News

POST TYPE

PERSPECTIVE

ကြွက်တွေပျော်တဲ့မြို့
17-Aug-2017

၂၀၁၇ဇူလိုင် ၁၄ ရက် The Voice နေ့စဉ်ထုတ် သတင်းစာပါ နိုင်ငံတကာရေးရာ သတင်းတစ်ပုဒ်ကို ဖတ်မိရာက ဒီစာကိုရေးဖို့ စိတ်ကူးမိတယ်။ သတင်းခေါင်းစဉ်က “နယူးယောက်မြို့တော်တွင် ကြွက်နှိမ်နင်းရေးအတွက် ဒေါ်လာ ၃၂ သန်းသုံးမည်”တဲ့လေ။ နယူးယောက်မြို့တော်ရဲ့ ကြွက်များ သောင်းကျန်းရာ ဒေသကြီးသုံးခုတွင် ၂၀၁၈ ခုနှစ်အကုန်မှာ ကြွက်ကောင်ရေကို ၇၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၃၂ သန်းသုံးမှာ ဖြစ်ကြောင်းကို မြို့တော်အစိုးရက ကြေညာလိုက်တယ်လို့ ရိုက်တာသတင်းတစ်ရပ်မှာ ဖော်ပြထားတာကို တွေ့ရတယ်။ ကြွက်တွေဟာ ပလိပ်ကဲ့သို့သော ရောဂါပိုးများကို သယ်ဆောင်နိုင်တာကြောင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ရန်သူတစ်ရပ်အဖြစ် ရှုမြင်ကြတယ်လို့လည်း သိရပြန်ရော။ “ကြွက်တွေကို နှိမ်နင်းတဲ့ အကောင်းဆုံး နည်းလမ်းကတော့ အိမ်တွေရဲ့ အမှိုက်ပုံးတွေနဲ့ လမ်းဘေး အမှိုက်ပုံးတွေမှာ သူတို့ အစာရှာလို့ မရအောင် လုပ်တာပါပဲ”လို့ နယူးယောက်မြို့တော် ရေနဲ့ သန့်ရှင်းမှုဆိုင်ရာ ကော်မရှင်ဥက္ကဋ္ဌ ပြောတယ်လို့ ဆိုတယ်။

ကျွန်တော်တို့ ရန်ကုန်မှာလည်း ဘာထူးလို့လဲ။ ကြွက်တွေ ပေါက်ဖွားမှုနှုန်းက ဘယ်လောက်တောင် မြင့်တက်နေတယ်ဆိုတာ တိတိပပ မသိပေမယ့် ကိုယ်တွေနေတဲ့ ရပ်ကွက်ထဲမှာ ကြွက်တွေ တအုံးအုံး တရုန်းရုန်းနဲ့ တိုးပွားနေတာကို မြင်တွေ့နေရတာပဲလေ။ ကြွက်တွေကလည်း အရွယ်စုံ၊ ဆိုက်စုံ ပေါမှပေါ။ တချို့အကောင်တွေဆို ခွေးပေါက်စ အရွယ်လောက် တောင်ရှိတယ်။ အတင့်ကလည်း ရဲလိုက်ပါဘိ။ နေ့ရောညပါ သူတို့တစ်တွေ လမ်းပေါ်မှာ ဖြတ်သွားဖြတ်လာ လုပ်နေကြတာများ လွန်းထိုးလို့နေတယ်။ လူတွေ့လို့ ကြောက်ပြီး ရှောင်ပြေးမယ် မထင်လေနဲ့။ ဖြတ်မောင်းသွားတဲ့ ကားတို့၊ ဆိုက်ကားတို့ကိုတောင် ဂရုမစိုက်တဲ့ အကောင်တွေ။ 

ကိုယ်တွေက ရုံးဝန်ထမ်းဆိုတော့ ရုံးချိန်မီအောင် မနက်စောစော အိမ်ကထွက်ရတယ်။ အိမ်ကနေ ကိုယ်စီးနေကျ ဘတ်စ်ကားမှတ်တိုင်ကို ရောက်ဖို့ အနိမ့်ဆုံး ၁၅ မိနစ်လောက် ခြေကျင် လျှောက်ရတယ်။ မနက်စောစောဆိုတော့ကာ ကားတွေ၊ ဆိုက်ကားတွေ တက်နင်းထားတဲ့ လတ်လတ်ဆတ်ဆတ် ကြွက်သေတွေက ဟိုတစ်ကောင် ဒီတစ်ကောင်နဲ့ တစ်လမ်းလုံးမှာ တွေ့နေရတယ်။ အဲဒီ အသေကောင်တွေကို ကျီးကန်းတွေက ထိုးဆွ စားသောက်နေကြတာ အုတ်အုတ်သဲသဲနဲ့။ မြင်လို့မကောင်းဘူး။ လမ်းလျှောက်ရင် ဘေးဘီကို မကြည့်နိုင်အောင်ဘဲ အောက်တည့်တည့်ကိုသာ ကြည့်နေရတယ်။ မတော် ကြွက်သေတွေကို နင်းမိလို့ကတော့ ...။ 

ဒီလိုဆို ကျွန်တော်တို့နေတဲ့ လမ်းထဲမှာ၊ ရပ်ကွက်ထဲမှာ ပေါက်ဖွားနေတဲ့ ကြွက်အကောင်ရေက မခန့်မှန်းနိုင်သလောက်ပါပဲ။ အနည်းဆုံး အကောင်ရေ သိန်းချီရှိလိမ့်မယ်လို့ ထင်ရတယ်။ တစ်ခါတလေ လူရှိရာကို အတင်းထိုး ပြေးဝင်လာပြီး ခြေထောက်ကြားက ဖြတ်ပြေးသွားတာမျိုးလည်း ကြုံရတာပဲ။ လူအသွားအလာကျဲတဲ့ နေ့ဘက် အချိန်မျိုးမှာတောင် အစာ ထွက်ရှာနေကြတာကို တွေ့ရတတ်တယ်။ ညဘက် လူခြေတိတ်ချိန် ၁၀ နာရီလောက်ဆို လမ်းထဲမှာ သူတို့က မင်းမူနေတော့တာကလား။ နောက်ဖေး လမ်းကြားတွေမှာဆို အုံနဲ့ကျင်းနဲ့ သွားလာနေကြတာ မမြင်ချင်မှအဆုံး။ 

ပြောချင်တာက ကျွန်တော် နေ့စဉ် သွားလာနေရတဲ့ လမ်းတစ်လမ်းတည်းမှာတောင် ကြွက်တွေ ဒီလောက်များနေရင် လမ်းတိုင်းလမ်းတိုင်းမှာ ဘယ်လောက် များနေပြီလဲ။ ဒီလိုဆိုရင်ဖြင့် ရပ်ကွက်ထဲမှာရှိနေမယ့် ကြွက်အကောင်ရေကို တွေးဆတန်ကောင်းပါရဲ့။ ဆိုရရင် ကမ္ဘာပေါ်မှာ မျိုးတုံး သတ်ဖြတ်ခြင်းခံနေရတဲ့ ရှားပါးတိရစ္ဆာန်ကောင်ရေ လျော့နည်းလာလို့ စိုးရိမ်ရေမှတ် ရောက်နေသလို ရပ်ကွက်၊ ကျေးရွာတွေမှာ ကြွက်တွေရဲ့ မျိုးပွားနှုန်း မြင့်လာတာလည်း စိုးရိမ်စရာပါပဲ။ ပြီးတော့ အဲဒီကြွက်တွေကနေ ရောဂါတွေ ရနိုင်သလို ရောဂါပိုးတွေကိုလည်း ကူးစက်နိုင်တာပဲ မဟုတ်လား။ တချို့မြို့နယ်တွေမှာ ခွေးလေခွေးလွင့် လျော့ပါးစေရေး နည်းလမ်းတွေကို ဆောင်ရွက်နေကြသလို ကြွက်ကောင်ရေ တိုးပွားနှုန်း လျော့ကျစေရေးကိုလည်း ဆောင်ရွက်သင့်တယ်လို့ ဆိုချင်ပါတယ်။ 

ကြွက်တွေကြောင့် ဖြစ်ပေါ်နေတဲ့ဆိုးကျိုးတွေ အများကြီး ရှိနေလိမ့်မယ်လို့ ထင်ပါတယ်။ မြင်တွေ့နေရသလောက် ပြောရမယ်ဆိုရင် ကြွက်တွင်းတွေကြောင့် လမ်းတွေ ပျက်စီးတယ်။ ရေမြောင်းတွေ ပြိုကျတယ်။ ပြိုကျတဲ့ မြေသားတွေကြောင့် မြောင်းတွေ ပိတ်ကုန်တယ်။ လမ်းတွေပေါ်မှာ ရေလျှံမှုတွေ ဖြစ်တယ်။ ဆည်မြောင်း၊ တာတမံတွေ ကျိုးနိုင်တယ်။ အဆောက်အအုံတွေ မြေကျွံပြီး ယိုင်နဲ့နိုင်တယ်။ လယ်ယာသီးနှံတွေ ပျက်စီးနိုင်တယ်။ ကြွက်တွေကြောင့် အစားအသောက် မသန့်ရှင်းရာက ကျန်းမာရေး ထိခိုက်နိုင်တယ်။ ဟုတ် မဟုတ်တော့ မသေချာဘူး။ တချို့စားသောက်ဆိုင်တွေမှာ ကြွက်သားတွေနဲ့လုပ်တဲ့ ကြက်သားပေါက်စီ လုပ်ရောင်းကြတယ်လို့ ကြားဖူးတာပဲ။ မသိလို့သာနေမှာ။ ကိုယ်လည်း စားမိရင်စားမိမှာပဲ။ ဟိုတစ်လောက လူမှုကွန်ရက် စာမျက်နှာမှာ ဗီဒီယိုဖိုင် တစ်ခုကို ကြည့်လိုက်ရတယ်။ ကြွက်အရှင်တွေကို ချက်ချင်းသတ်ပြီး အသားတု လုပ်နေတာကို တွေ့လိုက်ရတယ်။ မနှစ်မြို့စရာပါပဲ။ အစားအသောက်တွေက ဘဝမှာ မရှိမဖြစ်ဆိုတော့ကာ ...။ သတိထားပြီး အစားအသောက်ကို ဆင်ခြင်ကြရလိမ့်မယ်။ ဒီထက်ဆိုးတဲ့ အကြောင်းအရာတွေလည်း နောက်ထပ် ရှိပါလိမ့်ဦးမယ်။ ဖုံးကွယ်ထားလို့သာ မသိကြတာပါ။ 

ဒါကြောင့် အဲဒီကြွက်တွေကို နှိမ်နင်းရမယ့် စီမံချက်တစ်ခုတော့ လိုအပ်လာပြီလို့ ထင်ပါတယ်။ ကြွက်တွေကို နှိမ်နင်းဖို့ရာမှာ အစိုးရတစ်ရပ်တည်းနဲ့ လုပ်ဆောင်လို့ မဖြစ်နိုင်ပါဘူး။ အုပ်ချုပ်ရေးဌာနရော၊ စည်ပင်သာယာဌာနရော၊ ကျန်းမာရေးဌာနရော၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေရော၊ ပြည်သူတစ်ရပ်လုံးရော ပါဝင်မှဖြစ်မှာပါ။ အခြေခံအကျဆုံး အချက်ကတော့ ကြွက်စာဖြစ်စေမယ့် စားကြွင်းစားကျန်နဲ့ အမှိုက်တွေကို စနစ်တကျ သိမ်းဆည်းပြီး သတ်မှတ်ထားတဲ့နေရာတွေမှာ စွန့်ပစ်ဖို့ လိုအပ်တာပါပဲ။ ဒီလိုမှမဟုတ်ရင်တော့ ကြွက်တွေရယ်၊ အမှိုက်တွေရယ် လုံးချာလည်နေမှာကတော့ အသေအချာပါပဲ။ 

အရေးတကြီး အဆိုတစ်ရပ် မဟုတ်ပေမယ့် တစ်ချိန်ချိန်မှာ ရပ်ကွက်နေ ပြည်သူတွေရဲ့ ကျန်းမာရေးကို စိန်ခေါ်လာနိုင်တဲ့ ရပ်ကွက်ထဲက အနီးဆုံး ရန်သူဖြစ်တဲ့ ကြွက်တွေကို မျိုးစပြတ်သွားအောင် မလုပ်နိုင်ဘူး ဆိုစေဦးတော့။ ကြွက်တွေပျော်နေတဲ့ ကျွန်တော်တို့ ရန်ကုန်မြို့ကြီးမှာ ကြွက်ကောင်ရေ လျော့နည်းသွားအောင် ဘယ်လို အစီအမံတွေနဲ့ လုပ်ကြမှာလဲလို့ မေးမြန်းခြင်းအဆိုကို သတင်းစာကနေ ပြည်သူတစ်ယောက်အနေနဲ့ တင်သွင်းလိုကြောင်းပါခင်ဗျား။

ကိုသောင်း (ပညာရေး)

  • VIA