News

POST TYPE

PERSPECTIVE

SME လုပ်ငန်းများကို စမတ်ကတ် ထုတ်ပေးမည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ပြောကြား
29-Aug-2017 tagged as စီးပွားရေး

ရန်ကုန်၊ သြဂုတ် ၂၈

အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ချေးငွေများ ရရှိစေရန်အတွက် အချက်အလက်များ အားလုံးပါဝင်သည့် စမတ်ကတ် (Smart Card) များ ထုတ်ပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၄၅ မြို့နယ်ရှိ SME လုပ်ငန်းအမျိုးအစားစာရင်းများကို မြို့နယ် တစ်ခုချင်းစီအလိုက် လိုက်လံကောက်ယူမည် ဖြစ်ပြီး ချေးငွေရယူရန် အဆိုပြုလွှာ တင်ပြခြင်းနှင့် SME လုပ်ငန်းဆိုင်ရာ အကြံပြုချက်များ ပေးနိုင်ရန်အတွက်ပါ ထည့်သွင်းဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

သြဂုတ်လ ၂၈ ရက်နေ့က ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ပြုလုပ်သည့် နိုင်ငံတော် ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ ဦးဆောင်သည့် မြန်မာ့ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဒီစမတ်ကတ်မှာ SME ရဲ့အချက်အလက်အားလုံး ရှိနေမှာဖြစ်ပြီး ချေးငွေနဲ့ ပတ်သက်တာတွေ အားလုံးပါဝင်အောင် အတွက်လည်း ဆောင်ရွက်သွားမှာပါ။ ၄၅ မြို့နယ်ကို ခွဲပြီးကောက်ယူပါမယ်။ အသေးစား၊ အလတ်စားအပြင် အိမ်တွင်းစက်မှုလုပ်ငန်းတွေကိုလည်း စာရင်းပြုစုသွားမှာပါ” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။ 

SME လုပ်ငန်းစာရင်းများ ကောက်ယူပြီးပါက အဆိုပါ လုပ်ငန်းများကို သက်သာသည့် အတိုးနှုန်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မြို့တော်ဘဏ်က ပုံစံတစ်ခုဖြင့် ချေးငွေများ ထုတ်ချေးပေးမည်ဖြစ်ပြီး လုပ်ငန်းစာရင်း ကောက်ယူရာတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ၄၅ မြို့နယ်အပြင် SME လုပ်ငန်း အများစုရှိသည့် ကိုကိုးကျွန်းကိုပါ ထည့်သွင်းကောက်ယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ 

ပြည်တွင်းမှ SME လုပ်ငန်းများ အနေနှင့် ငွေကြေး၊ ဈေးကွက်နှင့် နည်းပညာများ ရရှိရန် လိုအပ်ကြောင်း၊ ပြည်ပထုတ်ကုန်များနှင့် ယှဉ်ပြိုင်ရောင်းချနိုင်ရန် အတွက်လည်း အစိုးရက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောဆိုသည်။ 

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မှတ်ပုံတင်ထားသည့် SME လုပ်ငန်းပေါင်း ခြောက်သောင်းသုံးရာကျော် ရှိပြီး စက်မှုလုပ်ငန်းပေါင်း လေးသောင်းခုနစ်ထောင်ကျော် ရှိကြောင်း ယင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောကြားထားသည်။ 

J-11