News

POST TYPE

PERSPECTIVE

ရေဒီယို အသံလှိုင်း အွန်လိုင်း မီဒီယာ လွပ်လွပ်စွာ ရပ်ပါ
ပွင့်လင်းခေတ်မှာ သတင်းအရှိန်ကျလာသလား

ဒီတစ်ခေါက် ပြည်တော်ပြန် ခရီးစဉ်အတွင်း မီဒီယာအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးသမားတွေ၊ သတင်းနားထောင်သူ (အခုတော့ သတင်းပွတ်သူတွေလို့ ပြောရမယ်ထင်) ပရိသတ်တွေနဲ့ အချိန်ယူစကား ပြောဖြစ်ခဲ့ပါတယ်။ သတင်းနဲ့ပတ်သက်ပြီး ပထမဆုံး သတိထားမိတာက အောင်မင်္ဂလာ အဝေးပြေးကားဂိတ်တွေရဲ့ TV စခရင်မှာ သတင်းမပြဘဲ ရုပ်ရှင်ပြနေခြင်းပါပဲ။ သတင်းကြည့်ချင်လို့ ကားဂိတ်ဘေးနားက လက်ဖက်ရည်ဆိုင် ပြောင်းထိုင်တော့ ဘောလုံးပွဲနဲ့ တိုးနေပြန်ပါတယ်။

အင်း ... ဒီနေ့ မြန်မာတွေ သတင်း မကြည့်ကြတော့ဘူးလား။ သာမန်အချိန်ဆိုရင်တော့ ထားလိုက်ပါတော့။ အခုက ထားဝယ်မှာ H1N1 တုပ်ကွေးဖြစ်နေလို့ စာသင်ကျောင်းတွေ ပိတ်ထားရတယ်။ ကိုယ့်ခရီးစဉ်တောင် ဖျက်သင့်ရင် ဖျက်ရမယ်ဆိုပြီး မသေမချာနဲ့ အောင်မင်္ဂလာဆီရောက်လာတဲ့ကျွန်တော် နည်းနည်းတော့ တွေဝေသွားပါတယ်။ အပြင်မှာ ဖြစ်ချင်တာဖြစ်နေ၊ ငါတို့ကတော့ ရုပ်ရှင်ထဲကလို အေးရာအေးကြောင်း ခပ်ပျော်ပျော်နေတော့မယ်ဆိုပြီး ဒီလူတွေစိတ်ထဲ ဆုံးဖြတ်ထားလေသလား။ ဒါမှမဟုတ် မြန်မာတွေဟာ သတင်းအချက်အလက် Information ထက် ဖျော်ဖြေရေး Entertainment ကို ပိုနှစ်သက်ကြလေသလား။

နိုင်ငံတကာ ကားဂိတ်၊ လှေဂိတ်၊ လေဆိပ်တွေမှာဆိုရင်တော့ ဒီလိုသတင်းတွေကို Breaking News အဖြစ် TV တွေက ဆက်တိုက်ပြနေမှာပေါ့။ အော်စလို လေယာဉ်ကွင်း ရထားပေါ်မှာဆိုရင် Text TV လို့ ခေါ်တဲ့ မီဒီယာပလက်ဖောင်းအသစ်ကနေ TV မှာ စာတန်းတွေ ထိုးပြနေမှာပေါ့။ မြန်မာနိုင်ငံမှာတော့ Text TV ကို မတွေ့မိသေး။ ခုနက ရုပ်ရှင်အောက်ခြေမှာများ အရေးပေါ် သတင်းအတွက် စာတန်းတိုတွေများ ထိုးထားမလားဆိုပြီး လိုက်ကြည့်မိပါသေးတယ်။ သတင်းကို စာတန်းမထိုးဘဲ စီးပွားရေး ကြော်ငြာတွေကိုသာ စာတန်းထိုးနေတာ တွေ့မိပါတယ်။

ထူးတာက ကြော်ငြာခ ကောင်းကောင်းရတဲ့ ကုန်ပစ္စည်းကြော်ငြာတွေပဲ တွေ့ခဲ့ရပြီး ပညာပေးကြော်ငြာ (ဥပမာ - အမှိုက်ကို စနစ်တကျ ဘယ်လို ပစ်သင့်တယ်၊ သစ်တောသစ်ပင်နဲ့ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လိုထိန်းသင့်တယ်၊ လူ့သား အချင်းချင်း အသားအရောင် မခွဲခြားဘဲ ဘယ်လိုဆက်ဆံသင့်တယ်၊ အခုဖြစ်နေတဲ့ H1N1 ကာကွယ်ရေးအတွက် ဘာတွေဆောင်၊ ဘာတွေရှောင်သင့်တယ် စသဖြင့်) မတွေ့မိပါ။ စာရေးသူပဲ မျက်စိလျှမ်းတာလား။ TV ချန်နယ်တွေကပဲ ငွေရမယ့်ပစ္စည်းချည်း ရွေးပြီး ကြော်ငြာပေးနေသလား မသိပါ။ ကြော်ငြာနဲ့ဆိုင်တဲ့ ကျင့်ဝတ်ပိုင်း ဘယ်လိုရှိမှန်းလဲ မမေးဖြစ်ခဲ့ပါဘူး။

လွတ်လပ်တဲ့ မီဒီယာတွေ အားလုံး ကြော်ငြာခနဲ့ ရပ်တည်နေရတယ်ဆိုလို့ အတွေး နည်းနည်းလွန်သွားတာပါ။ ထားတော့။ ဒါဖြင့် ဒီလူတွေ သတင်းကို ဘယ်ကနေ ရနေကြသလဲ။ မြန်မာပြည်မှာ ရေပန်းအစားဆုံး ဖြစ်နေတဲ့ Facebook ကများ ရနေသလား။ ဘေးနားမှာထိုင်ပြီး တယ်လီဖုန်း ပွတ်နေတဲ့ ထားဝယ်က လူငယ်တစ်ဦးကို လှမ်းကြည့်မိတော့ မက်ဆင်ဂျာဖွင့်ပြီး သူ့ကောင်မလေးနဲ့ ပွားနေလေရဲ့။ H1N1 အကြောင်း သူ စိုးရိမ်ပုံမရှိပါ။ 

လှိုင်းတိုရေဒီယိုမရှိ Facebook သာရှိ

ဒီနေ့လူငယ်တွေဟာ Mainstream Media ကပေးတဲ့ သတင်းထက် ဆိုရှယ်မီဒီယာပေါ်က ရတဲ့သတင်းပေါ် ပိုမှီခိုနေတယ်ဆိုပြီး အပြစ်မြင်နေတဲ့ကျွန်တော် ထားဝယ်ဒေသ မွေးရပ်မြေရောက်မှ မီဒီယာလောကကြီး လုံးဝ ပြောင်းလဲနေပြီ ဆိုတာကို တွေ့လိုက်ရပါတယ်။ ဒီလိုပြောလို့ ကျွန်တော်တို့ရွာမှာ TV စတေရှင်တွေ၊ သတင်းစာတိုက်တွေ ရှိနေတယ်လို့ မထင်လိုက်ပါနဲ့။ အရင်က ညနေ ၆ နာရီထိုးကနေ ၉ နာရီကျော်တဲ့အထိ နိုင်ငံခြား ရေဒီယိုလိုင်းပေါင်းစုံကို နေရှင်နယ်လိုင်းတိုရေဒီယိုလေးတွေနဲ့ ဖမ်းပြီး နားဆင်နေသူတွေ ဒီနေ့ မရှိတော့ပါ။ အသက် ၈၀ တန်း ကျွန်တော့်အဖေ၊ ဦးလေးတွေတောင် ရေဒီယို နားမထောင်တော့ဘဲ Facebook ပေါ်က သတင်းတွေကို ဖတ်နေကြပါရော့လား။

“ခေတ်ပြောင်းသွားပြီလေကွာ။ ဒီလှိုင်း (NLD ပါတီစာစောင်) တောင် အရှုံးပေါ်လို့ ဒီတစ်ပတ် နောက်ဆုံးပဲတဲ့။ နောက်ဆို အားလုံးကို အင်တာနက်ပေါ်ကပဲ ဖတ်ရတော့မှာ”ဆိုပြီး NLD ပါတီဝင် အိမ်နီးချင်း မိတ်ဆွေတစ်ဦးက ပြောလာတော့ အတော် အံ့ဩသွားပါတယ်။ ဟုတ်တယ်လေ။ ဒါ ငါးနှစ်အတွင်း မဟာ ပြောင်းလဲမှုကြီးပါပဲ။ ၂၀၁၂ ကမှ ပုဂ္ဂလိကပိုင် သတင်းစာတွေ မြန်မာနိုင်ငံမှာ စထုတ်ခွင့်ရတယ် မဟုတ်ပါလား။ အခု ပါတီဝင်သန်းချီရှိတဲ့ NLD စာစောင်တောင် အရှုံးပေါ်နေတယ်ဆိုမှတော့ ပုဂ္ဂလိက သတင်းစာတွေ တစ်စောင်ပြီးတစ်စောင် ပြုတ်နေတာ ဘာဆန်းမလဲ။

ပုံနှိပ်မီဒီယာ (Print Media) တွေ အရှုံးပေါ်နေသလို အသံလွှင့်မီဒီယာ (Broadcast Media) တွေကလည်း အခြေအနေ မကောင်းလှပါဘူး။ ၂၀၁၃ ခုနှစ် မေလမှာ မြန်မာနိုင်ငံဆီ (၁၉၈၈ နောက်ပိုင်း) ပထမဆုံးအကြိမ် ကျွန်တော်စရောက်တော့ အဖေတို့၊ ဦးလေးတို့၊ ခုနက NLD ပါတီဝင်တို့အားလုံး ရေဒီယိုလေးတွေနဲ့ VOA, RFA, BBC တွေကို အသည်းအသန် နားထောင်နေတုန်း။ “အရင်ကဆို မင်းအသံကို ကြားချင်လို့ နော်ဝေရေဒီယိုကို ငါတို့အားလုံး ခိုးနားထောင်ခဲ့တာပေါ့။ မင်းတို့ ရေဒီယိုကလည်း ဖမ်းရခက်မှခက်ကွာ”ဆိုတဲ့ ဦးလေးရဲ့ အသံကိုတောင် ကြားယောင်နေဆဲ။

အခု ၂၀၁၇ မှာ လုံးဝ ခေတ်ပြောင်းသွားပြီ။ ၂၀၁၃ တုန်းက လက်ကိုင်တယ်လီဖုန်းတွေ သိန်း ၁၀ ကျော်ကနေ ၁၅၀ဝ ကျပ်အထိ ဈေးကျနေပေမယ့် လူတိုင်း မသုံးနိုင်သေးပါ။ အတိအကျ ပြောရမယ်ဆိုရင် အဲဒီအချိန်အထိ ကျွန်တော်တို့ရွာမှာ MPT တာဝါတိုင်ပဲ ရှိသေးပြီး တယ်လီနော်နဲ့ အူရီဒူးက တာဝါတိုင်စိုက်ဖို့ မြေနေရာတိုင်းနေတုန်း။ အခု အဲဒီကုမ္ပဏီ သုံးခုစလုံးရဲ့ တာဝါတိုင်တွေ ရွာနောက်က တောင်ကုန်းပေါ်မှာ အပြိုင်အဆိုင်။ ၂၀၁၃ တုန်းက တစ်အိမ်မှာ ဖုန်းတစ်လုံးစီရှိဖို့ မလွယ်သေးပေမယ့် အခု လူတစ်ဦးစီမှာ ဖုန်းတစ်လုံးမက ရှိနေပါပြီ။

အလွတ်သဘောသိရတဲ့ စာရင်းဇယားတွေအရ MPT သုံးသူ သန်း ၂၀ ကျော်၊ တယ်လီနောသုံးသူ သန်း ၂၀ နီးပါးနဲ့ အူရီဒူးသုံးသူ ၁၀ သန်းကျော်ရှိပါတယ်။ မြန်မာနိုင်ငံ လူဦးရေက ၅၃ သန်းတည်းဆိုတော့ မွေးကင်းစကလေးတွေပါ တယ်လီဖုန်း သုံးနေသလို ဖြစ်နေပါတယ်။ ထူးတာက မြန်မာနိုင်ငံမှာ တယ်လီဖုန်းတစ်လုံး Sim Card ၂ ခု ထည့်သုံးသူတွေ အများကြီး။ ဖုန်း ၂ လုံးသုံးသူဆို Sim Card ၄ ခု။ ဖုန်းနံပါတ် ၄ ခုရှိနေတဲ့ သဘောပေါ့။

မြန်မာနိုင်ငံမှာ စမတ်ဖုန်းသုံးသူ သန်း ၅၀ ဆိုတော့ Facebook သုံးသူ သန်း ၅၀ ရှိနေတဲ့သဘောလား။ ဒီလိုလည်း မဟုတ်သေးပြန်။ ဖုန်းနံပါတ် ၃ ခုရှိပေမယ့် Facebook အကောင့်က တစ်ခုပဲရှိတယ်လို့ ဆိုကြပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်။ အရင်ခေတ်က ကျွန်တော်တို့မှန်းခဲ့တဲ့ လှိုင်းတိုရေဒီယို (ပြည်ပရေဒီယို)ကို နားထောင်သူဦးရေ ၂ သန်းလောက် ရှိတာအမှန်ဆိုရင် အခု Facebook သုံးသူ (သန်း ၅၀ ကျော်ကို သုံးပုံ တစ်ပုံ လျော့ရင်တောင်) သန်း ၂၀ လောက် ရှိနေတဲ့အတွက် သတင်းစိတ်ဝင်စားသူ အရင်ထက် ၁၀ ဆ တိုးလာတယ်လို့ ပြောနိုင်မလား။

Mainstream Media ရဲ့ မနက်ဖြန်

အဲလို ပြောလို့မဖြစ်ပါ။ အရင် ၂ သန်းက ပြည်ပရေဒီယိုက လွှင့်သမျှကို အသည်းအသန် နားထောင်နေတဲ့ တကယ့် အမာခံပရိသတ်တွေ။ အခု သန်း ၂၀ က ဘာလာလာ ဆဲမယ်ဆိုတဲ့ ခေတ်သစ် ပရိသတ်တွေ။ ဥပမာအားဖြင့် တစ်ချိန်က ဩဇာကြီးခဲ့တဲ့ (အခုချိန်ထိလည်း ဩဇာကြီးဆဲပါ) နိုင်ငံခြား အသံလွှင့်ဌာန BBC, VOA, RFA လွှင့်ချက်တွေကို Facebook ပေါ် Live နားထောင်သူ၊ ကြည့်ရှုသူ 3k, 4k လောက်ပဲ တွေ့ရပြီး မအေးသောင်းလို Celebrity (ဆယ်လီ) တစ်ဦးရဲ့ Live ကို ဝင်ကြည့် သူက 30k လောက် ရှိနေတာကိုကြည့်ခြင်းအားဖြင့် Facebook User တွေရဲ့ စိတ်ဝင်စားမှုက သတင်းအပေါ် အဓိက မဟုတ်ဘူးဆိုတာ ခန့်မှန်းနိုင်ပါတယ်။

သာမန်ကြည့်လိုက်ရင် ဒီစာရင်းက အရေးမကြီးဘူး ထင်နိုင်ပါတယ်။ ဒါပေမဲ့ လူကြည့်များမှုအပေါ် မူတည်ပြီး ကြော်ငြာခရတဲ့ ဒီနေ့ အွန်လိုင်း မီဒီယာခေတ်မှာတော့ သတင်းသမားတွေက ဖျော်ဖြေရေးသမားတွေလို ကြော်ငြာခရဖို့မလွယ်ပါ။ သတင်းစာ၊ ဂျာနယ်စောင်ရေထိုးကျမှု၊ TV ရေဒီယို ဘတ်ဂျက် ပြတ်လပ်မှုတွေကြောင့် မီဒီယာအများစုက အရင်းအနှီး သက်သာတဲ့ အွန်လိုင်းဘက်ကို အလုံးအရင်းနဲ့ ရွှေ့လာနေကြပါတယ်။ Facebook မှာ လူကြည့် အများဆုံးဖြစ်အောင် အပြိုင်အဆိုင် ကြိုးစားလာနေကြပါတယ်။

ရှေ့မှာ ဥပမာပေးခဲ့တဲ့ အသံလွှင့်ဌာနသုံးခုက သက်ဆိုင်ရာ အစိုးရတွေကနေ ထောက်ပံ့ပေးထားတာမို့ ဘဏ္ဍာရေးအရ သိပ်ပြဿနာ မရှိပေမယ့် ပြည်ပနေ ပြည်တွင်း ပြန်ဝင်လာတဲ့ သတင်းဌာနတွေနဲ့ ပြည်တွင်းမှာပဲ ပုံနှိပ်မီဒီယာ လုပ်နေကြတဲ့ သတင်းဌာနတွေကတော့ ဘဏ္ဍာရေး အတော် အခက်ကြုံနေရတယ်လို့ သိပါတယ်။ နိုင်ငံတကာ အလှူရှင်တွေကလည်း ထောက်ပံ့မှုလျှော့ချ၊ ကြော်ငြာခကလည်း ထင်ထားသလောက်မရဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီလို ပုဂ္ဂလိက မီဒီယာတွေ အခက်ကြုံချိန်မှာ အားလုံးက ပြေးမြင်လာတာကတော့ နိုင်ငံတော် ဘဏ္ဍာငွေနဲ့ လည်ပတ်နေတဲ့ အစိုးရမီဒီယာ (အသံလွှင့်-ပုံနှိပ်) တွေပါပဲ။ သူတို့ဟာ နိုင်ငံတော် ဘတ်ဂျက်နဲ့ လည်ပတ်တဲ့အပြင် ကြော်ငြာတွေကိုလည်း လက်ဝါးကြီး အုပ်ထားတယ်လို့ စွပ်စွဲခံနေရပါတယ်။ သူတို့နဲ့တစ်တွဲတည်း စွပ်စွဲခံနေရသူတွေကတော့ ခေတ်ပျက်ကာလမှာ မီဒီယာ အခွင့်အရေး အားလုံးနီးပါးကို သူခိုးဈေးနဲ့ရယူသွားတဲ့ ခရိုနီပိုင် TV လိုင်းတွေပါပဲ။ မြေနေရာ၊ စတူဒီယို၊ အသံလွှင့်ရုံ စသဖြင့် အတော်များများဟာ ခရိုနီတွေ လက်ထဲရောက်နေတယ်လို့ ပုဂ္ဂလိက မီဒီယာသမားတွေက ပြောပါတယ်။

ဒါပေမဲ့ ခက်တာက အဲဒီခရိုနီတွေက အမြတ်အစွန်း ရဖို့ပဲ အဓိကထားပြီး သတင်းကို စိတ်ဝင်စားမှုမရှိပါ။ ငွေရနိုင်တဲ့ ဖျော်ဖြေရေး လုပ်ငန်းကိုသာ စိတ်ဝင်စားကြပြီး ငွေမရတဲ့အပြင် အချိန်မရွေး အဖမ်းအဆီးပါ ခံရနိုင်တဲ့ သတင်းလုပ်ငန်းအပေါ် သူတို့ စိတ်မဝင်စားတာ သဘာဝတော့ ကျပါတယ်။ ဒါဖြင့် သတင်းလုပ်ငန်းကို ငွေမရတဲ့အလုပ်၊ အဖမ်းခံရနိုင်တဲ့အလုပ် ဆိုပြီး ဒီတိုင်း ပစ်ထားကြတော့မလား။ အဲလိုပြောကြေးဆို ဒီနေ့ကမ္ဘာမှာ လူကြည့် အများဆုံး ၂၄ နာရီ သတင်းချန်နယ်တွေဖြစ်တဲ့ CNN, BBC, Aljazeera တို့ ဘယ်ရှိတော့မလဲ။

၂၄ နာရီ များပါသေးတယ်။ ကျန်တဲ့အချိန် ငွေရနိုင်တဲ့ဟာပြ၊ တစ်နာရီတစ်ခါ သတင်းချည်း ၁၅ မိနစ်လောက်ပြနိုင်တဲ့ ချန်နယ်တွေ မြန်မာနိုင်ငံမှာ ပေါ်လာနိုင်မလား။ တစ်လောကမှ ပုဂ္ဂလိက ရုပ်/သံလိုင်း အသစ် လိုင်စင် ၅ ခုပေးထားတယ်ဆိုတော့ ဒါတွေ ဖြစ်လာနိုင်တာပေါ့။ ဒါပေမဲ့ သူတို့လည်း ရှေ့ကပြောခဲ့တဲ့ အစိုးရပိုင်မီဒီယာ၊ ခရိုနီပိုင်မီဒီယာကို ယှဉ်နိုင်ဖို့ သိပ်မလွယ်လှပါဘူး။ အနည်းဆုံး တစ်နှစ်လောက် အရှုံးခံပြီးလုပ်နိုင်မှ (အရှုံးခံနိုင်ဖို့ ငွေအရင်းရှိမှ) ဒီ ရုပ်/သံလိုင်းတွေ ဆက်လက် ရှင်သန်နိုင်မှာဖြစ်တယ်လို့ မီဒီယာသမားတွေက ပြောပါတယ်။

အရင်အစိုးရခေတ်က လုပ်ခဲ့ဖူးတဲ့ Public Service Broadcast အများပြည်သူ့ဝန်ဆောင်မှု အသံလွှင့်ဌာန၊ အများပြည်သူ ဝန်ဆောင်မှု သတင်းလုပ်ငန်း ဆွေးနွေးပွဲတွေကိုတောင် ပြန်လွမ်းမိသလိုလို။ အနောက်နိုင်ငံတွေမှာလုပ်သလိုမျိုး TV လိုင်စင်ကြေးကနေ အခွန်ကောက်ပြီး လည်ပတ်ဖို့ဆိုတာ မြန်မာမှာ မဖြစ်နိုင်သေးလို့ အဲဒီစီမံကိန်း အဖျားရှူးသွားတာမျိုးလား။

သေချာတာကတော့ ဒီနေ့ မြန်မာနိုင်ငံ အခြေအနေဟာ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ အသွင်ကူးပြောင်းနေတဲ့ကာလဖြစ်ပါတယ်။ ဒီမိုကရေစီ မရသေးပါဘူး။ ဒီလိုကာလမှာ အစိုးရက အစိုးရအကြိုက်၊ တပ်မတော်ကလည်း တပ်မတော်အကြိုက်၊ သူပုန်ကလည်း သူပုန်အကြိုက်၊ ပါတီတွေ အဖွဲ့အစည်းတွေကလည်း သူတို့အကြိုက်ပဲ ပြောဆိုနေ၊ သတင်း ထုတ်ပြန်နေပါတယ်။

ဒီလိုအခြေအနေမှာ အဲဒီပြောဆိုချက်၊ ထုတ်ပြန်ချက်တွေအပေါ် စနစ်တကျ ဝေဖန်ဆန်းစစ်နိုင်တဲ့၊ ဘယ်အဖွဲ့အစည်းကိုမှ ကြောက်စရာ မလိုဘဲ လွတ်လပ်ပွင့်လင်းစွာ ဝေဖန်ရဲတဲ့ စတုတ္ထမဏ္ဍိုင် ပုဂ္ဂလိကမီဒီယာ သို့မဟုတ် အများပြည်သူ ဝန်ဆောင်မှု မီဒီယာတွေပေါ်လာဖို့ အရေးတကြီး လိုအပ်နေပါတယ်။ ဒီအတွက် မီဒီယာအရေး စိတ်ဝင်စားသူတွေအပြင် အစိုးရ၊ လွှတ်တော်နဲ့ နိုင်ငံတကာဘက်ကလည်း အလေးထား စဉ်းစားပေးဖို့ လိုနေပါတယ်။

ထက်အောင်ကျော်