News

POST TYPE

PERSPECTIVE

ဟန်ချက်ညီ ဆန့်ကျင်ချေမှုန်းရမည့် အစွန်းရောက် အကြမ်းဖက်အန္တရာယ်
16-Aug-2017
ယခုရက်ပိုင်းတွင် အစွန်းရောက် အကြမ်းဖက်မှု အန္တရာယ်တားဆီး ကာကွယ်ရေးအတွက် အစိုးရ၊ တပ်မတော်နှင့် ဒေသခံပြည်သူတို့က ဟန်ချက် ညီလှုပ်ရှားမှုများ ပြုလုပ်လာသည်ကို တွေ့ရသည်။ ပထမ ဦးစွာ ဩဂုတ်လ ၉ ရက်နေ့ ၁၄ း ဝ၀ ချိန်တွင် နိုင်ငံတော်သမ္မတ အိမ်တော်တွင် ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့်ပတ်သက်သည့် အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့သည်။ ထိုအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ဦးသိန်းဆွေ၊ ဒေါက်တာ ဝင်းမြတ်အေး၊ လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ခေတ္တရဲချုပ် ရဲမှူးချုပ်အောင်ဝင်းဦး၊ ရခိုင်ပြည် နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ရခိုင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါက်တာချမ်းသာနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟုဆိုသည်။ ထိုအစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်အဖွဲ့ လှုပ်ရှားမှုများအား ထိန်းချုပ်နိုင်မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးကြကြောင်းလည်း သတင်းများတွင် ဖတ်ရသည်။

ထူးခြားမှုရှိသည်မှာ ထိုရက် ထိုအစည်းအဝေး ကျင်းပနေချိန်နှင့် တိုက်ဆိုင်စွာပင် မွန်းလွဲပိုင်းအချိန်၌ ANP ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်နှင့် ပါတီဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသည့် ဦးဘရှိန်၊ ဦးဦးလှစော၊ ဦးဖေသန်း၊ ဦးအောင်ကျော်ဇံ၊ ဦးဝေစိန်အောင်နှင့် ဦးခင်မောင်လတ်တို့ကို နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လက်ခံတွေ့ဆုံပြီး ရခိုင်ဒေသတည် ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပိုမို ပူးပေါင်းလုပ်ဆောင်နိုင်ရေး ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်း ထုတ်ပြန်ချက်များအရ သိရှိရပြန်သည်။

ထိုသို့တွေ့ဆုံပြီးနောက်ပိုင်းတွင် ဩဂုတ်လ ၉ ရက်နေ့မှစတင်ကာ မောင်တောခရိုင်နှင့် ရသေ့တောင်မြို့နယ် ကျေးရွာအုပ်စု ၁၁ အုပ်စုတို့အား ပုဒ်မ ၁၄၄ နှစ်လတိုးမြှင့်ထားကာ တပ်မတော်မှ အင်အားများလည်း တိုးချဲ့ပြီး နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်နေကြောင်း သိရသည်။

ထို့နောက်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ဩဂုတ် လ ၁၁ ရက်နေ့တွင် မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်ကိုလည်း တွေ့ရသည်။ ထိုထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်ဖက် အသိုင်းအဝိုင်းကြား ရင်ကြားစေ့ရေး ရေတိုရေရှည် အစီအမံများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော်လည်း အစွန်းရောက် အကြမ်းဖက်သူများက သတ်ဖြတ်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိရာ ဩဂုတ်လ ၉ ရက်နေ့ထိ သေဆုံးသူ ၅၉ ဦးနှင့် ပျောက်ဆုံးသူ ၃၃ ဦးရှိလာခဲ့ကြောင်း၊ ထိုသတ်ဖြတ်ခံရသူများတွင် အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သူများ အပါအဝင် အစ္စလာမ် ဘာသာဝင် အများအပြားကို သတ်ဖြတ်မှုများ ပြုလုပ်လာခဲ့ကြောင်း၊ ယခု နောက်ဆုံးတွင် မြိုတိုင်းရင်းသား ခုနစ်ဦးကို သတ်ဖြတ်လာခဲ့ကြောင်း၊ ထိုသို့ပြုလုပ်ခြင်းသည် အစိုးရ၏ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်မှုများ မပြုလုပ်နိုင်စေရန် သတ်ဖြတ်ကြခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ ဥပဒေနှင့်အညီ ထိထိရောက်ရောက် နှိမ်နင်းသွားမည်ဖြစ်ပြီး တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့များနှင့်ပူးပေါင်းကာ လိုအပ်သည့်နေရာများတွင် ညမထွက်ရ အမိန့်များ ထုတ်ပြန်သွားမည်ဖြစ်ကြောင်းနှင့် ထိုအစွန်းရောက် အကြမ်းဖက်များကို ပြည်သူများ၊ နိုင်ငံရေးပါတီများ၊ မိတ်ဆွေနိုင်ငံများ၊ နိုင်ငံတကာ အသိုင်းအဝိုင်းတို့က ဆန့်ကျင်ခြင်းဖြင့် ထောက်ခံမှုပြသကြရန်ဖြစ်ကြောင်းတို့ ပါရှိခဲ့သည်။

ထိုအခြေအနေများနှင့် မရှေးမနှောင်း ဆိုသလို ဩဂုတ်လ ၁၃ ရက်နေ့တွင် မောင်တောဒေသတွင် လူ ၃၀ဝ၀ ကျော်၊ ရသေ့တောင်တွင် လူ ၁၀ဝ၀ ခန့်နှင့် စစ်တွေတွင် လူ ၅ ထောင်နှင့် ၁ သောင်းကြားခန့်အပြင် အခြားရခိုင်ပြည်နယ်ရှိ ကျန်မြို့များ အသီးသီးတွင်လည်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်ကို သတင်းများတွင် တွေ့ရသည်။ ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ကုလသမဂ္ဂ အဖွဲ့များဖြစ်သည့် UNHCR, WFP အပါအဝင် နိုင်ငံတကာ INGO အဖွဲ့အစည်းများ အားလုံး ရခိုင်ပြည်နယ်အတွင်းမှနေ အမြန်ဆုံး ထွက်ခွာပေးရန်၊ ထို့အပြင် ဒေသခံတိုင်းရင်းသားများအတွက် လက်နက်ကိုင် ပြည်သူ့စစ် ဖွဲ့စည်းပေးရန်၊ ခိုးဝင်သူများအား စိစစ်ပေးပြီး ရခိုင်ပြည်မှ နှင်ထုတ်ပေးရန်နှင့် အကြမ်းဖက်သမားများအား ချေမှုန်းပေးရန်တို့ကို တောင်းဆိုခဲ့ကြသည်။ လက်ရှိတွင် နယ်မြေ မတည်ငြိမ်မှုများကြောင့် မောင်တောဒေသတွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ အား ဩဂုတ်လ ၉ ရက်မှ သက်တမ်း ၂ လ တိုးမြှင့်လိုက်ပြီး ရသေ့တောင်ဒေသတွင်လည်း ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သည်ဟု သတင်းများတွင် ဖတ်ရသည်။

ဩဂုတ်လ ၁၃ ရက်နေ့တွင်လည်း ပြည်ထောင်စုဝန်ကြီး လေးဦး စစ်တွေလေဆိပ်သို့ ရောက်ရှိလာကြောင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ပါ လိုက်ပါပြီး မောင်တောဒေသသို့ တပ်မတော် ရဟတ်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း၊ ဝန်ကြီးလေးဦးမှာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့ဖြစ်ကြောင်း၊ ထိုသို့လာရောက်ကြခြင်းမှာ မောင်တောမြို့တောင်ပိုင်း ကျောက်ပန္ဒူကျေးရွာတွင်း နေအိမ် ဆောက်လုပ်မှု အခြေအနေများ၊ ရွာချင်းဆက် ဘင်္ဂါလီရှောင်ခွင်းလမ်းတို့အား ကြည့်ရှုကာ ဒေသခံတိုင်းရင်းသားများနှင့်တွေ့ဆုံပြီး စစ်တွေသို့ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သတင်းဌာများ၏ ဖော်ပြချက်များအရ သိရသည်။ အထက်ပါသတင်းများကို တစ်ရက်ချင်း တစ်ဆင့်ချင်း လေ့လာကြည့်သည့်အခါ ယခုရက်ပိုင်းတွင် အစိုးရ၊ တပ်မတော်နှင့်ပြည်သူတို့ ပူးပေါင်းပြီး အစွန်းရောက် အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ရေး အစီအစဉ်များကို အစီအစဉ်တကျ ရေးဆွဲပြီး အချိန်ကိုက် ပြုလုပ်နေခဲ့ကြောင်း သိသိသာသာ မြင်ကြရနိုင်သည်။

အစွန်းရောက် အကြမ်းဖက်သူများ၏ အန္တရာယ်များမှာ ယနေ့အချိန်တွင် ကမ္ဘာတစ်ဝန်း အခြားသော နိုင်ငံများတွင်လည်း သိသိသာသာ ခံစားနေကြရချိန်လည်း ဖြစ်သည်။ အနီးစပ်ဆုံးဒေသတွင်း မိတ်ဆွေနိုင်ငံများဖြစ်သည့် အာဆီယံအဖွဲ့ဝင် ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံတောင်ပိုင်းတို့တွင် ယခင်လက ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်များက သက်သေခံနေခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံတွင်မူ သမ္မတကိုယ်တိုင် ဦးစီးပြီး စစ်မြေပြင်သို့ဆင်းကာ ကွပ်ကဲနှိမ်နင်းနေရသည်အထိ ဖြစ်ပေါ်ခဲ့သည်။ ထိုင်းနိုင်ငံတောင်ပိုင်းတွင်လည်း အစွန်းရောက် အကြမ်းဖက်မှုများ လက်ချက်ကြောင်း ထိုင်းစစ်သားများ မကြာခဏ ဆိုသလို ကျဆုံးနေကြရသည့် သတင်းများကို ဖတ်ရသည်။

အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီး တစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံကြီးပင် ထိုအစွန်းရောက် အကြမ်းဖက်သမားများ၏ အန္တရာယ်ကို သတိထား ကာကွယ်နေရသည်။ ၎င်းတို့နိုင်ငံ၏ အရှေ့ဘက် အကျဆုံး အာသံ၊ မဏိပူရပြည်နယ်နှင့် ကက်ရှ်မီးယားဒေသများတွင်လည်း ထိုအကြမ်းဖက်မှု အန္တရာယ်များကို အများဆုံး ရင်ဆုံတွေ့ကြုံနေရပြီး ဒေသခံပြည်သူများ အများဆုံး ခံစားနေကြရသည်။ မိမိတို့နေရပ်၊ အိုးအိမ်ကို စွန့်ခွာကာ ငြိမ်းချမ်းသည့်ဒေသများဆီသို့ ပြောင်းရွှေ့ ခိုလှုံနေကြရသည်မှာ ယနေ့ထက်တိုင်ဖြစ်သည်ကို လေ့လာမိခဲ့ရသည်။ ဒီမိုကရေစီစနစ်ကို လက်ကိုင်ပြုပြီး နိုင်ငံသားတို့၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို အထူးအလေးထားသည့် ဗဟိုအစိုးရအနေနှင့်ပင် ထိုအရေးကို လက်ရှောင်ပြီး နိုင်ငံတကာ ဥပဒေများ၊ ကွန်းဗင်းရှင်းပါ အချက်အလက်များ၊ စာချုပ်ပါ သဘောတူညီချက်များကို မသိကျိုးကျွန်ပြုကာ ပညာသားပါပါနှင့် ဖြေရှင်းနေရသည်။ ထိုအရေးကို ဗဟိုအစိုးရအနေနှင့် တိုက်ရိုက် မဖြေရှင်းဘဲ ဒေသအစိုးရကိုသာ တိုးတိုးတိတ်တိတ်နှင့် ဖြေရှင်းစေသည်။ နိုင်ငံရေးသမားများ မသိအောင် လုပ်ရသည်။ သူတို့သိလျှင် လူ့အခွင့်အရေးနှင့် ကိုင်ပေါက်မည်ကို စိုးနေရသည်ဟု မကြာသေးမီက သူတို့နိုင်ငံသို့ သွားရောက်စဉ် လေ့လာမိခဲ့ရသည်။ ၎င်းတို့နိုင်ငံပတ်လည်တွင်လည်း အဆင်မပြေ လူဦးရေ ထူပြောပြီး အသားအရောင်ရော၊ ကိုးကွယ်ရာ ဘာသာပါအချို့ ဆင်ဆင်တူသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံနှင့် နီပေါနိုင်ငံတို့မှ ခိုးဝင်သူများအရေးရှိသည်။ ထိုသူတို့ကို နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေများ၊ ကွန်းဗင်းရှင်းများပါ သဘောတူညီချက်များနှင့် UNHCR တို့ကို ဂရုမစိုက်နိုင်အားဘဲ သတိထား ကိုင်ကွယ်နေရသည်။

ဆိုလိုသည်မှာ အခြားနိုင်ငံများမှ ခိုးဝင်သူများနှင့် ယခုဖြစ်ပေါ်နေသည့် အစွန်းရောက် အကြမ်းဖက်မှု ဖြစ်စဉ်များမှာ မိမိတို့နိုင်ငံ တစ်နိုင်ငံတည်းတွင်သာ မဟုတ်ဘဲ အခြားနိုင်ငံများတွင်လည်း ဖြစ်ပေါ်နေသည်။ ထိုသို့ဖြစ်ပေါ်နေမှုများကိုလည်း သူတို့အစိုးရတို့က သူ့နည်းသူ့ဟန်နှင့် ဖြေရှင်းနေကြရသည်ကို ပြောလိုရင်းဖြစ်သည်။ ယခုအခါ ထိုအစွန်းရောက် အကြမ်းဖက်မှုများ၏ အန္တရာယ်မှာ ဥရောပတိုက်သို့ပင် ကူးစက်ပြီး အစိုးရများကို အခက်တွေ့နေစေခဲ့သည်ကိုလည်း ကြားပြီးကြပြီးဖြစ်မည်ထင်သည်။ မည်သည့်နိုင်ငံ၊ မည်သည့်အစိုးရ၊ မည်သည့်တပ်မတော်မဆို တူညီသောအချက်တစ်ချက်မှာ ၎င်းတို့နိုင်ငံမှ ၎င်းတို့၏ နိုင်ငံသားများအတွက် အမျိုးသား အကျိုးစီးပွားကိုသာ ဦးထိပ်ထား ကာကွယ်နေကြရသည်ဟူသော အချက်ပင်ဖြစ်လေသည်။

ထိုအစွန်းရောက် အကြမ်းဖက်သမားများနှင့် ပတ်သက်လာလျှင် မိမိတို့နိုင်ငံ အနေနှင့်လည်း အများမိုးခါးရေ သောက်လျှင် မိမိတို့ကလည်း သောက်ရတော့မည်ဖြစ်သည်။ အခြားနိုင်ငံကြီးတွေကရော ဘယ်လိုဖြေရှင်းနေကြသလဲ၊ သူတို့ကရော ဒီအန္တရာယ်တွေ မကြုံတွေ့ကြဘူးလား၊ ထိုသို့ဆိုလျှင် မိမိတို့ကရော ဘာလုပ်သင့်သလဲ ဆိုသည်တို့ကို ချင့်ချိန်သုံးသပ်ကာ ဆောင်ရွက်ကြရမည်သာ ဖြစ်သည်။ လူ့အခွင့်အရေး ဒီမိုကရေစီ ကိစ္စများဆိုသည်မှာ ယခုဖြစ်ပေါ်နေသည့် အစွန်းရောက် အကြမ်းဖက် လူသတ်မှု ကိစ္စများနှင့် လုံးဝ ဆန့်ကျင်နေသည့်အရာ ဖြစ်သည်ကိုလည်း ပြည်သူအားလုံးက သတိချပ်ကြရမည်သာဖြစ်ပြီး အားလုံးက သတိထား စောင့်ကြည့်ခြင်း၊ ဝိုင်းဝန်းဆန့်ကျင်ခြင်းများ ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့အတွက် နိဂုံးချုပ်အားဖြင့် တင်ပြလိုရင်းမှာ ယနေ့အချိန်တွင် ဖြစ်ပေါ်နေသည့် အနောက်ဘက် တံခါးဘက်ဆီမှ အစွန်းရောက် အကြမ်းဖက်သမားတို့၏ အန္တရာယ်ကို အစိုးရ၊ တပ်မတော်နှင့် ဒေသခံပြည်သူတို့က အထက်တွင်တင်ပြခဲ့သည့် ဟန်ချက်ညီညီ လှုပ်ရှားတုံ့ပြန် ဆန္ဒထုတ်ဖော်နေကြသည့်နည်းတူ နိုင်ငံအတွင်းရှိ ကျွနု်ပ်တို့နိုင်ငံသား အားလုံးတို့ကလည်း ထိုလှုပ်ရှားမှုအတွင်း ဆန္ဒထုတ်ဖော် ပါဝင်ပြသကြရန် အထူးလိုအပ်လာလျက် ရှိနေပါသည်။ သို့မှသာ ထိုအစွန်းရောက် အကြမ်းဖက်မှုများ ချုပ်ငြိမ်းသွားပြီး အဆိုပါဒေသသည်လည်း ငြိမ်းချမ်းသာယာကာ မတူညီသည့် လူ့အဖွဲ့အစည်းနှစ်ရပ်အကြား ရင်ကြားစေ့နိုင်မည်လည်းဖြစ်သည်။ သို့ဖြစ်၍ ထိုအဖွဲ့နှစ်ခုအကြား ရင်ကြားစေ့ရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးတက်ရေးအတွက်ဆိုလျှင် ဆူးငြောင့်သဖွယ် ဖြစ်နေသည့် ထိုအစွန်းရောက် အကြမ်းဖက်သမားများကို ဒေသခံပြည်သူများနှင့် ကျန်အဖွဲ့အစည်းများကပါ ပါဝင်ပူးပေါင်း ဆန့်ကျင်ကြမှသာ ပြေးစရာ မြေမရှိဖြစ်လာကာ လုံးဝ ချုပ်ငြိမ်းသွားမည်ဖြစ်ပါကြောင်း စိတ်ကောင်း စေတနာဖြင့် ရေးသားတင်ပြလိုက်ရပါသည်။ 

သန်းဖြိုးနိုင် (ကညင်ကျိုး)


  • VIA