News

POST TYPE

PERSPECTIVE

ရန်ကုန်ယာဉ်ကြော ပိတ်ဆို့မှု နောက်ကွယ်မှာ
22-Aug-2017
ယာဉ်ကြောပိတ်ဆို့မှုက ဆန်းတာတော့ မဟုတ်ဘူး။ ကားလမ်း ခုံးကျော်တံတား ခုနစ်စင်းထိုးပြီးလည်း ပိတ်နေမြဲ။ မီးပွိုင့်စနစ် ပြင်ဆင်ဖို့ ပြည်ခိုင်ဖြိုး အစိုးရလက်ထက်မှာ တင်ဒါခေါ်ယူခဲ့တယ်။ ထုံးစံအတိုင်း လေလံကြေး (BOT) တင်ပြီး ပြိုင်ဆွဲကြတယ်။ ဂျပန်နည်းပညာသုံး (ယခင် ရှစ်မိုင်မီးပွိုင့်စနစ်) က ဈေးအကြီးဆုံးဖြစ်ပြီး အချက်ပြမီးစနစ်ပါပေမယ့် စပယ်ယာပစ္စည်း ဝယ်ယူရခက်ခဲ၊ ဈေးကြီးတော့ ဖယ်လိုက်တယ်။ နိုင်ငံတကာနဲ့ တူတူတန်တန် သုံးချင်ရင် ကားပါကင်အတွက်ပါ အချက်ပြမီးစနစ်သုံးတဲ့ အမေရိကန်နည်းနစ်သုံး ရွေးချယ်နိုင်တယ်။ ဈေးသက်သက်သာသာ သုံးချင်ရင် ထိုင်ဝမ်နည်းပညာသုံး ကုမ္ပဏီ ရွေးသင့်တယ်။ ဒါပေမဲ့ တကယ် တင်ဒါအောင်တော့ တရုတ်နည်းပညာသုံး မြန်မာရွှေရင်းကုမ္ပဏီနှင့် တရုတ် (CRCC) ကုမ္ပဏီတို့ ဖြစ်တယ်။ 

ပြည်ခိုင်ဖြိုးလက်ထက်ကတည်းကစခဲ့ပြီး ယနေ့ချိန်ထိ ခေတ်မီ မီးပွိုင့်နဲ့ ဗဟိုထိန်းချုပ်ရေး စင်တာမှာ ဆင်ဆာအားနည်းမှုကြောင့် စီမံကိန်းကာလ ကျော်ပေမယ့် ကာလတစ်ခုထိ အချိန်ယူ အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ဆိုတယ်။ 

“တကယ်တော့ ၂၀၁၆ ဒီဇင်ဘာ အပြီးတပ်ရမှာ။ ဒီစင်တာက Fully Acturation System ဖြစ်တဲ့ ယာဉ်တွေ များရင်များသလို၊ နည်းရင်နည်းသလို အမှန်တကယ် ထိန်းကျောင်းပေးမယ့် နည်းပညာပါတဲ့ စနစ်ပေါ့။ ကိုယ်တို့က ယင်းမီးပွိုင့်တွေကို ထိန်းချုပ်ပေးမယ့် စင်တာမျိုးလို့ နားလည်ထားတာ။ ဒါပေမဲ့ အပြောင်းအလဲ ကာလတစ်ခုမှာ စာချုပ်ချုပ်လိုက်တော့ စာချုပ်ထဲမှာ ကိုယ်သိထားတဲ့အချက်တွေ ပါမလာဘူး။ အမှန်တကယ်လည်း မီးပွိုင့်ဆင်ဆာတွေက Fully Acturation System မမီဘူးဖြစ်နေတယ်။ ကောင်းကောင်း အလုပ်မလုပ်ဘူး။ ကားများတာကို မသိဘူး။ ခုနောက်ပိုင်း ကုမ္ပဏီကို ပြန်ပြင်ခိုင်းတော့ နည်းနည်းတော့ တိုးတက်လာတယ်။ အလုံးစုံပြီးလို့ အကောင်အထည်ဖော် လုပ်ကိုင်ဖို့ကိုတော့ ကာလတစ်ခုအထိ စောင့်ရဦးမယ်”လို့ ခေတ်မီအဆင့်မြင့်မီးပွိုင့် (Control Center) နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်းက ဆိုတယ်။ ဇူလိုင် ၂၆ ရက်က ပြောကြားခဲ့တာပါ။ 

တင်ဒါအောင် မြန်မာရွှေရင်းကုမ္ပဏီနှင့် တရုတ် (CRCC) ကုမ္ပဏီတို့အနေနဲ့ ယင်းစီမံကိန်းကို ပထမ ဦးစားပေး၊ ဒုတိယ ဦးစားပေးလုပ်ငန်းတွေ ပိုင်းခြား ဆောင်ရွက်ခဲ့ပြီး ပထမဦးစားပေး လုပ်ငန်းမှာ ကမ္ဘာအေး ဘုရားလမ်း၊ ပြည်လမ်း၊ ဘုရင့်နောင်လမ်း၊ ပါရမီလမ်းနဲ့ အောက်မင်္ဂလာဒုံ လမ်းမကြီး ငါးကြောင်း၊ ဒုတိယဦးစားပေး လုပ်ငန်းတွေမှာ ဗဟိုလမ်း၊ အင်းစိန်လမ်းမကြီး၊ သုဓမ္မာလမ်း၊ ဝေဇယန္တာလမ်း၊ ကျိုက်ဝိုင်းဘုရားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကန်တော်ကြီးပတ်လမ်း စသဖြင့် ကဏ္ဍများ ပိုင်းခြားကာ လုပ်ဆောင်ခဲ့ပြီး မြို့တွင်းအပိုင်းတွေမှာလည်း ထိန်းချုပ်စနစ် တပ်ဆင်ကာ ကြပ်မတ် ကွပ်ကဲသွားဖို့ ဖြစ်တယ်။ ယခုအခါ ၉၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ပေမယ့် ယာဉ်သွားလာမှုကို ထိန်းချုပ်ပေးနိုင်မယ့် ဆင်ဆာ အားနည်းမှုတွေကြောင့် ကာလတစ်ခုထိ အချိန်ယူ အဆင့်မြှင့်တင် လုပ်ဆောင်ရမှာဖြစ်ကြောင်း သိရပါတယ်။

တကယ်တော့ အခြားကုမ္ပဏီ ၃ ခုထဲက တစ်ခုကိုသာ ရွေးရင် ဒီလို ပြဿနာ ပေါ်လာဖို့ မရှိပါဘူး။ ရန်ကုန်မြို့တွင်း မီးပွိုင့် ၁၅၄ ခုကို ထိန်းချုပ်ပြီး စီစီတီဗီ တပ်ဆင်ခြင်းနဲ့ ထိန်းချုပ်ရေးစင်တာ တည်ဆောက်ခြင်းလုပ်ငန်း သတ်မှတ်ရက်အတွင်း ပြီးစီးခြင်း မရှိခဲ့လို့ တင်ဒါအောင် “ရှောင်စန်း၊ ရှောင်ပန်း”တို့ ကုမ္ပဏီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တစ်နေ့ ကျပ်တစ်သိန်းသာ ဒဏ်ကြေးပေးဆောင်ရကာ နောက်ကျပြီးစီးတဲ့တိုင် ထိန်းချုပ်ပေးနိုင်မယ့် ဆင်ဆာတွေက အားနည်းမှုတွေ ရှိနေခဲ့တာပါ။

ရန်ကုန်မြို့တွင်း မီးပွိုင့် ၁၅၄ ပွိုင့်ကို ထိန်းချုပ်ပြီး ယာဉ်ကြောရှင်းလင်းရေးအတွက် ပြည်ခိုင်ဖြိုးလက်ထက် တင်ဒါခေါ်ယူခဲ့ရာ ကုမ္ပဏီ ၂၀ ယှဉ်ပြိုင်ခဲ့တဲ့အနက် “မြန်မာရွှေရင်းကုမ္ပဏီနဲ့ တရုတ်နိုင်ငံ (CRCC) ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်ခွင့် ရွေးချယ်ပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကျပ် ၁၈ ဒသမ ၉၃ ဘီလီယံနဲ့ လုပ်ဆောင်နေကာ လုပ်ငန်းလုပ်ဆောင်ဖို့ နိုင်ငံတော် အထူးရန်ပုံငွေ ကျပ်ဘီလီယံ ၂၀ ကို ပြည်ခိုင်ဖြိုးလက်ထက် ချထားပေးခဲ့ကြောင်း သိရပါတယ်။ “စင်တာ”က ပြည်သူ့ရင်ပြင်အနီး နက္ခတ်ပြခန်းအနီး ရှိတယ်။

တင်ဒါခေါ်လိုက်တဲ့ ရွေးချယ်ပေးတဲ့ ကုမ္ပဏီက ယခင်အစိုးရအဖွဲ့နဲ့ ရင်းနှီးကျွမ်းဝင် အလွန်းသင့်ပြီး ပေးခဲ့တာဆိုတော့ သူတို့ပြီးစီးချိန်အထိ စိတ်ရှည်ရှည်ထား စောင့်နေခဲ့ရတာဖြစ်ပြီး ယခု ၉၅ ရာခိုင်နှုန်း ပြီးဆုံးတဲ့အခါ ဘယ်လောက်ထိ ယာဉ်ကြောရှင်းလင်းအောင် လုပ်နိုင်သလဲဆိုတာ ခရီးသွားများ၊ ယာဉ်မောင်းများအသိပဲ ဖြစ်ပါတယ်။

တင်ဒါအောင် မြန်မာရွှေရင်း (Myanmar Shwe Yin) ကုမ္ပဏီဟာ ယခင်အစိုးရလက်ထက် ရန်ကုန်တစ်ဖက်ကမ်း ကြည့်မြင်တိုင်မှ တွံတေးတစ်လျှောက် မြို့သစ်စီမံကိန်းနဲ့ အိမ်ရာခြံမြေဈေးကွက်ပျက်အောင် လုပ်ဆောင်ခဲ့ကြဖူးတဲ့ “ရှောင်စန်း”တို့ ကုမ္ပဏီဖြစ်တယ်။ မြို့ပြစီမံကိန်း မစတင်ကတည်းက လယ်ယာမြေများ၊ မြေကွက်များကို ဈေးချိုချိုနဲ့ သိုလှောင်ထားနိုင်ခဲ့ပြီး NLD အစိုးရလက်ထက် မြို့သစ်စီမံကိန်း ဖြစ်မလာတဲ့အခါ ဆုံးရှုံးမှုတွေ ကြုံခဲ့ကြတယ်။ ဒါကို ရိပ်စားမိလို့ “ရန်ကုန်မီးပွိုင့် ပြောင်းလဲတပ်ဆင်ခြင်း”လုပ်ငန်းဆောင်ရွက်ဖို့ တင်ဒါ အအောင်ပေးခဲ့တာ ဖြစ်တယ်။ ပွင့်လင်းမြင်သာမှု မရှိခဲ့ပါဘူး။

တင်ဒါအောင် ကုမ္ပဏီအနေနဲ့ တပ်ဆင်ရေး လုပ်ငန်းများ ပြီးစီးပြီး ထိန်းချုပ်ရေး ဗဟိုစင်တာ (Control Center) တည်ဆောက်မှုဟာ ၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်း ပြီးစီးနိုင်မယ်လို့ ခန့်မှန်းကာ စီစီတီဗီများ တပ်ဆင်ခြင်းလုပ်ငန်း ပြီးစီးခြင်း မရှိသေးဘဲ လုပ်ငန်းအားလုံး အောက်တိုဘာမှ ဒီဇင်ဘာအတွင်း ပြီးစီးနိုင်မယ် ခန့်မှန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုခဲ့သေးတယ်။

မူလတင်ဒါအောင်မြင်ပြီးစီးမယ့်ရက် ဖေဖော်ဝါရီကစလို့ ဩဂုတ် လ ၂ ရက်အတွင်း ခြောက်လနှင့်အပြီး တပ်ဆင်ပြီးစီးရမှာဖြစ်ပေမယ့် သတ်မှတ်ရက်မပြီးလို့ နေ့စဉ် ငွေကျပ်တစ်သိန်း ပေးချေခဲ့ရတာလည်းဖြစ်တယ်။ မပြီးစီးတဲ့ရက်တွေအတွင်း ယာဉ်ကြောပိတ်ဆို့မှု ပိုလာလို့ တက်ရောက်လာတဲ့ NLD (ရန်ကုန်) အစိုးရအပေါ် ပြည်သူတွေ ဆန္ဒပြတာပါ ခံကြရတယ်။ ယခုထက်တိုင် ယာဉ်ကြောပိတ်ဆို့မှုအပေါ် ဖြေလျှော့ပေးနိုင်ခြင်း မရှိသေးဘူး။

ယခင်တင်ဒါအောင်စဉ်ကတည်းက ဈေးကြီးတာ၊ ဆက်စပ်ပစ္စည်း ရှားပါးတာ ရှောင်ချင်ရင် ဂျပန်နည်းပညာသုံး ကုမ္ပဏီကို ဖယ်ပြီး အမေရိကန်သုံး ကုမ္ပဏီ ရွေးသင့်ပါတယ်။ တူတူတန်တန် ယာဉ်ရပ်နားစခန်းပါ ညွှန်ပြနိုင်တဲ့ အမေရိကန် နည်းပညာသုံး ကုမ္ပဏီ ရွေးပေါ့။ ဒါမှမဟုတ် ထိုင်ဝမ်နည်း ပညာသုံးကုမ္ပဏီကို ရွေးခဲ့ရင် ယနေ့ထိ ယာဉ်ကြောထိန်းကျောင်းမှုစနစ် ကောင်းကောင်းမွန်မွန် ဖြစ်နေပြီပေါ့။ ခုလို “ရှောင်စန်း၊ ရှောင်ပန်း”တို့ ကုမ္ပဏီ ရွေးခဲ့လို့ ကုန်ကျငွေ ကျပ်ဘီလီယံ ၂၀ နဲ့ အလုပ်မဖြစ်ခဲ့ဘူး။

“တကယ်တော့ မြန်မာနိုင်ငံအနေနဲ့ ခုလို ခေတ်မီမီးပွိုင့်စနစ်နဲ့ ဗဟိုထိန်းချုပ်ရေး စခန်းက ရှိသင့်တာကြာပါပြီ။ သူများနိုင်ငံတွေမှာ ကျင့်သုံးနေတာ ဆယ်စုနှစ်တစ်ခုမကတော့ဘူး။ ဒီစနစ်ရဲ့ အားသာချက်က ရန်ကုန်မြို့တွင်း ဖြတ်သန်းသွားလာမှု လုပ်ဆောင်ချက်တွေ အားလုံး ဗဟို ထိန်းချုပ်ရေးစင်တာမှာ သွားပေါ်တယ် သိရတယ်။ ယာဉ်ကြော ကျပ်တည်းမှုအပိုင်းမှာလည်း မီးပွိုင့်ဆင်ဆာစနစ်က အလိုအလျောက် ဖြတ်တောက်ပေးသွားတာဖြစ်လို့ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေလျှော့နိုင်တယ်။ ပြောရရင် ယာဉ်ကြော ကျပ်တည်းမှုအတွက် ဆင်ဆာတွေ ကောင်းဖို့ လိုအပ်သလို ယာဉ်ပိုင်းဆိုင်ရာ သွားလာလုပ်ဆောင်မှုအတွက်လည်း CCTV တွေ အဆင့်မြင့် ကောင်းမွန်ဖို့ လိုအပ်တယ်။ အမှန်သာ လုပ်ဆောင်နိုင်မယ်ဆိုရင် ဒီနေ့ ရန်ကုန်မြို့မှာ ယာဉ်ကြော ကျပ်တည်းမှု ဖြေလျှော့သွားပြီး ယာဉ်ဖြတ်သန်းသွားလာမှု လုပ်ဆောင်ချက်တွေ စည်းကမ်းတကျ ထိန်းချုပ်နိုင်မှာပဲ ဖြစ်တယ်”လို့ ရန်ကုန် အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ဆိုတယ်။

ခေတ်မီမီးပွိုင့်နဲ့ ဗဟိုထိန်းချုပ်ရေးစင်တာ ဆင်ဆာအားနည်းမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုကို ကာလအတန်ကြာအထိ ပြည်သူတွေ ခံစားကြရဦးမှာလည်း ဖြစ်တယ်။ ယခင်က ဒိုင်နာနဲ့ဘီအမ် လူစီးယာဉ်တွေကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ YBS စနစ်မှာ လျှော့ချပေးနိုင်ခဲ့ပြီး ယခုယာဉ်လိုင်းအသစ်၊ ယာဉ်အသစ်တွေ ပြန်ဝင်လာတဲ့အခါ နဂိုအတိုင်း ယာဉ်ကြောပိတ်ဆို့လျက် ရှိပါသေးတယ်။ မိုးရွာလို့ မီးပျက်တဲ့အခါ ယာဉ်ထိန်းရဲများ ပိုမိုအလုပ်ရှုပ်ကြရပြီး ဒေသသုံး မီးစက်တစ်လုံး မောင်းနှင်ကာ အလုပ်ဖြစ်ရုံ လုပ်ဆောင်နေကြရပါသေးတယ်။ ရန်ကုန်ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းမယ့် ဗဟိုထိန်းချုပ်ရေးစင်တာ ဆင်ဆာအားနည်းမှုကြောင့် ကာလတစ်ခုထိ အချိန်ယူ ယာဉ်ကြောကျပ်တည်းမှု ခံရဦးမှာ ဖြစ်တယ်။

ဒေါက်တာထူးပြည့်စုံသျှင်


  • VIA