News

POST TYPE

PERSPECTIVE

မောင်တောနယ်စပ် အကြမ်းဖက်ခံရမှု ပြဿနာနှင့် လက်တွေ့ကျင့်သုံးသင့်သည့် အမြင်သဘောထားများ
လတ်တလော မြန်မာနိုင်ငံ အနောက်ဘက်တံခါး ပြဿနာများနှင့် ပတ်သက်၍ လက်တွေ့ဖြေရှင်းရမည့်သူမှာ လက်ရှိ မြန်မာနိုင်ငံအစိုးရ ဖြစ်ပါသည်။ ပြောရမည်ဆိုလျှင် မြန်မာပြည်သူများ၏ ထောက်ခံမှုကို ရယူပြီး ဖြေရှင်းရမည့် တာဝန်ရှိ အဖွဲ့အစည်း ဆိုလျှင်လည်း မမှားပေ။ သို့ရာတွင် ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုများနှင့် ပတ်သက်၍ နိုင်ငံအတွင်း ချဉ်းကပ်မှု ပုံစံအမျိုးမျိုးနှင့် ရှုမြင်သည့် ပုံစံအမျိုးမျိုးဖြင့် သဘောထား ကွဲလွဲနေသည့် အစုအဖွဲ့များ ရှိနေပြန်ပါသည်။

မတူကွဲပြားသည့် အမြင်ရှိသူများ အနေနှင့် ဂရုပြုရမည့် အချက်တစ်ချက်မှာ ယခုတစ်ကြိမ် ဖြစ်ပွားသည့် ပြဿနာကို ချဉ်းကပ်ရာ၌ ပြဿနာ မည်သည့်အတွက်ကြောင့် ဖြစ်ရသည်၊ ခေတ်အဆက်ဆက် မည်သူတို့၏ အမှားကြောင့် ဖြစ်ရသည်တို့ကို အဖြေရှာဖို့ အားသွန်ခွန်စိုက် ပြုနေခြင်းသည် ယခုလက်ရှိ ပြဿနာကို မည်သည့်ဖြေရှင်းနည်းမှ မရောက်ပါကြောင်း ဦးစွာသိစေလိုပါသည်။ မည်သူ့အားနည်းချက်ကြောင့် ဖြစ်လာရသည် ဖြစ်ပါစေ လက်ရှိတာဝန်ယူ ဖြေရှင်းရမည်မှာ ယနေ့ခေတ် မြန်မာနိုင်ငံသားတို့၏ တာဝန်ပင် မဟုတ်ပေလော။ ယခင်အစိုးရကြောင့် ဖြစ်ရသည်ဟုဆိုလျှင် ယခင်အစိုးရကလည်း ဦးနုအစိုးရကို ပြစ်တင်ပေလိမ့်မည်။ ဦးနုအစိုးရကလည်း ကိုလိုနီနယ်ချဲ့ကို ထိုးချပေလိမ့်မည်။ ကိုလိုနီနယ်ချဲ့ကလည်း ၎င်းင်းခေတ် စစ်အရှုံးစရိတ်ကို ပြပေလိမ့်မည်။

ပါတီဝင် ကတ်ပြားအချို့ကိုပြ၍ သမိုင်းကြောင်း မလှခဲ့သည်များကို ပြစ်တင်နေခြင်းသည် မီးလောင်ရာတခြား ရေဖျန်းရာတခြား ဖြစ်သကဲ့သို့ လွဲနေခြင်းပင် ဖြစ်ပေလိမ့်မည်။ မောင်တောမြို့တွင် ယခင်က ပါတီကြီးတစ်ခု၏ မြို့နယ်ဥက္ကဋ္ဌမှာ တိုင်းရင်းသူစစ်စစ်ကို ယူထားသည့် ဘင်္ဂါလီတစ်ဦး ဖြစ်သကဲ့သို့ ‘ရို’ အမည်ဖြင့်ပင် ထုတ်ပေးထားသည့် ပါတီဝင်ကတ်ပြား အစစ်ကို မျက်မြင်ကိုယ်တွေ့ မြင်ဖူးပါသည်။ ယခင်အာဏာရပါတီသည် ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ နိုင်ငံရေးအရ မှားယွင်းစွာ အသုံးချမိခဲ့သကဲ့သို့ အတိုက်အခံ အဖွဲ့အစည်းသည်လည်း လူ့အခွင့်အရေးဆိုသည့် ရှုထောင့် တစ်ခုတည်းဖြင့် မှားယွင်းစွာ ရပ်တည်ခဲ့ဖူးသည်သာ။

အခြားမတူကွဲပြားသည့် ရှုမြင်သုံးသပ်ပုံမှာ အင်အားကြီး ရခိုင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သော AA ကို ယခုပြဿနာများတွင် ဝင်ရောက်မကူညီရကောင်းလားဟု အပြစ်တင်နေခြင်းနှင့် AA ကို ထောက်ခံသူများကလည်း ဘင်္ဂါလီ ပြဿနာမှာ တပ်မတော်အစိုးရက အမှတ်ယူလို၍ ဖန်တီးနေသော ပြဿနာဟု ရှုမြင်နေခြင်းပင် ဖြစ်ပါသည်။ AA မကူညီရကောင်းလားဟု အပြစ်တင်လိုသော အယူကို အရင်ပြောချင်ပါသည်။ AA သည် NCA လက်မှတ်မထိုးရသေးသည့် မြန်မာအစိုးရနှင့် နိုင်ငံရေးအရ မည်သည့်ကဏ္ဍတွင်မှ တရားဝင် ပါဝင်ကူညီခွင့် မရှိသေးသောအဖွဲ့ ဖြစ်ပါသည်။ ပြောရမည်ဆိုလျှင် ဤပဋိပက္ခကို ကူညီဖြေရှင်းပေးနိုင်သည့် စက်ဝန်းအပြင်ဘက်တွင်သာ ရှိသေးသည့် အဖွဲ့အစည်း ဖြစ်ပါသည်။ ထို့ကြောင့် ANP ပါတီအနေနှင့် လက်တွေ့ကျသော လုပ်ဆောင်ချက် ဖြစ်သည့် တပ်ချုပ်နှင့် တွေ့ဆုံဆွေးနွေး အကူအညီတောင်းခဲ့ခြင်း ဖြစ်ပါသည်။ တပ်မတော်က အမှတ်ယူလို၍ ဤပြဿနာအပေါ် ကစားနေခြင်းဖြစ်သည် ဟူသော အမြင်ကို ပြောလိုပါသည်။ ယနေ့အချိန်အခါတွင် ဘင်္ဂါလီ ပြဿနာသည် နိုင်ငံရေးအရ ကစား၍ကောင်းသော လှည့်ကွက်မဟုတ်သည်ကို နကန်းတစ်လုံးမှ မသိသည့်လူပင် စဉ်းစားမိနိုင်ပါသည်။ ဘင်္ဂါလီ ပြဿနာလို အစွန်းရောက် အကြမ်းဖက်မှုဖြင့် နိဂုံးသတ်မည့် ကိစ္စကို နိုင်ငံရေးလက်နက်အဖြစ် ကစားခြင်းသည် သမိုင်းက ခွင့်လွှတ်လိမ့်မည်မဟုတ် ဟူသည်ကို ခေတ်သစ်နိုင်ငံရေးရေစီးကြောင်းထဲသို့ လိုက်ပါမည့်သူတိုင်း သိနိုင်ပါသည်။ မိမိတို့ မကူညီနိုင်လျှင်ပင် နေပါစေ အကျိုးယုတ်နိုင်သော စွပ်စွဲချက်မျိုးကို မပြုသင့်ပါ။ ဤစွပ်စွဲချက်မျိုးသည် မီးလောင်ရာတခြား ရေဖျန်းရာတခြား ဖြစ်ရုံမျှမက ဒုက္ခရောက်နေသူ အပေါင်းအပေါ် စာနာမှုကင်းမဲ့စွာ လမ်းကြောင်းလွှဲပေးနေခြင်းမျိုး ဖြစ်နေပါသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ယခုတစ်ကြိမ် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုသည် အစိုးရသစ်ကို ရခိုင်ပြည်နယ် ပဋိပက္ခအပေါ် ကိုင်တွယ်ဖြေရှင်းဖို့ ချဉ်းကပ်ပုံ အသစ်လိုနေပြီဟု မီးမောင်းထိုးပြလိုက်သလိုပင် ဖြစ်နေပါသည်။ အစိုးရသစ်အတွက် လတ်တလော အာနန်ကော်မရှင်၏ အကြံပြုချက်များသည် ရခိုင်ပြည်နယ် ပဋိပက္ခအတွက် နိုင်ငံတကာ ထောက်ခံမှု ရထားသော ဖြေရှင်းရမည့် နည်းလမ်းများ ဖြစ်ပါသည်။ သို့သော် ယခုကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှု ခံရသည့် အခြေအနေလွန် ကာလမျိုးတွင် လက်တွေ့ဖြေရှင်းရမည့် ပုံစံနှင့် အနည်းငယ် အလှမ်းဝေးနေပြန်ပါသည်။ အကြမ်းဖက်မှုဖြင့်သာ လွတ်မြောက်ရေးလမ်းစ ရှာဖွေ၍ နိုင်ငံသစ် ထူထောင်ရမည်ဟူသော အတွေးအခေါ်သည် ဘင်္ဂါလီ လူ့အဖွဲ့အစည်းအတွင်း အခြေလှိုက်၍ စိမ့်ဝင်နေသော အယူအဆ ဖြစ်နေပါသည်။ ဤနည်းလမ်းသည် ဘင်္ဂါလီများအတွက် အဖြေမဟုတ်သည်ကို ပြင်းထန်သော တုံ့ပြန်မှုမျိုးဖြင့် ဦးစွာ သင်ခန်းစာပေးရန် လိုပါမည်။ အကြမ်းဖက်မှုအတွက် ဤနိုင်ငံတွင် စေ့စပ်ညှိနှိုင်းသော လမ်းစမရှိ၊ တင်းမာသော သဘောထားသာ ရှိသည်ကို ဦးစွာ ပြသရန် လိုပါမည်။

စစ်အုပ်ချုပ်ရေးလုပ်ရန် လို၊ မလို အငြင်းပွားမှုများလည်း ရှိပါသည်။ အစိုးရအနေနှင့် ရခိုင်ပြည်နယ် ပြဿနာကိုဖြေရှင်းရာ၌ သံတမန် နည်းလမ်းအရ ဖြေရှင်းလာရမည့် အခြေအနေမျိုးကိုလည်း မျှော်လင့်ထားပုံရသည့် အတွက် စစ်အုပ်ချုပ်ရေး သတ်မှတ်ရန်ကို သိပ်သဘောတွေ့ပုံ မရပေ။ တပ်မတော်အနေနှင့်လည်း လက်ရှိ နိုင်ငံရေးအခင်းအကျင်းတွင် လူလုံးထွက်ပြသည် ဟူသော စွပ်စွဲချက်မျိုးကို မလိုလားသည့်အတွက် စစ်အုပ်ချုပ်ရေးကို တတ်နိုင်သမျှ ရှောင်ရှားလိုပုံ ရသည်။

ဒုတိယအချက် အနေနှင့် ဤနိုင်ငံတွင် ဘင်္ဂါလီများအတွက် မွေးရာပါ နိုင်ငံသားအခွင့်အရေး ဖြစ်သော တိုင်းရင်းသား အခွင့်အရေး မည်သည့်အခါမှ ရမည်မဟုတ်ဘဲ နိုင်ငံသားဖြစ်ရန် ဥပဒေအရ စစ်ဆေးခြင်းကို ခံရမည်၊ နိုင်ငံသား မဖြစ်နိုင်သူများ နေထိုင်ရှင်သန်ခွင့်အတွက် အစိုးရက တိကျသည့် မူဝါဒတစ်ရပ် ချမှတ်၍ ဥပဒေ ပြဋ္ဌာန်းပြီး ကိုင်တွယ်သင့်ပါသည်။ နိုင်ငံတကာ အထောက်အပံ့များသည်လည်း ဤဥပဒေနှင့် ညီမှသာလျှင် ဝင်ရောက်ဆောင်ရွက်ခွင့် ပြုစေသင့်ပါသည်။ အဓိက အရေးကြီးသည့် အချက်မှာ ၎င်းလုပ်ငန်းစဉ်များကို ရခိုင်အပါအဝင် တိုင်းရင်းသား မိတ်ဖက်အဖွဲ့များနှင့် အဆင့်တိုင်းတွင် ဆွေးနွေးတိုင်ပင်ပြီးမှ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

နယ်စပ်ခြံစည်းရိုးကို ပိုမိုကောင်းမွန်သော အရံအတားများဖြင့် ပြုလုပ်ခြင်း၊ စောင့်ကြပ်ကြည့်ရှုသည့် အဖွဲ့အစည်းများကို စွမ်းရည်ပြည့်ဝအောင် ဆောင်ရွက်ပေးခြင်း၊ နယ်စပ်ဖြတ်ကျော် မှုခင်းများအတွက် နှစ်နိုင်ငံ ပူးတွဲစာချုပ်များ ပြုလုပ်အကောင်အထည်ဖော်ခြင်းများကို ဦးစားပေးအလိုက် အကောင်အထည် ဖော်သင့်ပါသည်။ နိုင်ငံရပ်ခြားမှ တရားမဝင် ငွေကြေးထောက်ပံ့မှုများကို နိုင်ငံတကာ ထောက်လှမ်းရေးအဖွဲ့များနှင့် ပူးပေါင်းဖော်ထုတ်ခြင်း၊ အာရဗီစာပေ သင်ကြားရေးနှင့် ပတ်သက်၍ ဘာသာရေးကျောင်းများကို မှတ်ပုံတင်စေခြင်း၊ သင်ရိုးညွှန်းတမ်းများကို စိစစ်ခြင်း၊ ဘာသာရေး ဆရာများကို နိုင်ငံတော်က အသိအမှတ်ပြုသည့် ကျောင်းများမှသာ တက်ရောက်သင်ကြားစေခြင်း၊ အစိုးရ၏ အုပ်ချုပ်ရေး အာဏာစက် ရရှိအောင် ရယူခြင်းများကို ပြန်လည်အကောင်အထည်ဖော်ခြင်းများ ဆောင်ရွက်သင့်ပါသည်။ အစိုးရ ဝန်ဆောင်မှု လုပ်ငန်းများကို ပိုမိုလက်လှမ်းမီမီရစေခြင်းဖြင့် လူ့အခွင့်အရေးအကြောင်းပြ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို လျှော့ချပေးလာနိုင်မည် ဖြစ်ပါသည်။

တိုင်းရင်းသားကျေးရွာများ ရေရှည်ရပ်တည်ရေးနှင့် ပတ်သက်၍လည်း မူဝါဒ ချမှတ်ရာ၌ ယခင်နည်းလမ်းဟောင်းများအတိုင်း မလိုက်ဘဲ ပိုမိုကောင်းမွန်သည့် နည်းလမ်းသစ်များ ချမှတ်ဆောင်ရွက်သင့်ပါသည်။ ဘင်္ဂါလီ လူ့အဖွဲ့အစည်းသည် ခေတ်အဆက်ဆက် ထိရောက်သော အုပ်ချုပ်မှုစနစ်နှင့် အလှမ်းကွာခဲ့သည့် လူ့အဖွဲ့အစည်းဖြစ်သည့် အတွက် မူဝါဒ လုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်ရာ၌ တိုင်းပြည်၏ အားကောင်းသော အင်စတီကျူးရှင်း တစ်ခုက ပြီးဆုံးအောင်အထိ ပါဝင်ကူညီရန် လိုပါလိမ့်မည်။ ရခိုင်လူမျိုးများ အနေနှင့်လည်း မိမိတို့ဒေသ ရေရှည်အကျိုးစီးပွားအတွက် အပြုသဘောဆောင်သော သဘောထားအမြင်များကို လက်ရှိအစိုးရနှင့် ပူးပေါင်း၍ လက်တွေ့ကျကျ အကောင်အထည်ဖော်ခြင်းသည်သာ ပြည်တွင်းတွင် ဘင်္ဂါလီ ပြဿနာကို အလျင်မြန်ဆုံးနှင့် အကောင်းဆုံး ဖြေရှင်းရာရောက်မည် ဖြစ်ပါတော့သည်။

ဆယ်လ်မွန်လင်း