News

POST TYPE

PERSPECTIVE

အတူ ရုန်းကန်ကြရင်း နားလည်မှု တည်ဆောက်စေချင်
15-Aug-2017

မှန်တဲ့အတိုင်း ဖြေရှင်းပေးရှာတဲ့ ရပ်ရွာက ဦးကြီးတွေ၊ အင်္ကျီ၊ ပုဆိုး တစ်ပတ်နွမ်းနဲ့ သည်းခံနိုင်လွန်းတဲ့ ဆရာဝန်၊ ဝင်အာတာ ဆိုပြီး Live မှာ တစ်ဖက်လူရဲ့ အပြောခံရပေမယ့်  ဒီအတိုင်း စိတ်ပျက်လက်ပျက် ရပ်ကြည့်နေတဲ့ ဆရာမလေး၊ ဆွမ်းကြီးဝိုင်းလောင်းဖို့ စိတ်ကူးမရှိတဲ့ ရွာသားတွေ၊ အပီပဲဆိုပြီး Live လွှင့်ပြီး စကားတွေ စီကာပတ်ကုံးပြောပြီး ပြဿနာရှာတဲ့ ဆရာနှစ်ယောက်။

Video ထဲမှာပါတဲ့ လူတန်းစားအစုံကို ကြည့်ပါ။  

ကျောင်းဆရာ - အသက်မွေးဝမ်းကျောင်း ပညာရပ်အားလုံးရဲ့ လက်ဦးဆရာပါ။ ဂဏန်းတွေ ပေါင်းတတ်၊ တွက်တတ်စာလေးတွေ ရေးတတ်၊ ဖတ်တတ်အောင် ဆရာ၊ ဆရာမတွေကပဲ စတင် သင်ပေးခဲ့တာပါ။ ဒီထဲမှာပါတဲ့ စုန်းပြူး ရာခိုင်နှုန်း အနည်းငယ်ကြောင့် “ကျောင်းဆရာတွေ၊ ဆရာမတွေ”လို့ အစချီပြီး လူထုက အပြစ်တင်မှာ မဟုတ်သလို ဆရာ၊ ဆရာမတွေအနေနဲ့လည်း အသိတရား မကြွယ်တဲ့ လူတန်းစားတွေ အဆဲခံရရင် ထည့်တွက်စရာ မလိုပါဘူး။

ဒီ Live ထဲမှာပါတဲ့ ဆရာနှစ်ယောက် - သူတို့ နားလည်မှုလွဲတာ၊ တိုက်နယ်ဆရာဝန်နဲ့ ကျေလည်အောင် ရှင်းချင်တာ သူတို့မမှားပါဘူး။ မှားတာက ပြဿနာကို ဖြေရှင်းတဲ့နည်းလမ်းပါ။ Live လွှင့်ပြီး ရှင်းချင်တဲ့စိတ်ကိုက အလွဲကြီး လွဲနေတာပါ။ ပြောတဲ့စကားတွေအတွက် သက်သေလိုချင်သပဆိုလည်း ရပ်ရွာက လူကြီးတွေရှိတယ်၊ ဝိုင်းကြည့်နေတဲ့သူတွေလည်း အုံလို့။ အဲဒါကို တစ်ဖက်လူပြောနေတာကို Video ကြီးရိုက်ပြီး Live လွှင့်တယ်ဆိုတာ သိပ်ရိုင်းတဲ့အပြုအမူပါ။ ကျွန်တော်တို့ရဲ့အသိ လူကြီးတွေလည်း ရှိပါတယ် ဆိုတာကိုလည်း ထည့်ပြောသေးတာ၊ ကိုယ့် ဘာသာ Live လွှင့်ပြီး ကိုယ့်သိက္ခာကိုယ် ချနေတဲ့အတိုင်းပဲ။ စကားပြောတာလည်း နွဲ့နွဲ့ နွဲ့နွဲ့နဲ့ဆိုတော့ တခြားနွဲ့တဲ့သူတွေပါ ကြားချောင်နေရင်း အဆဲခံရပြန်ရော။ အခြောက်ဖြစ်ဖြစ်၊ အစိုဖြစ်ဖြစ်၊ မခြောက်တခြောက်ဖြစ်ဖြစ် ကိုယ့်အကန့်နဲ့ ကိုယ့်ဂုဏ်သိက္ခာနဲ့ နေတတ်သူတွေ အများကြီးပါ။

ရပ်ရွာဦးကြီးတွေ - သူတို့ ပြောသွားတဲ့ထဲက စကားတစ်ခွန်းကို နှစ်သက်မိပါတယ်။ “မင်းကွာ ... ချပ်သင်းသား အချင်းချင်း ပြဿနာကို ဒီလိုရှင်းစရာ မလိုပါဘူး” သူဆိုလိုတာ ကိုယ့်နယ်သား အချင်းချင်း မကျေနပ်တာရှိရင် ညှိရမယ့်ကိစ္စ၊ လိပ်ခဲတည်းလည်း ဖြစ်တဲ့ကိစ္စတွေကို ဒီလို Live လွှင့်ပြီး အကြီးအကျယ်ရှင်းစရာ မလိုပါဘူး၊ ရွာသိက္ခာ ကျတာပေါ့။ နားလည်မှုလွဲတာ၊ ဒေါသထွက်တာ၊ ရှင်းချင်ကြတာ လူတိုင်းမှာရှိတဲ့ စိတ်ပဲလေ။ သူဟာ သူ့ရပ်ရွာမှာ ဖြစ်တဲ့ကိစ္စကို သူ့မိသားစုမှာ ဖြစ်တဲ့ကိစ္စလို့ သတ်မှတ်ပြီး အကျယ်အကျယ် မဖြစ်ချင်ရှာတာရယ်၊ ရပ်ရွာနာမည် ထိခိုက်မှာ စိုးတာရယ်၊ ပြဿနာကလည်း Live လွှင့်ပြီး ရှင်းရလောက်တဲ့အထိ ကြီးမားတယ် မထင်လို့ရော ဝင်ရှင်းပေးတယ်လို့ မြင်မိတယ်။

ဆရာဝန် - သူ့ကို မြင်ပြီး မပြည့်စုံတဲ့ အခြေအနေတွေကြားမှာ ဒီလိုကိစ္စတွေကို တတ်နိုင်သလောက်သာ ဖြေရှင်းနေရလို့ စိတ်မကောင်း ဖြစ်မိတာရယ်။ ဒီနိုင်ငံရဲ့ ဆရာဝန်တွေနဲ့ လူနာတွေ ဘယ်ပုံ ဘယ်နည်းတွေနဲ့ အများအားဖြင့် တွေ့ကြုံ ပတ်သက်နေရတယ် ဆိုတာကို မြင်မိပါတယ်။ အသက်မွေးဝမ်းကျောင်း ပညာရပ်တိုင်း၊ လူသားတိုင်းမှာ သူ့တန်ဖိုးနဲ့သူ ရှိပြီးသား၊ အားသာချက် ကိုယ်စီ ရှိပြီးသားပါ။ ဒီထဲမှာမှ ဆရာဝန်ဆိုတာ လူထုရဲ့ အာရုံစိုက်မှုကို ဘာလို့ပိုရတာလဲ၊ ရှင်းပါတယ် ကိုယ် စိတ် ကျန်းမာရေးနဲ့ဆိုင်လို့ပါ။ ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ့်အိမ်က လူတွေ မကျန်းမာရင်သော်လည်းကောင်း ဘယ်လောက် စိတ်သောက ရောက်ရလဲ။ ကိုယ်ဆင်းရဲတဲ့ဒဏ် ခံနိုင်ပေမယ့်၊ စိတ်ဆင်းရဲတဲ့ဒဏ်ကို ဘယ်သူမှ မခံချင်ကြပါဘူး။ လူတွေဟာ ရုပ်ဝတ္ထုထက် သွေးသား ဆက်နွှယ်မှု၊ ရင်းနှီးမှု ပိုအရေးကြီးတယ် ဆိုတာကို မိသားစုဝင်ဖြစ်ဖြစ်၊ ကိုယ်တိုင်ဖြစ်ဖြစ် ကျန်းမာရေး မကောင်းတဲ့အချိန်မှာ ပိုသိ၊ ပိုနားလည်ကြပါတယ်။ ဆရာဝန်၊ သူနာပြုဆိုတာ လူကိုပဲ ကုစားတာ မဟုတ်ပါဘူး၊ ရောဂါသက်သာရင် စိတ်ချမ်းသာတာ ဘာနဲ့မှ မတူတာမို့ စိတ်ကိုပါ ကုစားပေးတာပါ။

ကျွန်မတို့ ဆရာဝန်တွေ ကိုယ်တိုင်တောင် ကိုယ့်အိမ်က မိသားစုဝင်တစ်ယောက် ကျန်းမာရေး တော်တော် ချို့ယွင်းလို့ ကျွမ်းကျင်ရာ ဆရာတွေနဲ့ပြပြီး သက်သာသွားတယ်ဆိုရင်ဖြင့် ထိုင်ရှိခိုးမိမတတ် ကျေးဇူးတင်မိတာပါပဲ။ မတရား အစွပ်စွဲခံရတဲ့လူတစ်ယောက် တရားမျှတစွာ စီရင်ပေးတဲ့ တရားသူကြီးနဲ့ အမှန်တရားဘက်ကနေ ပေးတဲ့ ရှေ့နေကြောင့် အမှုမှန်ပေါ်ရင် ကြည်နူးချမ်းမြေ့ရသလိုမျိုး ခံစားနေရတဲ့ သောကဆင်းရဲက ကင်းဝေးရလို့ ထိုင်ရှိခိုးမိမတတ် ကျေးဇူးတင်သလိုမျိုးပါပဲ။

ဘယ်အထူးကု ဆေးခန်းကတော့ဖြင့် ဘယ်လိုညံ့ဖျင်းလို့ လူနာ အသက် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတာ၊ ဘယ်ဆရာဝန်ကတော့ဖြင့် ဘယ်လိုဆိုးဝါးတာ ဆိုတာမျိုးတွေ လူမူကွန်ရက်ပေါ် တက်လာရင် ဆရာဝန်တွေ ကိုယ်တိုင်လည်း လူနာတွေဘက်က ကြေကွဲခံစားရပါတယ်။ မကောင်းတဲ့သူတွေ မလျော်ကန်သော အလုပ်ကို လုပ်တာ သူတို့သမိုင်းပါ။ အဲဒီ့ မကောင်းတဲ့သူတွေ တချို့ကြောင့် ဆရာဝန်တစ်ရပ်လုံး အဆဲခံရတယ်၊ အထင်လွဲခံရတယ် ဆိုတာမျိုး ဖြစ်သင့်၊ မဖြစ်သင့် အသိစိတ်ရှိတဲ့သူတိုင်း သိပါတယ်။

Ethics နဲ့မညီသောအလုပ်တွေ လုပ်လို့ လူနာ အသက်ဆုံးရှုံးစေတဲ့ ဆရာဝန်အကြောင်း တွေ့ရတဲ့အချိန်မှာ Ethics နဲ့အညီ ကိုယ့်တာဝန် ကိုယ် ထမ်းဆောင်လျက် အသက်ပေါင်း မြောက်မြားစွာ ကယ်တင်ပေးနေတဲ့ လူမှုကွန်ရက်ပေါ် မရောက်တဲ့ ဆရာဝန်တွေ ဒုနဲ့ဒေးပါပဲ။ အင်ဂျင်နီယာတစ်ယောက် မကောင်းလို့ အင်ဂျင်နီယာတွေ အကုန်ရောကြိတ်ဆဲခံရရင် ဘယ်သူမှ လက်မခံသင့်သလို စစ်တပ်ဘက်က မကောင်းဘူးလို့ စစ်သားတွေ အကုန်ရော ဆဲခံရတယ်ဆိုတာမျိုး၊ ဒီပုပ်ထဲက ဒီပဲ ပဲလို့ အထင်ခံရတာမျိုး ဒီခေတ်ကြီးမှာ စိုးစဉ်းမျှတောင် မရှိသင့်တော့ပါ။ ဘယ်အဖွဲ့အစည်းကဖြစ်ဖြစ် ကောင်းတဲ့သူကို ကောင်းတဲ့အလျောက် အသိအမှတ်ပြုရမှာ ဖြစ်သလို မကောင်းတဲ့သူကိုလည်း မကောင်းတဲ့အလျောက် သင့်တော်တဲ့ ဒဏ်ပေးနိုင်ရမှာ ဖြစ်တယ်။ အဖွဲ့အစည်းနဲ့ Professional နဲ့ချီပြီး ဆဲနေရင် မလိုလားအပ်တဲ့ အမုန်းတရားတွေကိုပွားဖို့ သက်သက်ကလွဲရင် ဘာများအကျိုးရှိစေသလဲ။

ဘာလို့များ တစ်ဦးချင်းအလိုက် မကြည့်နိုင်ကြလဲ။ ဘာလို့များ လောကကြီးကို ရိုးရိုးရှင်းရှင်း မကြည့်နိုင်ကြလဲ။

ဆရာဝန်တွေ အထင်ကြီးစရာ မရှိပါဘူး ဆိုတဲ့စကားကလည်း မသိစိတ်ကနေ အရမ်းကာရော အထင်ကြီးနေကြတဲ့လူတွေ ပြောလေ့ပြောထ ရှိတဲ့စကားပါ။ ဘယ်ဦးနှောက်ရှိတဲ့လူမျိုးကမှ အစွန်းရောက်စကားကို မဆိုပါဘူး။ ဆရာဝန်ဆိုတာလည်း လူထဲက လူပဲမို့ စိတ်ရင်းမှန်တဲ့သူတောင် အမှားတွေ ရှိကောင်း ရှိမယ်။ အမှားထဲကနေ သင်ခန်းစာတွေ ပြန်ယူရတာ ရှိမယ်။ ကျွန်မတို့ကိုယ်တိုင် မသိခဲ့တဲ့ Ethics (ကျင့်ဝတ်) တွေလည်း ရှိပါတယ်။ ဒီလိုပဲ သင်ယူရင်း၊ လုပ်လာရင်း သိလာတဲ့ လိုက်နာမိတဲ့ Ethics (ကျင့်ဝတ်) တွေလည်း ရှိပါတယ်။ Mutual Respect (အပြန်အလှန် လေးစားခြင်း)က ဘယ်လောက် အရေးကြီးတယ် ဆိုတာကို ဆေးကျောင်းတက်တုန်းက၊ အလုပ်သင်ဆင်းတုန်းက သိချင်မှသိမယ်၊ အသက်အရွယ်တွေ၊ အတွေ့အကြုံတွေက တဖြည်းဖြည်း ကိုယ့်ကို သင်ပြပေးသွားတာပဲ၊ စောစော နားလည်တာနဲ့ နည်းနည်းနောက်ကျမှ နားလည်တာတော့ တစ်ဦးချင်းစီပေါ်မှာပဲ မူတည်ပါတယ်။ 

လူတွေ တစ်ဦးချင်းစီရဲ့ ဘဝတွေကရော ဒီလိုပဲ မဟုတ်ဘူးလား။ ကိုယ်ကိုယ်တိုင်တောင် ဘဝမှာ လဲတဲ့အချိန်လဲ၊ ကွဲတဲ့အချိန်တွေကွဲ၊ ထတဲ့ အချိန်ထ ဒီလိုပဲ တက်လှမ်းနေရတာ မဟုတ်ဘူးလား၊ ဘာ့ကြောင့် ဆရာဝန်ကျမှ အကုန်လုံးကို တစ်ပြေးညီ Perfect ဖြစ်ရမယ် သတ်မှတ်ထားတာလဲ။ ၈ နာရီထက်ကျော်ပြီး အလုပ်လုပ်လည်း ဘာမှမဖြစ်ရဘူး၊ မနားချင်ရဘူး။ ၁၂ နာရီထက်ကျော်ပြီး အလုပ်လုပ်လည်း ဘာမှမဖြစ်ရဘူး၊ ဒေါသမထွက်ရဘူး။ ၂၄ နာရီထက်ကျော်ပြီး အလုပ်လုပ်လည်း ဘာမှမဖြစ်ရဘူး။ ဆရာဝန်မို့ ဆရာဝန် အလုပ်လုပ်ရတာပဲလို့ ဆိုတာမျိုးကို သဘောတူလား။ သူ့မှာရော ကိုယ်ရေးကိုယ်တာ သောကတွေ မရှိရဘူးလား။ ဆက်တိုက် အလုပ် လုပ်ထားတဲ့သူ တစ်ယောက်ကို မောက်မာလိုက်တာ၊ စိတ်မရှည်တတ်လိုက်တာလို့ ထင်ချင်ရင် မိမိကိုယ်ကိုယ်နဲ့သာ ကိုယ်ချင်းစာကြည့်လိုက်ပါ။ အလကားနေ အလကား မောက်မာနေတဲ့သူမျိုးကိုတော့ ဆရာဝန် အချင်းချင်းကလည်း မုန်းကြပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာကတော့ ရှင်းတယ်။ နိုင်ငံဘက်ကလည်း Facility တွေ၊ ဆေးဝါးတွေ အပြည့်အစုံပေးတယ်၊ အဆင့်အတန်းမီတယ်။ ပြည်သူဘက်ကလည်း ကျန်းမာရေးအတွက် Consultation Fees ကို မြန်မာနိုင်ငံမှာ ပေးရတာထက် အဆပေါင်းများစွာ ပေးနိုင်တယ်။ ပေးနိုင်တဲ့အထိလည်း အဆင်ပြေတယ်။ ဆရာဝန်ဘက်ကလည်း တစ်ယောက်ဆို တစ်ယောက် အကြာကြီး အချိန်ပေး ဆွေးနွေးနိုင်တယ်။ အမှားအယွင်း တစ်စုံတစ်ရာရှိရင် ရှေ့နေနဲ့ ဆက်ပြောကြ။ ဒါပဲ။ အဲဒီလို ကောင်းပါတယ်ဆိုတဲ့နိုင်ငံက ဆရာဝန်တွေတောင် စိတ်ဖိစီးမှုတွေ၊ စိတ်ကျရောဂါ ဖြစ်တာတွေရှိကြတာ။ ဒီနိုင်ငံက ဆရာဝန်တွေက ဘာသားနဲ့ ထုထားတာမို့တုံး။

ဆေးရုံတော်တော်များများမှာ မလောက်ငတဲ့ ဆရာဝန်၊ သူနာပြု၊ ဓာတ်ခွဲပညာရှင်၊ ဆေးဝါး မပြည့်မစုံနဲ့ ဗွက်ပေါက်နေအောင် များပြားတဲ့လူနာတွေကို ကုသရတယ်။ ဘဝရပ်တည်ဖို့ ဝင်ငွေကောင်းလား ဆိုတော့လည်း မဟုတ်ပြန်။ ဒီကြားထဲ စေတနာ ဝေဒနာဖြစ်ရရင် စကားတွေ ရှုပ်ကြတာကို ဖြေရှင်းရတာက တစ်မှောင့်။ ဆရာဝန် အယောက်တစ်ရာမှာ တစ်ယောက်လောက် အေးချမ်းစွာ ဆေးကုနိုင်နေရင်ကို ကံကောင်းပဲ။ နိုင်ငံကို အပြစ်တင်လို့လည်း နိုင်ငံခမျာ အစစအရာရာ ရုန်းကန်နေရတဲ့ အခြေအနေ၊ အကောင်းစားကြီးတွေ မမျှော်လင့်မိပေမယ့် ဖြစ်သင့်ဖြစ်ထိုက်တာကို ဖြစ်နိုင်တဲ့ အနေအထားလေးအတွင်းမှာ Policy Maker တွေ ဆွေးနွေးအကောင်အထည် ဖော်နိုင်ကြပါစေလို့ပဲ ဆုတောင်းရုံသာ။

ထိုက်သင့်တဲ့ ပိုက်ဆံပေးထားတာပဲ၊ လိုတဲ့ Service ပေးရမှာ နင်တို့တာဝန်၊ ဘာ Respect မှ ပေးစရာမလိုဘူးဆိုတဲ့ စကားမျိုးကို ကားဝပ်ရှော့မှာ သွားပြောတောင် ဝပ်ရှော့ဆရာ အမြင်ကပ်ပြီး ပြင်မပေးရင် ကိုယ့်ကားကိုယ်ထမ်းပြန်လို့ ရပါသေးတယ်။ ဆရာဝန်တွေကို သွားပြောလို့ ဆရာဝန် ဆိုတဲ့အလုပ်ကို ခါးသီးတဲ့သူများလာပြီး တိုးတက်ရာ တိုးတက်ကြောင်း တခြားအလုပ်ပဲ လုပ်တော့မယ် ဆိုတဲ့သူတွေ များလာရင် နစ်နာမှာက အဲဒီ့အာချောင်တဲ့ လူတန်းစားပဲ မဟုတ်ပါဘူး။ များလှစွာသော မိသားစုတွေရဲ့ ကျန်းမာရေးပါ။ ဆရာဝန်တွေ ဆရာဝန် မလုပ်ဘဲ တခြားအလုပ် ရွေးချယ်ရင်လည်း လူထဲက လူတွေပဲမို့ ဒါ သူတို့ အခွင့်အရေးပါ။

ဒီနေရာမှာ ဆေးပညာ နယ်ပယ်ထဲက စိတ်ဓာတ်ကျနေတဲ့ ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေကို တတ်နိုင်သလောက် အားပေးချင်မိတယ်။ ဒီလိုခေတ်ကြီးထဲ ကုသရေး လုပ်ငန်းထဲ ရဲရဲဝံ့ဝံ့ ဝင်ရဲတဲ့အတွက် တကယ် လေးစားပါတယ်။ ဆရာဝန်တွေပေါ် အကောင်းမမြင်တဲ့သူတွေ များလာသလို စေတနာထားချင်စရာ ကောင်းတဲ့ ပြည်သူလူထုလည်း အများကြီး ရှိပါသေးတယ်။ မကောင်းတဲ့သူနဲ့ များများကြုံရလို့ များများစိတ်ဓာတ်ကျရတဲ့ သူတွေရှိသလို စေတနာနဲ့ အခြေအနေကို နားလည်ပေးတဲ့လူနာတွေကြောင့် အပင်ပန်းခံရကျိုးနပ်တဲ့ ဆရာဝန်တွေလည်း ရှိပါသေးတယ်။ ဒါ့ကြောင့် ကိုယ်ကြုံရတဲ့ အခြေအနေအလိုက် သင့်တော်မှန်ကန်ရာ ဆုံးဖြတ်မိကြမှာပါပဲ။

မိုက်ရိုင်းတဲ့သူတွေကို တုံ့ပြန်သင့်သလို တုံ့ပြန်ရမှာဖြစ်ပြီး ကျန်သူတွေကိုလည်း စေတနာ မပျက်ကြပါနဲ့။ လူ့အသိုင်းအဝိုင်းမှာ ဆရာဝန်နေရာက ရှိလည်း ရှိပါတယ်၊ တန်ဖိုးလည်း ထားဆဲဆိုတာ မယုံမရှိပါနဲ့။ ဘယ်လောက်ကျပ်တည်းတာဖြစ်ဖြစ် ဘယ်တော့မှ မတိမ်ကောပါဘူး။

ဆရာတို့ ဆရာမတို့လို ဆေးရုံမှာ လူ့အသက်ကို လက်တွေ့ကယ်နေကြတဲ့ ဆရာဝန်တွေ မပြောနဲ့ ကျွန်မလို ဘာမှမဟုတ်တဲ့ အပြင်ဆရာဝန် တစ်ယောက်တောင် ကိုယ့်ပတ်ဝန်းကျင်မှာ တန်ဖိုးထားခံရပါတယ်။ ကိုယ့်မိသားစု၊ ကိုယ့်ဆွေမျိုးတွေက ကိုယ်ဘာတွေ လုပ်နေရတယ်ဆိုတာ ဂဃနဏ မသိပေမယ့် သူတို့မှာ ကျန်းမာရေး တစ်စုံတစ်ရာ အခက်အခဲ ဖြစ်လို့ ကိုယ်မအားတဲ့အချိန်နဲ့ တိုက်ဆိုင်နေရင် တခြားဆေးခန်းတစ်ခု သွားပြီး ဆေးသွားထိုးကြတာပါပဲ၊ ဂရုမစိုက်လေခြင်း၊ မျက်နှာကြော မာလေခြင်းလို့ တစ်ခါမှ အပြစ်တင်မခံရဖူးပါဘူး။
မှတ်မှတ်ရရ ပြီးခဲ့တဲ့လက ကျွန်မခင်ပွန်းဆုံးလို့ မယ်သီလရှင် ၁၀ ရက်ဝတ်တာ ရက်ပြည့်ပြီး သီလရှင်ကျောင်းကနေ အိမ်ပြန်လာတဲ့ည။ အခန်းထဲမှာ ကိုယ့်ဘာသာ ဆွေးမြည့်ပြီး ငိုကောင်းတုန်းရှိသေး။ ကျွန်မ အဘွားလေ အိမ်ထဲ အူယားဖားယားပြေးလာပြီး “သမီးရေ လဲ့နှင်းစိုး ... မိန်းမတစ်ယောက် လမ်းပေါ်မှာ မူးလဲလို့ သွားကြည့်ပေးလိုက်ပါဦး”

ဆိုပြီး အမောတကော လာပြောတယ်။ အဘွားကို စိတ်တွေလည်းလေ၊ စိတ်တွေလည်း တိုလိုက်တာ။ “သူ့ဘာသာ လမ်းပေါ်မှာ မူးလဲတာ၊ ဘာကိစ္စနဲ့ သမီး လာပြောတာတုံး၊ ဆေးခန်းကို အချိန်မီ ဝိုင်းပို့ပေးလိုက်ကြပါလား၊ သူ တစ်ခုခုဖြစ်ရင်တောင် သမီးမှာ ဘာဆေးတွေရှိလို့ ဘာနဲ့ သွားကုရမှာတုံး”ဆိုပြီး ငိုပြီး ပြန်အော်မိတာ။ ဆေးခန်းဖွင့်ထားတာ မဟုတ်တော့ ပါရာစီတမောနဲ့ အဘွားသောက်တဲ့ သွေးကျဆေးကလွဲရင် ဘာဆေးမှ ရှိတာမဟုတ်ဘူး။ 

“အို ... အေ ... ကြည့်ရုံလေးတော့ ကြည့်ပေးလိုက်ပါ၊ မူးပဲလဲတာ၊ သတိမလစ်သေးဘူး”ဆိုလို့ ကိုယ့်ဘာသာ အားတဲ့အချိန်လေး ငိုတာတောင် အေးဆေးမငိုရဘူးလို့ တွေးမိတယ်။ သွေးပေါင်ချိန်စက်လေးနဲ့ နားကြပ်လေးကိုင်ပြီး သူကျေနပ်အောင် ဆောင့်ဆောင့်ဆောင့်ဆောင့်နဲ့ လိုက်သွားပေးရတယ်။ 

လူတွေဝိုင်းအုံနေတဲ့ အလယ်မှာ အမျိုးသမီးတစ်ယောက်။ အဘွားမိတ်ဆွေက သူ့အိမ်ရှေ့က ခုံပေါ်မှာ လှဲခိုင်းထားတယ်။ သွေးပေါင်ချိန် တိုင်းကြည့်ရင်း ဘေးက တစ်ယောက်တစ်ပေါက် အထင်အမြင်တွေ ပြောနေတာနဲ့တင် ဘာမှ မကြားရဘူး။ လူက စိတ်အခံ မကောင်းတာနဲ့ ပေါင်းပြီး ပိုစိတ်တိုလာတယ်။

“အကုန်လုံး ဖယ်တော့ ဝေးဝေးမှာသာ သွားရပ်ကြ၊ စကားလည်း တစ်ယောက်မှ မပြောကြနဲ့၊ လူနာက အဲလို ဝိုင်းအုံနေတာနဲ့ကို အသက် ကောင်းကောင်းရှူလို့ရမှာ မဟုတ်ဘူး”လို့ မျက်နှာကို စူပုပ်ပြီး အော်မိတယ်။ သွေးပေါင်ချိန် ပုံမှန်၊ သွေးခုန်နှုန်းပုံမှန်၊ ရောဂါရာဇဝင်နောက်ကြောင်း မေးကြည့်တော့လည်း ပုံမှန်မို့ အရင်းစစ်မှ သိရတာက သူ့သမီး ယောက်ျားနောက်လိုက်သွားလို့ စိတ်ထိခိုက်ပြီး မူးလဲတာ။ ဆီးချိုမရှိ၊ သွေးတိုးမရှိ ဆိုတော့ လိမ္မော်ရည်ထဲ သံပရာသီးညှစ်ပြီး တိုက်ခိုင်းလိုက်တယ်။ ကိုယ်အော်လိုက်မိလို့လည်း ကိုယ့်ကို မကျေနပ်တဲ့အမူအရာ မပြကြသလို ကွယ်ရာမှာ ရပ်ကွက်ထဲ အတင်းပြန်တုပ်သံလည်း မကြားမိပါဘူး။

ဟုတ်တဲ့ဟာတွေ တင်တာရှိသလို၊ မဟုတ်တာတွေလည်း တင်ခံရတာ များတာပဲမို့ Facebook မှာ တင်သမျှဖတ်ပြီး လူနာဘက်ကလည်း “ဟာ ... ဒီဆရာဝန်တွေ မကောင်းဘူး” ဆရာဝန်ဘက်ကလည်း “ဟာ ဒီလူနာတွေ ငါ့ကို ဒုက္ခပေးမှာ”လို့သာ ယေဘုယျ ကောက်ချက်ဆွဲကြရင်ဖြင့် ဘယ်တော့မှ နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းမှုရမယ့်သူတွေ မဟုတ်ပါဘူး။ ဘယ်အသက်မွေးဝမ်းကျောင်းမှာဖြစ်ဖြစ် စုန်းပြူးဆိုတာ ရှိစမြဲပါ။ အဲဒီ စုန်းပြူးတွေထဲမှာမှ ပြင်လို့ရတာနဲ့ ပြင်လို့မရတာ ထပ်ရှိသေးပါတယ်။ မြန်မာနိုင်ငံမှာ အဆဲတစ်လိုင်း လူတန်းစားကလည်း သီးသန့်ကို ရှိတာပါ။

ကိုယ့်ဘဝအတွက် ကိုယ်ဖြစ်တည်နေကြတာ မဟုတ်ဘဲ။ သူတစ်ပါးကို ဆဲဖို့ ၊ အတင်းအဖျင်းပြောပြီး ဝေဖန်ဖို့၊ ဘာကိစ္စဖြစ်ဖြစ် ရောယောင် ဆွမ်းကြီးလောင်းဖို့ သက်သက်ကို မွေးလာတဲ့အတိုင်းပါပဲ။ နည်းတဲ့ အကုသိုလ်တော့ မဟုတ်ဘူး။ အဲဒီလိုလူတွေကို ပြောချင်တာက လူကို လူလို့သာ မြင်တတ်အောင် ကြိုးစားကြည့်ပါ။ ကိစ္စတစ်ခုကို ဝေဖန် အပြစ်တင်တော့မယ်ဆိုရင် ဂဃနဏ သိအောင်လုပ်ပါ။ အရင်းအမြစ်က ဘာလဲဆိုတာသိလား ကိုယ့်ကိုယ်ကိုယ် မေးပါ။

အင်ဂျင်နီယာ၊ ကျောင်းဆရာ၊ စီးပွားရေးသမား၊ နိုင်ငံရေးသမား၊ ဆရာဝန်၊ ရှေ့နေ၊ မိတ်ကပ်ပြင်သူ၊ တောင်သူလယ်သမား နောက်ဆုံး လက်လုပ်လက်စား၊ နေ့စားသမားအထိ မလျော်ကန်သော အလုပ်ကို လုပ်တယ်၊ သေလည်း သေချာတယ်ဆိုရင် လုပ်တဲ့သူကိုပဲ ပြောပါ။ နင်တို့ ပန်းရန်သမားတွေ၊ နင်တို့သန့်ရှင်းရေးတွေ၊ နင်တို့ဆရာဝန်တွေ၊ နင်တို့ ကျောင်းဆရာတွေ၊ နင်တို့ဖွတ်တွေ၊ နင်တို့ငှက်တွေ၊ နင်တို့အခြောက်တွေ စတဲ့ပြောနေကြတာတွေကို တွေ့နေမြင်နေရတာတောင် အကုသိုလ် များတာ။

ပြုသူကိုယ်တိုင်တွေ ဘယ်လောက် ဦးနှောက် မရှိလိုက်ပါလိမ့်၊ လူဖြစ်ရကျိုးမနပ်တဲ့ လူတွေပါလိမ့်လို့ပဲ တွေးမိတယ်။ အထင်လွဲတိုင်းသာ လူအများအမြင်မှာ Live နဲ့ရှင်းရရင် လူ့ဘောင်ပြဿနာမှာ အမှန်တရားက အစိုးမရဘဲ စကားပြောအရာ ကျွမ်းကျင်တဲ့သူတွေသာ အနိုင်ရနေဖို့ပဲ ရှိတယ်။ ဒါက တစ်ပိုင်း။

နောက်တစ်ပိုင်းက ဆရာဝန် အချင်းချင်းအပိုင်း။ ဆရာဝန်တွေ ကျပ်တည်းခက်ခဲတာ၊ လိုအပ်တဲ့ဆေးဝါး၊ Facility မပြည့်စုံတာ၊ အလုပ်နဲ့လစာ မမျှတာ ဒါတွေကလည်း National Crisis ပါပဲ၊ လူ Crisis မဟုတ်ပါဘူး၊ အလုပ်နဲ့ လစာမမျှတာ Clinical တင်မဟုတ်၊ Public Health နဲ့ NGO Life မှာရောပါလို့ ကျွန်မပြောရင် ဝိုင်းဆဲကြမလား မသိဘူး။ လစာကောင်းပါတယ်ဆိုတဲ့ NGO Life ကနေ Clinical ဝင်သွားတဲ့သူတွေ တပုံကြီးပါ။ 

ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဝင်သွားကြပေမယ့် ဒီခေတ်ထဲမှာ ဆရာဝန်နဲ့နှီးနွှယ်တဲ့ အသက်မွေးသူ မှန်သမျှ သက်သောင့်သက်သာ ဆရာဝန် မရှိသလောက် ရှားပါတယ်၊ Pressure, Stress, Role, အားသာချက်၊ အားနည်းချက် ဆိုသည်မှာလည်း သူ့နယ်ပယ်အလိုက် အကုန်ကျားကန် ရင်ဆိုင်နေကြရတာပါပဲ။

သူက AS မို့၊ သူက Specialist မို့၊ သူက ဆေးကုမ္ပဏီကမို့၊ သူက NGO ကမို့၊ သူက စစ်ဆရာဝန်မို့ ဆိုပြီး အချင်းချင်း ဇွတ်ရော အတင်းရော အဆင့်အတန်းတွေ ခွဲခြားနေစရာ မလိုပါဘူး။ ကိုယ်မကျွမ်းတဲ့ဟာ သူကျွမ်းတယ်။ ကိုယ်သိသလောက် မသိရကောင်းလား၊ ကိုယ်တတ်သလောက် မတတ်ရကောင်းလားဆိုပြီး ကဲ့ရဲ့ရှုတ်ချနေလို့လည်း မစ္ဆရိယစိတ်ကြောင့် အကုသိုလ်များတာအပြင် ရလဒ်ဆိုပြီး သီးသန့် မရှိပါဘူး။

နယ်ပယ်အသီးသီးမှာ ကိုယ့်ထက် တတ်ကျွမ်းသိနားလည်တဲ့ ဆရာတွေ၊ Senior တွေကို Respect ပေးရလို့ ကျွန်မတို့မှာ သိမ်ငယ်တဲ့စိတ် ထူးပြီးမဖြစ်မိသလို အကြီးတွေဘက်ကလည်း တတ်နိုင်သလောက် နွေးထွေးချစ်ခင်စွာ ဆက်ဆံမိလို့လည်း ကိုယ့်တန်ဖိုးတွေ အပုံလိုက်ကျမသွားပါဘူး။ ကိုယ်ကျွမ်းကျင်ရာ နယ်ပယ်အလိုက် ကိုယ့် ထက်ငယ်တဲ့ Junior ဖြစ်တောင် Respect ပေးဖို့ ဝန်မလေးသင့်ပါဘူး။ ကိုယ့်ခွင်ထဲ ရောက်လို့ တွယ်တတ်တဲ့သူတွေဟာ သူများခွင်ထဲ ကိုယ်ရောက်သွားရင်လည်း တွယ်ခံရမှာပါပဲ။

ကိုယ်နဲ့ အမြင်မတူတဲ့လူကို အကောင်းမြင်ကြည့်ပေးလိုက်လို့လည်း ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ တန်ဖိုးကလည်း တစ်ရွေးမှ ကျသွားမှာ မဟုတ်ပါဘူး။ အဲ့ဒီတော့ ငါတို့က ပုတီးကိုင်ပြီး အလုပ် ဆင်းရမှာလားလို့ မေးရင်တော့လည်း မဟုတ်ပါဘူး။ တရားသောစစ်ကို တိုက်ရမှာပါ။ Clinical issue , Business meeting ဘာပဲဖြစ်ဖြစ် ပြောရတယ်၊ ဆွေးနွေးရတယ်ဆိုတဲ့နေရာမှာ သူ့အမြင်၊ ကိုယ့်အမြင် ဆွေးနွေးရင်း ပြောကြငြင်းကြတာ သဘာဝပါပဲ။ အလုပ်ကို အလုပ်လို့ပဲမြင်ပြီး ကိုယ်ရေး ကိုယ်တာတွေ အတတ်နိုင်ဆုံး မထိခိုက်မိအောင် ဆင်ခြင်ရမှာပါ။

သူက ကိုယ့်ကိုယ်ရေးကိုယ်တာ ထိခိုက်တယ်၊ ကိုယ်က သူ့ကိုယ်ရေး ကိုယ်တာ ထိခိုက်တယ်၊ အဲ့ဒါက အဆုံးမရှိတဲ့ သံသရာပါ။ ကိုယ်က ကလေးကလား ကိစ္စမျိုးဆို အဖက်မလုပ်ဘဲ ကိုယ်လုပ်စရာရှိတာ ကိုယ် ဆက်လုပ်မယ်။ ကြီးကြီးမားမား ကိစ္စဆိုလည်း ဖြေရှင်းသင့်တဲ့ ဘောင်ထဲကပဲ ဖြေရှင်းမယ်၊ အဲ့ဒါဆိုရင်တော့ ရှင်းပါတယ် စတိုက်ခိုက်တဲ့သူက ငပေါဖြစ်မှာပါပဲ။
ဝေးလံခေါင်ဖျား တစ်နေရာရာမှာ စကားစပ်မိရင်းဖြစ်ဖြစ်၊ မျက်မှန်းတန်းမိလို့ မှတ်မိတာပဲဖြစ်ဖြစ် ကိုယ့်နဲ့ အတန်းတူထဲက တစ်ယောက်ယောက်ကိုများ တွေ့ရရင် ကျောင်းတုန်းက တစ်ခါမှ စကားမပြောဖူးခဲ့တဲ့ သူဆိုရင်တောင် ကိုယ့်အမျိုးတစ်ယောက် တွေ့ရသလို ဝမ်းသာမိတာမျိုး ဖြစ်ဖူးကြမှာပါ။ “My colleagues are my brothers” ဆိုတာ စာအုပ်ထဲတင်ပါတဲ့ ဖော်ပြချက် မဟုတ်ပါဘူး။ Medical Profession မှာ အချင်းချင်းလည်း ဆဲကြတယ်။ သူများဆဲတာလည်း ခံရတယ်ဆိုတာမျိုး လျော့နည်းချင်ရင် ကိုယ့်ကိုယ်ကိုယ်ပဲ အရင်ကောင်းအောင် နေကြည့်မှရမှာပါ။
ဆရာကြီးလုပ်တာ မဟုတ်သလို ရွှေပြည်အေးတရား ဟောတာလည်း မဟုတ်ပါဘူး။ အမြင်မတူရင်လည်း တော်တော်အားလို့ ရှည်ရှည်ဝေးဝေး ရေးထားတဲ့စာလို့သာ သတ်မှတ်လိုက်ပါ။

ဒေါက်တာလဲ့နှင်းစိုး (ဆေးမန်း)

  • VIA