News

POST TYPE

PERSPECTIVE

ရီနာမာလိုးရဲ့ ဘရာစီယာ
12-Sep-2017 tagged as

(၁)

လွန်ခဲ့သောရက်များအတွင်း လူမှုကွန်ရက် စာမျက်နှာတွင် ဖတ်ရှုရသော သတင်းတစ်ပုဒ်အရ လက်ရှိမြန်မာနိုင်ငံ၌ ဝန်ကြီးဌာန အများစုမှ စီးပွားရေးလုပ်ငန်းများ အကြီးအကျယ် အရှုံးပေါ်လျက်ရှိကြောင်း ကိန်းဂဏန်းများနှင့်တကွ ဖော်ပြထားသည်။ ယခုကဲ့သို့ ခေတ်ပြောင်းချိန်တွင် နိုင်ငံတော်၏ စီးပွားရေးညွန်းကိန်းသည် တစ်စတစ်စ မြင့်တက်လာရမည့်အစား အမြတ်အစွန်း မရသည့်အပြင် အရှုံးပင်ကြီးစွာ ပေါ်နေသည်ဆိုသည့် ထိုသတင်းကြောင့် ကျွန်တော့်စိတ်ထဲတွင် အတော်ကသိကအောက်ဖြစ်ရ၏။

တစ်ဆက်တည်းပင် ထိုသတင်း၏အောက်တွင် စာဖတ်သူအသီးသီး ၏ ထင်မြင်ယူဆချက်များကို ရေးသားထားရာ အများစုက မြန်မာနိုင်ငံ၏ စီးပွားရေးစီမံကိန်းများကို အမှန်တကယ် တတ်ကျွမ်းနားလည်သော ပညာရှင်များကသာ ဦးဆောင်စီမံခန့်ခွဲသင့်သည်ဟု မှတ်ချက်ပြုကြပါသည်။ ထိုအမြင်ကို ကျွန်တော့်အနေနှင့် ကန့်ကွက်ရန်မရှိချေ။ သို့သော် အထူးတတ်ကျွမ်းနားလည်သော ပညာရှင်ဟူသည် အဘယ်ပုဂ္ဂိုလ်မျိုးကို ရည်ညွန်းဆိုလိုပါသနည်း။ ထိုသို့ ကျွန်တော်ဆက်၍ အတွေးပွားမိသည်တွင် ကျွန်တော့် အတွေးအိမ် စိတ်အစဉ်အတွင်းသို့ အကြောင်းအရာတစ်ခု ဖျပ်ခနဲ ဝင်ရောက်လာခဲ့သည်။ ယင်းသည်ကား ရီနာမာလိုး၏ဘရာစီယာ ဖြစ်၏။

(၂)

ရီနာမာလိုးသည် ကမ္ဘာကျော် စာရေးဆရာ ဟာရိုးရော်ဘင်ရေးသားသည့် (TheCarpet-baggers) အမည်ရှိ ကမ္ဘာကျော် ဝတ္ထုရှည်ကြီး တစ်ပုဒ်တွင် ပါဝင်သော ဇာတ်ကောင် ဖြစ်သည်။ ၎င်းဝတ္ထုရှည်ကြီးကို ကွယ်လွန်သူ အယ်ဒီတာ၊ စာရေးဆရာကြီး အထောက်တော်လှအောင်က ရှစ်စပ်ကဂျင်ခြေလည်သူ ဟူသောအမည်ဖြင့် မြန်မာဘာသာသို့ ပြန်ဆိုခဲ့ဖူးသည်။ စင်စစ် ယင်းဝတ္ထုသည် စိတ်ကူးယဉ်ဇာတ်လမ်း မဟုတ်ဘဲ ကမ္ဘာကျော် အမေရိကန်သူဌေးကြီး ဟောင်းဝပ်ဟူးစ်၏ ဘဝဇာတ်ကြောင်းကို အခြေခံထားခြင်းဖြစ်၏။

အဆိုပါဝတ္ထု၌ ဟာရိုးရော်ဘင်သည် ဟောင်းဝပ်ဟူးစ်၏ အမည်ရင်းကို အသုံးမပြုဘဲ ဂျိုနတ်စ်ကော့ (ဂျူနီယာ)ဟူသော ဇာတ်ကောင်ဖြင့် အစားထိုး ဖန်တီးရေးသားခဲ့သည်။ ဇာတ်လမ်းအစတွင် သူဌေးကြီး စီနီယာဂျိုနတ်စ်ကော့ ကွယ်လွန်ချိန် ယင်း၏လုပ်ငန်းကိစ္စ အရပ်ရပ်ကို ဂျူနီ ယာဂျိုနတ်စ်ကော့က လွှဲပြောင်း တာဝန်ယူသည့် ဇာတ်ဝင်ခန်းဖြင့် အစပြုထားလေရာ ကျွန်တော်ဆက်၍သုံးနှုန်းမည့် ဂျိုနတ်စ်ကော့ဟူသော စကားလုံးသည် ဂျူနီယာဂျိုနတ်စ်ကော့ကိုသာ ရည်ညွှန်းကြောင်း ကြိုတင်ဖော်ပြလိုပါသည်။

အဆိုပါဇာတ်လမ်းမှာ အထူးစိတ်ဝင်စားဖွယ်ရာ ကောင်းသည့်အပြင် အလွန်ရှည်ထွေပြားသော ဇာတ်လမ်းဖြစ်လေရာ ကျွန်တော့်ဆိုလိုရင်း အချက်ကို ပေါ်လွင်ရန်အလို့ငှာ ဆရာအထောက်တော်လှအောင်၏ ဘာသာပြန်စာအုပ်မှ အချက်အလက်အချို့ကို ကောက်နုတ်၍တစ်နည်း၊ ကျွန်တော် ကိုယ်တိုင် အကျဉ်းချုံ့၍တစ်ဖုံ သင့်လျော်သလို ထုတ်နုတ်တင်ပြမှသာ လိုရင်းကို ကွင်းကွင်းကွက်ကွက် မြင်ပေလိမ့်မည်။

(၃)

ဇာတ်အိမ်တည်သောအချိန်မှာ ပထမကမ္ဘာစစ်ကြီးပြီးချိန် အမေရိကန်နိုင်ငံ ပြန်လည် ထူထောင်ရေးကာလ ၁၉၂၅ ခုနှစ်ဖြစ်၏။ ဂျိုနတ်စ်ကော့ ဆက်ခံရရှိသော စီးပွားရေးလုပ်ငန်းမှာ သူ့ဖခင်၏ လက်ငုတ်လက်ရင်း ဖြစ်သည့် လက်နက်ခဲယမ်း မီးကျောက်ထုတ်လုပ်သည့်စက်ရုံ ဖြစ်သည်။ တိုက်လေယာဉ် အချို့လည်း ထုတ်လုပ်ခဲ့၏။ ဖခင်သက်ရှိထင်ရှားရှိစဉ်က လူငယ်သဘာဝ ခပ်ပေပေနေခဲ့သော ဂျိုနတ်သည် သူအမွေဆက်ခံရရှိခဲ့သော ဧရာမလုပ်ငန်းကြီးကို အရှိန်မပျက် ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။ ယင်းမှာ ဂျိုနတ်စ်၏ ပင်ကို ဉာဏ်ရည် ဉာဏ်သွေးကြောင့်ဟု ဆိုနိုင်၏။ သူ၏ စွမ်းဆောင်နိုင်ခဲ့မှုများအနက် ရီနာမာလိုး၏ ဘရာစီယာ ပြဿနာသည်လည်း ထူးခြားချက် တစ်ခုအဖြစ် ပါဝင်နေခဲ့သည်။

သူ၏ငယ်ရည်းစားလည်းဖြစ် သူ့ဖခင်၏ဇနီးလည်းဖြစ်ခဲ့သော အလှပဂေး ရီနာမာလိုးသည် ဂျိုနတ်စ်၏ဖခင် ကွယ်လွန်ပြီးနောက် ရုပ်ရှင်လောကနှင့် နီးစပ်သွားရာမှ အစုရှယ်ယာဝင် ထုတ်လုပ်သူဖြစ်လာပြီး ဇာတ်ကားတစ်ကားကို ငွေပုံအော၍ ရိုက်ကူးခဲ့သည်။ ထိုရုပ်ရှင်မှာ မူလက အသံတိတ် ရုပ်ရှင်အဖြစ် ဖန်တီးခဲ့သော်လည်း ရိုက်ကူးနေစဉ် ကာလမှာပင် အသံထွက် ရုပ်ရှင်ခေတ်သို့ ရုတ်ခြည်းကူးပြောင်းလာရာ ရင်းနှီးစိုက်ထုတ်ခဲ့သမျှ ဆုံးရှုံးကုန်ရမည့် အခြေအနေသို့လည်း ကျရောက်နေခဲ့သည်။ သည်တွင် ဂျိုနတ်စ်ကို အကူအညီ တောင်းရ၏။ ဂျိုနတ်စ်သည် ထိုရုပ်ရှင်၏ နောက်ဆက်တွဲ တာဝန် အရပ်ရပ်ကို လွှဲပြောင်းယူခဲ့သော်ငြား အကယ်စင်စစ် ဂျိုနတ်စ်သည် ရုပ်ရှင်လုပ်ငန်းအကြောင်း နကန်းတစ်လုံးမျှသိသူ မဟုတ်။ ရီနာမာလိုး၏ အခက်အခဲကို ဖြေရှင်းပေးရန်သာ ရုပ်ရှင်ထုတ်လုပ်သူအဖြစ် တာဝန်ယူခဲ့ခြင်းဖြစ်၏။ တက္ကသိုလ်ပညာ တစ်ပိုင်းတစ်စနှင့် ကျောင်းထွက်လာသော ဂျိုနတ်စ်သည် မည်သည့်ဘွဲ့မျှရခဲ့သူမဟုတ်ချေ။

ဂျိုနတ်စ်သည် အဆိုပါရုပ်ရှင်ကို အစအဆုံး ပြန်လည် ရိုက်ကူးသည်။ ဇာတ်ညွန်းကိုပြောင်းသည်။ မူလခေါင်းဆောင်မင်းသမီးအစား ရီနာမာလိုးဖြင့် အစားထိုး ရိုက်ကူးသည်။ ထိုသို့လျှင် မမျှော်လင့်လည်း ရီနာမာလိုး ခေါင်းဆောင်မင်းသမီး ဖြစ်လာသည်။ ဤတွင်ပြဿနာ အစပြု၏။

(၄)

အစမ်းရိုက်ကူးထားသော ရုပ်ရှင်ကို ကြည့်ပြီးနောက် ဂျိုနတ်စ်ကော့သည် ဘဝင်မကျသော မျက်နှာထားဖြင့် ရုပ်ရှင်ထုတ်လုပ်ရေးမှ တာဝန်ရှိသူအားလုံးကို အစည်းအဝေး ခန်းမထဲသို့ လာရောက်ရန် ညွှန်ကြားလိုက်သည်။ ထို့နောက် ရီနာမာလိုးရှိရာသို့ မေးငေါ့ပြလိုက်ရင်း မေးခွန်းထုတ်လိုက်သည်။

“သူ့နာမည် ဘယ်သူလဲ”

“သူ့နာမည်ကို လူတိုင်းသိကြပါတယ် မစ္စတာကော့”

“ဒါဖြင့် ဘယ်သူတုံးဆိုတာ ပြောကြပါဦး”

“ရီနာမာလိုး”

“ဒါဖြင့် ဘာကြောင့် ရီနာမာလိုးနဲ့မတူအောင် ဖြစ်နေရတာတုံး။ ကလာရာဘိုးစ်တို့၊ မာရီယွန်ဒေးဗီးစ်တို့၊ စင်သီယာ ရန်ဒေါလ်တို့ဟာ သူတို့ ကိုယ်ပိုင်ရုပ်တွေ ပေါ်လွင်ကြတယ်။ ရီနာမာလိုးကျတော့ ဘာဖြစ်လို့ ရီနာ မာလိုးနဲ့ မတူရတာလဲ”

“ရှင်နားမလည်တာကို ကျွန်မ စိတ်မကောင်းပါဘူး မစ္စတာကော့”

အသံလာရာသို့ မစ္စတာကော့ လှည့်ကြည့်လိုက်သည်။

“မင်းက ဘယ်သူတုံး”

“အိုင်လင်းဂေးလတ်ပါ။ ကျွန်မ ဝတ်စားဆင်ယင်မှုပုံစံ လုပ်တဲ့သူပါ”

“ကောင်းပြီ မစ္စဂေးလတ်။ ကျုပ် နားမလည်ဘူးလို့ မင်းပြောလိုက်တာဟာ ဘာတုံး”

“မစ္စမာလိုးဟာ အင်မတန် ခေတ်ရှေ့ပြေးတဲ့ အဝတ်အစားကို ဝတ်ဆင်ရပါမယ်။ ကျွန်မတို့ဟာ ဇာတ်လမ်းဖြစ်ပွားတဲ့ အချိန်ကာလကိုလည်း ကြည့်ရပါတယ်။ အဲဒီအချိန်ကာလရဲ့ အဝတ်အစားမျိုးကိုလည်း ဝတ်ဆင်ဖို့လိုပါတယ်။ ဒါပေမဲ့ အခြေခံကတော့ ခေတ်ရှေ့ပြေးနေဖို့ လုပ်ရပါတယ်။ အမျိုးသမီး အများစုဟာ ဒါကြောင့် ရုပ်ရှင်ကြည့်ကြတာပါ။ ရုပ်ရှင်ထဲက ဖက်ရှင်တွေကို သူတို့ အတုခိုးကြပါတယ်”

“ရုပ်ရှင်ကြည့်ပရိသတ် အတုခိုးဖို့ ဖက်ရှင်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အဲဒီဖက်ရှင်ဟာ ယောက်ျားလေးတစ်ယောက်နဲ့ တူမသွားစေရဘူး မစ္စဂေးလတ်။ ဘယ်ယောက်ျားလေးမှ ဒီပုံစံမျိုးကို စိတ်မဝင်စားဘူး”

(၅)

“ရီနာ၊ ရေချိုးခန်းထဲကိုသွား။ မင်းမျက်နှာပေါ်ကဟာတွေ မှန်သမျှ အကုန်လုံး ရေနဲ့ဆေးပစ်။ ပြီးတော့ မင်း ဖြီးလိမ်း ပြင်ဆင်နေကျအတိုင်း ဖြီးလိမ်းပြီး ပြန်လာခဲ့”

ရီနာသည် တိတ်ဆိတ်စွာ ထွက်သွားသည်။ အခန်းထဲသို့ ရီနာ ပြန် ရောက်လာသည်အထိ မည်သူမျှ စကားမပြော။

ရီနာ့ပါးစပ်သည် မူလအတိုင်း ပြန်ကျယ်လာသည်။ နှုတ်ခမ်းများလည်း ပြန်ပြည့်လာသည်။ မျက်ခုံးမွေးများလည်း သဘာဝအတိုင်း ပြန်လှလာသည်။ ငွေရောင်ဆံပင်များသည် ခါးပေါ်သို့ ပြန့်ဝဲကျနေ၏။ သို့သော် တစ်ခုခုလိုနေပြန်သည်။ သူ့ကိုယ်လုံးသည် လျော့တိလျော့ရဲဖြစ်နေစေသော အဝတ်အစားများအောက်မှာ တဖြောင့်တတန်းတည်း ဖြစ်နေသေး၏။

“အခန်းထဲကိုပြန်သွား၊ မင်းကိုယ်လုံးကို ထုပ်ပြီး ကျပ်စည်းသလို စည်းထားတာတွေ အားလုံး ချွတ်ပစ်”

အားလုံးသည် တိတ်ဆိတ်နေကြ၏။ ရီနာက ဂျိုနတ်ပြောသည့်အတိုင်း လုပ်သည်။ သည်တစ်ကြိမ် သူပြန်ထွက်လာသောအခါ ရီနာသည် မိန်းမပီသသော မိန်းမတစ်ယောက် ဖြစ်နေတော့သည်။

“ကျုပ်လိုချင်တာ ဒါပဲ။ ကဲ ပြန်ရိုက်မယ်”

“သူ့ကို ဒီအတိုင်း ဓာတ်ပုံရိုက်လို့ မရပါဘူး မစ္စတာကော့။ သူ့ရင်သားတွေက သိပ်လှုပ်နေပါတယ်”

“လှုပ်နေတော့ ဘာဖြစ်တုံး။ ရင်သားဟာ လှုပ်ရမယ်ဆိုတာ ထုံးစံပဲ”

“လှုပ်နေရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ပိတ်ကားပေါ်ကျတော့ ကြည့်လို့ အဆင်မပြေပါဘူး။ သိပ်ကို အကြည့်ရဆိုးနေတတ်ပါတယ်”

“ဘရာစီယာတစ်မျိုး ပြောင်းဝတ်ခိုင်းကြည့်ပါဦး”

ခဏအကြာ မစ္စဂေးလတ်နှင့် ရီနာတို့ ရေချိုးခန်းအတွင်းမှ ပြန်ထွက်လာကြသည်။ အနည်းငယ်တော့ ပိုကြည့်ကောင်းလာသည်။ အကောင်းကြီးတော့ မဟုတ်သေး။ သူမ လှည့်လိုက်သောအခါ ဘရာစီယာက ဆွဲထားသောကြောင့် ရင်သားက ခပ်ပြားပြား ဖြစ်သွားသည်။ နောက်တစ်ကြိမ် ထပ်ပြင်စေပြန်သည်။ လမ်းလျှောက်သောအခါ ရင်သားတွေ မလှုပ်တော့။ သို့သော်လည်း ပဲရစ်မြို့မှ ပလတ်စတာအရုပ်နှင့် တူနေသည်။

“အဲဒီ ဘရာစီယာကြိုးတချို့ကို ဖြုတ်ပစ်လိုက်ရင် ရမလား မစ္စဂေးလတ်”

“မဖြစ်နိုင်ပါဘူး။ ကျွန်မတို့ ကြိုးတွေကို ဖြတ်လိုက်လို့ မရပါဘူးရှင်။ တကယ်လို့ ကြိုးစတချို့ကို ဖြတ်လိုက်ရင် အထဲမှာ ဘာမှဝတ်မထားသလို ဖြစ်သွားပါလိမ့်မယ်။ ကျန်တဲ့ကြိုးလောက်နဲ့ ထိန်းမထားနိုင်တော့ပါဘူး”

(၆)

ဂျိုနတ်စ်သည် ထိုင်ရာမှထလိုက်ပြီး ရီနာမာလိုး၏ ရင်သားကို လုံးကြွပြီးပုံပေါ်လာအောင် လက်ဖြင့် မပြလိုက်သည်။

“ဒီမှာ မြင်တယ်မဟုတ်လား။ ကျုပ်လိုချင်တာ ဒီပုံစံပဲ”

“ရှင်လိုချင်တဲ့ပုံစံဟာ မဖြစ်နိုင်ပါဘူး မစ္စတာဂျိုနတ်စ်။ ရီနာဟာ ထွားကျိုင်းတဲ့ မိန်းကလေးပါ။ ရင် ၃၈ လက်မ ရှိပါတယ်။ ဒီရင်သားကို ဒီလို ပုံစံမျိုးပေါ်လာအောင် ဘယ်ဘရာစီယာကမှ ထိန်းပေးထားနိုင်မှာ မဟုတ်ပါဘူး။ ကျွန်မဟာ အဝတ်အစားပုံစံ တီထွင်သူသာ ဖြစ်ပါတယ်။ အလုံးအထည်တွေ၊ အဆောက်အအုံတွေကို တည်ဆောက်တဲ့ အင်ဂျင်နီယာ မဟုတ်ပါဘူး”

“မစ္စတာမော်ရစ်ဆေကို ခေါ်လိုက်ပါ”

မိနစ်နှစ်ဆယ်အတွင်း လေယာဉ်ပျံ အင်ဂျင်နီယာ မောရစ်ဆေ ရောက်လာသည်။

“သူ့ရင်သားတွေ မလှုပ်နိုင်အောင် ထိန်းထားနိုင်တဲ့ ဘရာစီယာ ကျုပ် ရှာလို့မရဘူး။ ကြည့်ရင်လည်း သဘာဝအတိုင်း ဖြစ်ရမယ်။ ခင်ဗျား ပုံစံတစ်ခုလုပ်ပေးပါ”

“မစ္စတာကော့၊ ခင်ဗျား နောက်နေတာလားခင်ဗျာ။ ကျွန်တော်ဟာ ဘရာစီယာအကြောင်း ဘာမှမသိပါဘူး။ ကျွန်တော်က လေယာဉ်ပျံတည် ဆောက်တဲ့အင်ဂျင်နီယာပါ”

“ဒါကြောင့် ခင်ဗျားကို ကျုပ်ခေါ်တာပေါ့။ ပေါင်ချိန် ထောင်ပေါင်း များစွာ တင်နိုင်တဲ့ လေယာဉ်ပျံတွေကို ခင်ဗျား လုပ်နိုင်တယ်။ ဒါကြောင့် ဒီအသေးအမွှားလေးကို ခင်ဗျား လုပ်နိုင်ရမယ်။ လေယာဉ်ပျံနဲ့စာရင် ရင်သားရဲ့အလေးချိန်ဟာ ဘာမှမဖြစ်လောက်ဘူး။ ဒီအလေးချိန်ကို ခံထားနိုင်အောင် ခင်ဗျားလုပ်ပေးပါ”

မစ္စတာမောရစ်ဆေသည် ရီနာ၏ရင်ဘတ်ကိုသာ ငေးစိုက်ကြည့်နေ၏။ ထို့နောက် သူ့ထံမှ အသံထွက်လာသည်။

“ကျွန်တော် တစ်ခုခုတော့ လုပ်နိုင်လိမ့်မယ်ထင်ပါရဲ့”

“ခင်ဗျား လုပ်နိုင်တယ်ဆိုတာ ကျုပ်သိပါတယ်”

“ဒါဆိုရင် ဇောက်နဲ့လုံးပတ်တိုင်းတဲ့ ကွန်ပါနှစ်ခုလောက်များ မရနိုင်ဘူးလားဗျာ။ ကျွန်တော်တို့ အင်ဂျင်နီယာ စကားနဲ့ဆိုရင် လျှောကွ(ခွ)လို့ခေါ်ပါတယ်”

“အဲဒါတွေနဲ့ ဘာလုပ်မလို့လဲ”

“အဲဒါတွေမရရင် ရင်သားရဲ့ဇောက်နဲ့ လုံးပတ်ကို ဘယ်လိုလုပ်တိုင်းမလဲ”

(၇)

နောက်ဆုံးတွင်မူ မောရစ်ဆေသည် ဂျိုနတ်စ်ကော့၏ စိတ်ကူးစိတ်သန်းအတိုင်း ရီနာမာလိုးနှင့် အံဝင်ခွင်ကျဖြစ်သည့် ဘရာစီယာကို ပုံစံထုတ်ပေးနိုင်ခဲ့သည်။ အဆိုပါ ရုပ်ရှင်သည် မထင်မှတ်လောက်အောင် အမြတ်အစွန်းဖြစ်ထွန်းခဲ့၏။ ရီနာမာလိုးသည်လည်း ကမ္ဘာကျော် မင်းသမီးတစ်လက်ဖြစ်ခဲ့၏။ ရီနာမာလိုး၏ ဘရာဒီဇိုင်းသည်လည်း ယခုခေတ် ဘရာစီယာတို့၏ ရှေ့ပြေးပုံစံဖြစ်ခဲ့၏။ ၎င်းရုပ်ရှင်ကို အစမှအဆုံးတိုင် အလုံးစုံ တာဝန်ယူခဲ့သော ဂျိုနတ်စ်ကော့သည်လည်း ဟောလီးဝုဒ် ရုပ်ရှင်လောကတွင် ကြီးမားသော ရုပ်ရှင်ထုတ်လုပ်ရေး အုပ်စုကြီးကို ဦးဆောင် ထူထောင်နိုင်ခဲ့လေသည်။

ဤသည်ကိုပမာပြု၍ နိုင်ငံတစ်ခု၏ စီးပွားရေးကို ပြန်လည်ဦးမော့လာစေရန် ပညာရှင်တို့ လိုအပ်သည်မှာ မှန်ပါ၏။ သို့သော် ပညာရှင်ဆိုသည်မှာ ဘွဲ့ရပညာတတ် မည်ကာမတ္တကို ဆိုလိုသည်မဟုတ်ချေ။ ဘွဲ့ရခြင်း၊ မရခြင်းသည် အဓိက မကျချေ။ ဦးဆောင် လမ်းညွန်နိုင်သော အရည်အချင်း ရှိဖို့သာ လိုရင်းဖြစ်၏။

ထို့ကြောင့် နယ်ပယ်အသီးသီးမှ မြောက်မြားစွာသော ပညာရှင်တို့၏ အရည်အချင်းကို ကောင်းစွာ သိရှိပြီး ရည်ရွယ်ချက် ထမြောက်အောင် ချိတ်ဆက် လမ်းညွန်ပေးနိုင်သည့် အုပ်ချုပ်ရေးပိုင်းကို ကောင်းစွာ ကျွမ်းကျင်ပိုင်နိုင်သော၊ အမြင်စူးရှထက်မြက်သော ကျမ်းကြီးပေါက်သေတ္တာ မှောက်အုပ်ချုပ်ရေး ပညာရှင်တို့သာ ပို၍လိုအပ်သည်ဟု ကျွန်တော် ယူဆသည်။

အထူးသဖြင့် ယခုအချိန်ကာလကဲ့သို့ ခေတ်ရေစီးကြောင်း အပြောင်းအလဲ မြန်ဆန်နေချိန်တွင် ဆိုခဲ့သော အုပ်ချုပ်ရေး အတတ်ပညာရပ်ကို ကျမ်းကြီးပေါက် ကျွမ်းကျင်ပိုင်နိုင်သော အုပ်ချုပ်ရေးပညာရှင် ပို၍လိုအပ်၏။ သို့သော် ထိုအုပ်ချုပ်ရေး ပညာရှင်အနေနှင့် လိုအပ်သည်ဟု ထင်မြင်ယူဆလျှင် ဇာတ်ညွန်းကိုပြင်ပိုင်ခွင့်၊ သရုပ်ဆောင် အစားထိုးခွင့်၊ အနှောင် အဖွဲ့တို့ကို လွတ်လပ်စွာ ဖြတ်တောက်ပိုင်ခွင့်၊ ပုံစံဒီဇိုင်းအသစ် ထုတ်ပိုင်ခွင့်ရှိသည့် အခြေအနေမျိုး ရှိရမည်ဖြစ်ရာ ထိုအချက်သည် ပို၍အခရာကျပေလိမ့်မည်။          ။

မင်းဒင်

  • TAGS