News

POST TYPE

PERSPECTIVE

ပလက်ဖောင်း ပျောက်နေတဲ့ လှည်းတန်း
07-Sep-2017

ရန်ကုန်မြို့မှာ လှည်းတန်း ကမာရွတ်ဆိုရင် လူတိုင်းသိပါတယ်။ လှည်းတန်းကိုလာဖို့ဆိုလျှင် လူတိုင်းလည်း လာတတ်ကြပါတယ်။ လှည်းတန်းဟာ ရန်ကုန်-အင်းစိန် လမ်းနဲ့ ရန်ကုန်-ပြည်လမ်းတို့ရဲ့ အဆုံမှာ ရှိပါတယ်။ ခုံးကျော်တံတားလည်း ရှိပါတယ်။ ပြည်လမ်း တစ်လျှောက်မှာ ရန်ကုန်တက္ကသိုလ် ရှိတယ်။ မာလာမှတ်တိုင် ရှိတယ်။ ဂျပ်ဆင်ကောလိပ်ပေါက်ရှိတယ်။

တကယ်တော့ လှည်းတန်းဟာ ရန်ကုန်တက္ကသိုလ်ကြီး အရှိန်နဲ့ ဝင့်ထည်နေတာပါ။ ခေတ်အဆက်ဆက် တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ ကျင်လည်ခဲ့တဲ့နေရာလည်း ဖြစ်ခဲ့တယ်။ ဒီကနေ့အထိ လှည်းတန်းဟာ အဲဒီဂုဏ်နဲ့ ရပ်တည်နေဆဲပါ။ လှည်းတန်းမှာ ဘာသာစကားသင်တန်း မျိုးစုံရှိတယ်။ စာရင်းကိုင်သင်တန်းတွေ၊ ကွန်ပျူတာသင်တန်းတွေ အစုံရှိတယ်။ စနေ၊ တနင်္ဂနွေဆိုရင် တိုးမပေါက်အောင် စည်ကားတဲ့နေရာ ဖြစ်တယ်။ လှည်းတန်းဟာ နယ်စုံက သင်တန်းလာတက်ကြတဲ့ ကျောင်းသား ကျောင်းသူတွေ ရှိတယ်။ ဒါကြောင့် အဆောင်တွေ ပေါပါတယ်။ ငှားနေကြသူတွေ များတယ်။ အဆောင်နေသူတွေဆိုတော့ ကိုယ်တိုင် ချက်ပြုတ်စားသူတွေ နည်းတယ်။ ညနေပိုင်းဆိုရင် အပြင်ထွက်စားသူတွေ၊ ရယ်ဒီမိတ် ချက်ပြုတ်ပြီးသားဆိုင်တွေ လက်မလည်အောင် ရောင်းရတဲ့လှည်းတန်း။ လှည်းတန်းမှာ စိန်ဂေဟာရှိတယ်။ လှည်းတန်း Centre Shopping Mall ကြီးရှိတယ်။ အင်းစိန်ဘက်မှာ ဂမုန်းပွင့်ရှိတယ်။ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်တွေမှာ တိုးမပေါက်တာ မဆန်းလှပါဘူး။

ဒီနှစ် မိုးကောင်းလှပါတယ်။ ကောင်းဆို အဆက်မပြတ် ရွာနေတဲ့ မိုးကြောင့် လှည်းတန်းလမ်းမကြီး ပေါက်ပြဲပျက်စီးလာပါတယ်။ အ.ထ.က ကျောင်းကြီးရှေ့မှာ တော်တော် ဆိုးပါတယ်။ မိုးနည်းနည်းပါးတုန်းက စည်ပင်အဖွဲ့တွေ လာပြင်ကြပါတယ်။ ပြုပြင်ဖာထေးကြပါတယ်။ သိပ် မကြာလိုက်ပါဘူး။ ရေစီးနဲ့ပြန်ပြီး မျောပါသွားကြပြန်ပါတယ်။ တဖြည်းဖြည်းနဲ့လမ်းက ပိုပျက်လာပါတယ်။ လှည်းတန်းလမ်းက အသွားနှစ်စီး အပြန်နှစ်စီး ကောင်းကောင်း မောင်းလို့ရတဲ့လမ်းမကြီးပါ။ တချို့နေရာမှာ (လှည်းတန်းဈေးရှေ့) ကားပါကင်ထိုးလို့ရတဲ့ နေရာ သီးသန့်တောင်ရှိပါသေးတယ်။ တချို့နေရာတွေကတော့ ကားပါကင်ထိုးလို့ ရပေမယ့် ညနေပိုင်းဆိုရင် ငါးကင်ဆိုင်တွေ အပြိုင်အဆိုင် ထွက်ကြပါတယ်။ အနီးအနားမှာ နေထိုင်သူတွေကတော့ ငါးကင်နံ့ တထောင်းထောင်းနဲ့ အသက်မရှူနိုင်ကြဘူး ဖြစ်နေကြတယ်။ စိန်ဂေဟာဘက်အခြမ်းမှာတော့ ကားပါကင်လည်း ထိုးလို့မရ။ ရှိတဲ့ပလက်ဖောင်းကလည်း ဆိုင်ခန်းတွေ ခင်းကျင်းထားလို့ပါပဲ။ ဒီတော့ လမ်းနှစ်ဖက်စလုံးမှာ ပလက်ဖောင်း မရှိတော့ပါဘူး။ ဒါ့ကြောင့် ဒီလောက် အသွားများလှတဲ့ လှည်းတန်းလမ်းမကြီးပေါ်မှာ လူတွေရော ယာဉ်တွေရော ရောထွေးယှက်တင် သွားလာနေကြရတော့တာပါပဲ။ 

ခုတော့ လှည်းတန်းလမ်းမကြီးက အသစ်ခင်းနေပါပြီ။ ၉ လက်မ ထုရှိတဲ့ ကွန်ကရစ်လမ်းပါ။ ပထမဆုံး စိန်ဂေဟာဘက်ခြမ်းမှာ တစ်လမ်းစာစပြီး ကွန်ကရစ် လောင်းပါတယ်။ ၁၀ ပေလောက်တော့ ရှိမယ်ထင်တယ်။ ပြီးတော့ လှည်းတန်းဈေးဘက်ခြမ်း ကားပါကင်တွေဘက် လောင်းပါတယ်။ အလယ်မှာ ကားတွေ သွားကြလာကြပေါ့၊ ဖြည်းဖြည်း မောင်းကြပေါ့။ တစ်ဖက်ပြီးလို့ မောင်းရတဲ့အချိန်မှာ အဲဒီပေါ်ကလည်း မောင်းလို့ရအောင် လုပ်ပေးပါတယ်။ ဒီလိုနဲ့ ဟိုဘက်တစ်ဖက်၊ ဒီဘက် တစ်ဖက်ခင်းလိုက်တာ ပြီးလုပြီးခင်ပါပဲ။ အဲဒီလို တစ်ဖက်စီခင်းပြီး လမ်းလယ်က ကားတွေ သွားနေတဲ့အချိန်မှာ ဘေးလမ်းတွေပေါ်မှာ လူတွေ အပြည့်ပဲ။ စိတ်ကြည်နူးမှု တစ်ခုတောင် ခံစားလိုက်မိလို့ ဓာတ်ပုံ မှတ်တမ်းတောင် တင်ထားလိုက်မိပါတယ်။ အဲဒီမြင်ကွင်းက ဘာလဲဆိုရင် တစ်ဖက်တစ်ချက်ခင်းထားတဲ့ လမ်းတွေပေါ်မှာ လူတွေ သွားကြလာကြ။ အလယ်မှာ ကားတွေသွားကြ လာကြနဲ့။ ဪ ... ဒီလိုလေးများ ပြည်သူတွေအတွက် သွားလမ်းလာ လမ်းသာကြရင် ဘယ်လောက် ကောင်းမလဲလို့ပေါ့။

မကြာခင်တော့ ဒီလမ်းမကြီး ပြီးသွားမှာပါ။ ဒီလမ်းမကြီးကိုကြည့်ရင် ကွန်ကရစ်က ၉ လက်မထုရှိလေတော့ ဘေးဘက်ကရှိပြီးသား ပလက်ဖောင်း (စိန်ဂေဟာရှေ့ဘက်တစ်လျှောက်) ဟာ နိမ့်သွားပါတယ်။ လမ်းပခုံးနဲ့ညီအောင် မြှင့်တင်ဖို့လိုလာပြန်ပါပြီ။ စီးကျလာတဲ့မိုးရေတွေ စီးဆင်းဖို့၊ ရေစီးရေလာကောင်းဖို့ လိုလာသလို ပလက်ဖောင်းတွေ ပြန်ပြီးပေါ်လာအောင် လုပ်ပေးဖို့ လိုလာပြန်ပါပြီ။ ဘာကြောင့်လဲဆိုတော့ ပလက်ဖောင်းတွေကရှိပေမယ့် လူသွားလို့ မရတဲ့ပလက်ဖောင်းတွေ ဖြစ်နေပါတယ်။ ရှိတဲ့ပလက်ဖောင်းက မညီမညာ တချို့နေရာက ဆိုင်တွေ ပိတ်ခင်းထားပါသေးတယ်။ နောက်တစ်ချက်ကတော့ လှည်းတန်းဈေးရှေ့တစ်လျှောက် ကားပါကင်တွေအတွက် နေရာသီးသန့် ရှိပေမယ့် ပျံကျဈေးသည်တွေ နေရာ ယူလာကြပါတယ်။ အစက တစ်ဆိုင်နှစ်ဆိုင်ကနေ လမ်းတစ်လျှောက်လုံး ဆိုင်တွေ ပြည့်နှက်သွားပါတယ်။ တချို့ ကားလမ်းမကြီး အစပ်ထိ ရောက်လာတယ်။ ကားတွေက တဝူးဝူးသွား၊ လူတွေကလည်း အုံတိုးပြွတ်သိပ်ပြီး ထိုင်စားနေကြတယ်။ ဘာမှမဖြစ်သေးရင်တော့ မဖြစ်သေးလို့ပဲ မှတ်ရပါလိမ့်မယ်။

အမှန်ကတော့ လမ်းမကြီး အဆင့်မြင့်ခင်းပြီးတာနဲ့ ဘယ်အပိုင်းကတော့ဖြင့် ကားပါကင်ရပ်ဖို့။ ရပ်ချင်သလိုရပ်ဖို့ မဟုတ်ဘဲ သတ်သတ်မှတ်မှတ် လုပ်ပေးဖို့ လိုပါတယ်။ ပျံကျဈေးဆိုင်တွေကိုတော့ ရောင်းချခွင့် မပေးတာ ကောင်းပါတယ်။ အကန့်အသတ်နဲ့ပေးရင်လည်း လူတွေက စည်းကမ်းမရှိကြပါဘူး။ ကြာလာတာနဲ့အမျှ ထင်သလို မင်းမူလာကြတာ ပါပဲ။ ကားပါကင်မှာလည်း ရောင်းတယ်။ ပလက်ဖောင်းပေါ်မှာလည်း နည်းမျိုးစုံနဲ့ တက်ရောင်းကြလို့ သွားစရာ လာစရာလမ်း မရှိတော့ပါဘူး။ အခုဆိုရင် လမ်းခင်းနေဆဲမို့ ဆိုင်တွေ ခေတ္တ ပျောက်နေပါတယ်။ ဒါတောင်မှ တချို့ဆိုင်တွေက မရှိတဲ့ပလက်ဖောင်းကျဉ်းကျဉ်းပေါ်မှာ ချရောင်းနေကြပါတယ်။ ခုတော့ လူတွေက အသစ်ခင်းထားတဲ့ ကွန်ကရစ်လမ်းပေါ်က  တက်ပြီး လျှောက်နေကြပါတယ်။ တချို့ဆိုင်တွေကလည်း လမ်းခင်းပြီးတာနဲ့ ဆိုင်ထွက်ဖို့ တာစူနေကြပါတယ်။ မေးတင်နေကြပါတယ်။ ရန်ကုန်မြို့တွင်းမှာလည်း ပလက်ဖောင်း တိုးချဲ့တဲ့လမ်းတွေ မနည်းပါဘူး။ အထူးသဖြင့် အိမ်စီးကားတွေရယ်၊ တက္ကစီတွေ ရပ်ဖို့ပါ။ ဒါပေမဲ့လည်း ကားပါကင်တွေ ပလက်ဖောင်းတွေ ခင်းပြီးရင် ဈေးဆိုင်တွေ ရောက်လာတာပါပဲ။ ပလက်ဖောင်းတွေ ကားပါကင်တွေဟာ ပျံကျဈေးဆိုင်တွေအတွက် ခင်းပေးသလို ဖြစ်နေပါတယ်။ အဲဒါကို တားဆီးလို့မရ ဖြစ်နေတာပါ။ ခုဆိုရင်လည်း လမ်းခင်းပြီးတာနဲ့ လာကြဦးမယ်။ စည်းကမ်း သတ်မှတ်ထားရင်လည်း ခဏပါပဲ။ ကြာလာတော့ တစ်ဆိုင်ပြီးတစ်ဆိုင် တိုးလာတာပါ။ အဲဒါကိုတော့ စနစ်တကျ ကြီးကြပ်ဖို့ လိုပါလိမ့်မယ်။ 

လှည်းတန်းလမ်းဟာ လေးလမ်းဆုံဖြစ်ပါတယ်။ ခုံးကျော်တံတား ဆောက်ထားပါတယ်။ ဒါပေမဲ့ ယာဉ်ကြော ကျပ်ပါတယ်။ မီးပွိုင့်ကြာပါတယ်။ အနည်းဆုံး မီးပွိုင့်နှစ်ခါလောက် စောင့်ရတတ်ပါတယ်။ ဒီတော့ ယာဉ်ကြောက အမြဲပဲ လေးဖက်လေးတန် ပိတ်ဆို့နေတတ်ပါတယ်။ ရန်ကုန်မြို့က ခုံးကျော်တွေကတော့ သိတဲ့အတိုင်းပါပဲ။ လမ်းဆုံတွေ့လိုက်တာနဲ့ ခုံးကျော် ဆောက်လိုက်တာပါပဲ။ ဆောက်ပြီးတာနဲ့ ယာဉ်ကြော ပိုပြီးကျပ်သွားတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ခုံးကျော်တံတားတွေဟာ မြေနေရာ အများကြီး ယူလိုက်တော့ တံတားအောက်ဘက်မှာ အရင်ကလို ယာဉ်ကြော အပြည့်မရှိတော့ဘူး။ တချို့ခုံးကျော်တွေဘေးမှာဆိုရင် ကားတစ်စီးတောင် အနိုင်နိုင် မောင်းရတော့လို့ပါပဲ။ ဒီတော့ ကားတွေဟာ မီးပွိုင့်တွေမှာကြာတော့ စိတ်မရှည်နိုင်ကြတာ တွေ့ရတယ်။ ကိုယ့်အလှည့်ကိုယ် မစောင့်ချင်ကြဘူး။ အထူးသဖြင့် YBS ယာဉ်တွေ။ တစ်လောကပဲ လှည်းတန်းလမ်းမကြီးပေါ်က မီးရထား ခုံးကျော်တံတားပေါ်မှာ လမ်းပြောင်းပြန် မောင်းလာတဲ့ ခရီးသည်တင်ကားက လမ်းဖြတ်ကူးနေတဲ့ အဘိုးအိုတစ်ဦးကို တိုက်မိပြီး နေရာတင် သေဆုံးသွားခဲ့တာ မကြာလှသေးပါဘူး။

ဒါ့ကြောင့် ပြောချင်ပါတယ်။ လှည်းတန်းဟာ ရန်ကုန်မြို့ရဲ့ အချက်အချာ ကျတဲ့နေရာတစ်ခုပါ။ လူနေသိပ်သည်းသလို အသွားအလာ ရှုပ်ထွေးလွန်းလှပါတယ်။ ဒီလမ်းမကြီးကို စနစ်တကျ ကိုင်တွယ်စေချင်ပါတယ်။ “အစရှိ နောင်နောင်”ဆိုသလို အစကတည်းက စည်းကမ်းလျော့ရဲလိုက်ရင် အလျှိုအလျှို ရောက်လာမယ့် ဈေးဆိုင်တွေ ထိန်းမရနိုင်ပါဘူး။ ဒါ့ကြောင့် ပြည်သူတွေအတွက် ပလက်ဖောင်းပေးပါတယ်။ ပလက်ဖောင်းပေါ် ပိတ်ဆို့ထားတာ မှန်သမျှ ဖယ်ရှားပေးပါ။ ပြည်သူတွေ ဘေးကင်း လုံခြုံစွာ သွားလာနိုင်ပါစေ။ ခရီးသွား ရဟန်းရှင်လူ ပြည်သူအပေါင်းအတွက် ပလက်ဖောင်းလိုအပ်ပါတယ်။ လျှောက်စရာလမ်း သတ်မှတ်ပေးပါ။ ပြည်သူတွေ ပလက်ဖောင်းပေါ်က လျှောက်ကြပါလိမ့်မယ်။ နေရာတိုင်းမှာ လိုအပ်နေတဲ့ ပလက်ဖောင်းတွေ ဖော်ဆောင်ပေးပါ။ ပလက်ဖောင်း မရှိရင်တော့ ပြည်သူတွေ လမ်းပေါ် ရောက်လာမှာပါပဲ။ လမ်းမပေါ် တက်လျှောက်ကြရတော့မှာပါပဲ။

ခင်မောင်ဌေး (ပညာရေး)

  • VIA