်။

Civilization များရဲ့ ပါဝါမျှခြေ (Balance of Power) ကလည်း ပြောင်းလဲမှုတွေ ရှိနေပါတယ်။ အနောက်ယဉ်ကျေးမှုရဲ့ လွှမ်းမိုးအားကလည်း ကျဆင်းနေပြီးတော့ အာရှရဲ့ Civilization များသည် ၎င်းတို့ရဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ စစ်ရေးအင်အားများကို အများကြီး ချဲ့ထွင်လာနိုင်နေပြီ ဖြစ်ပါတယ်။ တချို့သော ကိုးကွယ်ယုံကြည်မှု လွှမ်းမိုးတဲ့ Civilization များက အဆမတန် ကျယ်ပြန့်မှုဖြစ်လာပြီး ဝန်းကျင်နိုင်ငံများအပေါ် ဂယက်ရိုက်ခတ်မှုက ပိုမိုကျယ်ပြန့်လာနေပါတယ်။ အနောက်တိုင်းယဉ်ကျေးမှုမဟုတ်သော (Non-western Civilization) တို့သည် ၎င်းတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု တန်ဖိုးများကို ပြန်လည်ခိုင်မာရေး အားစိုက်ဆောင်ရွက်လာနေကြပါတယ်။

လူ့အဖွဲ့အစည်းတစ်ခုရဲ့ မူလ Civilization ပုံစံကနေ တခြားတစ်ခုကို လုံးလုံးပြောင်းပစ်ဖို့ ကြိုးစားသလို သဘောသက်ရောက်တဲ့ ဘယ်နိုင်ငံရေးမှ မအောင်မြင်နိုင်တော့ပါဘူး။ နိုင်ငံတွေချင်းလည်း Civilization ချင်း နီးစပ်ရင် အုပ်စုဖွဲ့မှုများ ရှိလာနေပါတယ်။ အနည်းဆုံးတော့ တခြား မတူညီတဲ့ယဉ်ကျေးမှုရှိသော လူ့အဖွဲ့အစည်းများထက်စာရင် ပိုမိုနီးနီးကပ်ကပ် ဆက်ဆံ ကူးလူးလာကြပါတယ်။

အနောက်တိုင်းပုံစံ တစ်ခုတည်းရှိတဲ့ကမ္ဘာ(ဖြစ်ဖို့) ဟန်ဆောင်မှုများ (The West's universalist pretentions) ဟာ တဖြည်းဖြည်းနဲ့ တခြားသော ယဉ်ကျေးမှုလူ့အဖွဲ့အစည်းများ (အထူးသဖြင့် အစ္စလာမ် ကိုးကွယ်သော လူ့အဖွဲ့အစည်းများ (States) နဲ့ တရုတ်လူ့အဖွဲ့အစည်း စတာတွေနဲ့ ပဋိပက္ခများ တစ်စတစ်စ ပေါ်ပေါက်စေတာ ဖြစ်ပါတယ်။

ယဉ်ကျေးမှုများရဲ့ကဏ္ဍသည် နိုင်ငံရေးအတွက် အရေးပါလှကြောင်း မျက်စိမှောက်နေကြမယ်ဆိုတာနဲ့ နိုင်ငံတစ်ခုချင်း (နိုင်ငံတွင်း ပဋိပက္ခ) များ သေချာပေါက် ပေါ်ပေါက်နေမှာဖြစ်သလို လူ့အဖွဲ့အစည်းချင်းကြား ပြဿနာများ၊ နိုင်ငံချင်းကြား ပြဿနာများနဲ့ ယဉ်ကျေးမှုတူညီသော နိုင်ငံချင်းဖွဲ့စုထားသော အုပ်စုများ အချင်းချင်းကြား ပြဿနာများ၊ စစ်ပွဲကြီးများ ပေါ်ပေါက်နိုင်ခြေ ရှိနေဦးမှာ ဖြစ်ပါတယ်။ တစ်ခါ ယဉ်ကျေးမှု တစ်ခုတည်းကမ္ဘာ (Unicivilizational World) ကို ရည်ရွယ်လို့ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ ဦးတည်တဲ့နိုင်ငံရေးကို လုပ်နေမိကြမယ်ဆိုရင်လည်း ကမ္ဘာကြီးရဲ့ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ကြီးပွားချမ်းသာရေး ဘုံရည်မှန်းချက်ကို ထိခိုက်ပျက်စီးနေစေဦးမှာပဲ ဖြစ်ပါတယ်။ ကမ္ဘာတစ်လွှားမှာ နိုင်ငံရေးစနစ်များ တည်ဆောက်တဲ့ နေရာမှာရော နိုင်ငံတစ်ခုချင်းရဲ့ နိုင်ငံရေးစနစ် တည်ဆောက်ရေးမှာပါ ယဉ်ကျေးမှုသည် နိုင်ငံရေးဖြစ်သည် (Culture is Politics.) ဆိုတဲ့ ယူဆချက်ကို မျက်ခြည်မပြတ်ဖို့ အထူးလိုအပ်ပါတယ်။ 

ခြုံပြောရရင် ကမ္ဘာမှာ Civilization အခြေခံတဲ့ (ယဉ်ကျေးမှု မတူညီသော လူ့အဖွဲ့အစည်းများအကြား အဋိပက္ခကို အခြေခံတဲ့)စစ်ပွဲများ မပေါ်ပေါက်ရေး ရှောင်ရှားနိုင်ဖို့ရာကတော့ ကမ္ဘာ့ခေါင်းဆောင်များ အချင်းချင်းကြား ပူးပေါင်းဆောင်ရွက်နိုင်မှု တစ်ခုတည်းနဲ့သာမကပါဘူး။ ကမ္ဘာ့နိုင်ငံရေး (Global Politics) သည် အမယ်စုံ Civilization စရိုက် လက္ခဏာ (Multicivilizational Charater) ဖြစ်ကြောင်းကို ခေါင်းဆောင်များက လက်ခံကြပြီး နားလည်မှုရှိရှိ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ကြမှသာ ဖြစ်နိုင်ပါလိမ့်မယ်။

မင်းနွယ်
ရည်ညွှန်း - (The clash of civilization and the remaking of world order, Semuel P.Huntington)

  • TAGS