News

POST TYPE

PERSPECTIVE

ရွေးချယ်စရာ နည်း၍ ဆေးကျောင်းတက်ဖြစ်ခဲ့ဟု စစ်တမ်းအရတွေ့ရှိ
10-Sep-2017 tagged as ပညာရေး

ရန်ကုန်၊ စက်တင်ဘာ ၁၀

ဆေးတက္ကသိုလ် တက်ရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ အခြားရွေးချယ်စရာ နည်းပါးခြင်းကြောင့်ဟု အလုပ်သင် ဆရာဝန်အများစုက ဖြေဆိုခဲ့ကြောင်း စစ်တမ်း ကောက်ယူခဲ့သည့် ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားများသမဂ္ဂ စစ်တမ်းကောက်ယူရေး ကော်မတီခေါင်းဆောင် ဒေါက်တာ ထက်ပိုင်ဦးက ပြောကြားသည်။

အလုပ်သင် ဆရာဝန်ဘဝ စိတ် ကျေနပ်မှု အခြေအနေနှင့် အလုပ်သင် ကာလပြီးဆုံးချိန် အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆိုင်ရာ မျှော်မှန်းချက် အခြေအနေများ သိရှိစေရန် ယခုနှစ် ဇွန်လက ကောက်ယူခဲ့သည့် စစ်တမ်းတွင် ယင်းသို့ ဖြေကြားခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ဆေးတက္ကသိုလ်(မန္တလေး) မှ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် စာမေးပွဲ အောင်မြင်ခဲ့ပြီး မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီးနှင့် ခုတင် ၃၀ဝ သင်ကြားရေး ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော အလုပ်သင် ဆရာဝန် စုစုပေါင်း ၃၄၅ ဦးရှိသည့်အနက် မိမိဆန္ဒအလျောက် ၂၂၀ ဦးတို့ ဖြေဆိုထားသော စစ်တမ်းဖြစ်သည်။

စစ်တမ်း၏ ပထမမေးခွန်း ဆေးတက္ကသိုလ် တက်ရသော အကြောင်းအရင်းတွင် ရွေးချယ်စရာ နည်းပါးခြင်းကြောင့်ဟု ဖြေဆိုမှု ၉၁ ကြိမ်၊ ဆရာဝန်ဖြစ်လိုသောကြောင့် ဖြေဆိုမှု ၇၈ ကြိမ်၊ ပတ်ဝန်းကျင် တိုက်တွန်းသဖြင့် ဖြေဆိုမှု ၅၆ ကြိမ်နှင့် အခြားကြောင်းများကြောင့်ဟု ဖြေဆိုမှု ၁၃ ကြိမ်ရှိသည်။

အဆိုပါစစ်တမ်းတွင် ပါဝင်ဖြေဆိုကြသူများမှာ ၂၀၁၀ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်ခဲ့ကြသူများဖြစ်သဖြင့် ထိုအချိန်ကရွေးချယ်ရန် တက္ကသိုလ် နည်းပါးခြင်းအပြင် မိဘများ တိုက်တွန်းခြင်းကြောင့် ဆေးကျောင်းတက်ရသဖြင့် ယခုကဲ့သို့ ဖြေဆိုခြင်းဖြစ်နိုင်ကြောင်း ဒေါက်တာ ထက်ပိုင်ဦးက သူ၏ယူဆချက်ကို ပြောကြားသည်။

ယင်းစစ်တမ်းတွင် ပါဝင်ဖြေဆိုခဲ့သူ အလုပ်သင် ဆရာဝန် ကိုစွမ်းရည်ထွန်းက ဆယ်တန်းတွင် မိမိရရှိခဲ့သော အမှတ်နှင့်ကိုက်ညီသော တက္ကသိုလ်များကို စဉ်းစားရာတွင် ရေကြောင်း တက္ကသိုလ်နှင့် ဆေးတက္ကသိုလ် နှစ်ခုသာရှိသည့်အနက် အကောင်းဆုံးဟုထင်သော ဆေးတက္ကသိုလ်ကိုသာ ရွေးချယ်ခဲ့ကြောင်း ပြောကြားသည်။

ခေတ်စနစ်ကြောင့် မိမိ ဘာဝါသနာပါမှန်းပင် မသိခဲ့ဘဲ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် အကောင်းဆုံးဖြစ်မည်ဟုထင်သော ဆေးတက္ကသိုလ်ကိုသာ ရွေးချယ် တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

“ဒီအလုပ်၊ ဒီဘာသာရပ်ပေါ်မှာ စိတ်ဝင်စားမှုရှိလား၊ မရှိလားဆိုတာ မသိတော့ ကြိုးစားချင်စိတ်ကို ပြန်ရှာနေရတယ်”ဟု ကိုစွမ်းရည်ထွန်းက ပြောကြားသည်။

လက်ရှိ ဆေးတက္ကသိုလ်(မန္တလေး) နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးက ဆယ်တန်းအောင်ချိန်သည် ကိုယ်ပိုင် ဆုံးဖြတ်ချက်ချနိုင်သည့်အရွယ် မဟုတ်သေး၍ အမှတ်ကောင်း ရရှိထားပါလျက် အခြားတက္ကသိုလ်ကို ရွေးချယ်မိပါက စွန့်စားရာ ရောက်လွန်းနေပြီး ဆေးတက္ကသိုလ်သာ လက်မလွှတ်နိုင်သော အခွင့်အရေး တစ်ခုအဖြစ် မှတ်ယူကြောင်း ပြောကြားသည်။

ယင်းစစ်တမ်းအပေါ် ဆေးတက္ကသိုလ် (မန္တလေး) ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ (ဒေါ်) အေးအေးချစ်က “ရွေးချယ်စရာ မရှိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီအရွယ်တွေက ဆန္ဒကို ဦးစားပေးတဲ့အရွယ်တွေဆိုတော့ ဒီလိုပဲ တွေးတတ်ကြပါတယ်”ဟု မှတ်ချက်ပြု ပြောကြားသည်။

မိမိတက္ကသိုလ် စတက်စဉ် ၁၉၈၃ ခုနှစ်ကလည်း ယခုကဲ့သို့ အတွေးမျိုး မပေါ်ဖူးသော်လည်း ဆေးတက္ကသိုလ်ကို ဝါသနာပါ၍ တက်ခဲ့ခြင်း မဟုတ်ကြောင်းနှင့် ကျောင်းတက်ရင်း လေ့ကျင့်ရင်းဖြင့်သာ မိမိအလုပ်ပေါ်ကို ကျေးဇူးတင်လာကြောင်း ဒေါက်တာ (ဒေါ်) အေးအေးချစ်က ရှင်းပြသည်။

အဆိုပါစစ်တမ်းတွင် လုပ်ငန်းခွင် စိတ်ဖိစီးမှု၏ သက်ရောက်မှု အခြေအနေ၊ ဘွဲ့ရပြီးပါက ဆရာဝန်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြု၊ မပြု၊ အလုပ်သင် ဆရာဝန် ချီးမြှင့်ငွေပေါ်အမြင် စသည့် မေးခွန်းများအပါအဝင် မေးခွန်းစုစုပေါင်း ၁၅ ခုပါဝင်ပြီး စစ်တမ်းရလဒ်ကို ကျောင်းအုပ်ချုပ်ရေးအဖွဲ့၊ ဆေးတက္ကသိုလ်သင်ကြားရေး ဌာနများနှင့် ပါမောက္ခချုပ်ထံ ပေးပို့ထားကြောင်း ဒေါက်တာထက်ပိုင်ဦးက ပြောကြားသည်။

မြဇာခြည်သင်း