News

POST TYPE

PERSPECTIVE

၆၆ (ဃ) ပြင်တဲ့ ဥပဒေကြမ်းရဲ့ ခရီးလမ်း ကြမ်းတမ်းနေတုန်းပဲလား
၆၆ (ဃ) ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အစိုးရအဖွဲ့က လွှတ်တော်ကို တင်ပို့ခဲ့တာ ဩဂုတ် ၆ ရက်နေ့က တစ်လတင်းတင်းပြည့်မြောက်ခဲ့ပါပြီ။ ဒီဥပဒေကြမ်းကို အစိုးရအဖွဲ့က လွှတ်တော်ကို စတင် ပေးပို့စဉ်တုန်းကတော့ အလျင်အမြန် အတည်ပြုပြီး နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးလို့ ထုတ်ပြန်တော့မယ်ဆိုတဲ့ အသံတွေလည်း ပေါ်ထွက်ခဲ့ဖူးပါတယ်။ အမှန်ဆိုရင်တော့ ဒီဥပဒေကြမ်းဟာ လွန်ခဲ့တဲ့ နှစ်လကျော်က ၆၆ (ဃ) ကို ပယ်ဖျက်ပေးဖို့ သတင်းမီဒီယာအဖွဲ့တွေရဲ့ တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ၊ ပြည်သူတွေရဲ့ အသံတွေနဲ့ ပြင်ပက ဥပဒေပညာရှင်တွေရဲ့ ထောက်ပြမှုကြောင့် အစိုးရအဖွဲ့က ပြင်ဆင်ပေးဖို့ ဥပဒေကြမ်း တစ်ရပ်ကို ရေးဆွဲပြီး ဇူလိုင် ၇ ရက်နေ့မှာ ပြည်ထောင်စု လွှတ်တော်ကို ပေးပို့ခဲ့တာပါ။ ပြည်ထောင်စု လွှတ်တော်ကလည်း ပြည်သူအများ လေ့လာ အကြံပြုနိုင်ကြစေဖို့ဆိုပြီး ဇူလိုင်လ ၉ ရက်နေ့မှာ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ အဆိုပါ ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်မှာ ဇူလိုင်လ ၁၃ ရက်နေ့ကစပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ စတင် တင်သွင်းခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးက ဇူလိုင်လ ၂၅ ရက်နေ့မှာ ၆၆(ဃ) ကို လုံးဝ ပယ်ဖျက်ပေးဖို့နဲ့ ကျန်အချက်တွေကို ပြင်ဆင်ပေးကြဖို့ မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးထောက်ပြခဲ့ကြတာကို သိကြရပြီးဖြစ်မှာပါ။ ဒါပေမဲ့လည်း ဒီဥပဒေကြမ်းဟာ တစ်လနီးပါး ကြာမြင့်ချိန် ဩဂုတ်လ ၂ ရက်နေ့ အရောက်မှာသာ အမျိုးသားလွှတ်တော်မှာ အတည်ပြုခဲ့ပြီး ပြည်သူ့လွှတ်တော်ဘက်ကို ပေးပို့နိုင်ခဲ့တာကို လေ့လာတွေ့ရှိရပါတယ်။

ဒီအပေါ် ပြင်ပက ဥပဒေပညာရှင် အသိုင်းအဝိုင်းက “ဒီဥပဒေကြမ်းဟာ အမျိုးသားလွှတ်တော်မှာ တစ်လနီးနီးသာ ကြာသွားခဲ့ပေမယ့်လည်း အမှန်တကယ် ဆုံးဖြတ် အတည်ပြုခဲ့တဲ့ အချက်တွေကတော့ ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုး မတွေ့ရဘူး။ အစိုးရအဖွဲ့က ပေးပို့ခဲ့သလိုပဲ အခြားဘာမှ ထပ်ဖြည့် ပြင်ဆင်တာ မလုပ်နိုင်ခဲ့ဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေဟာလည်း အရာမထင်ခဲ့သလို ဖြစ်ခဲ့ရတယ်”လို့ ထောက်ပြပြောဆိုခဲ့ကြပါတယ်။ ပြင်ဆင်ရေး လှုပ်ရှားမှုအဖွဲ့ကလည်း လွှတ်တော်တွင်းက အခြေအနေတွေကို မျက်စိဒေါက်ထောက် ကြည့်ရှုနေပြီး အဆင့်လိုက် ပြောင်းလဲမှုတွေ၊ အတည်ပြုမှုတွေနဲ့ နောက်ဆုံးထွက်ပေါ် လာတဲ့ရလဒ်တွေကို သုတေသနပြု မှတ်တမ်းတင်လို့ လူမှုကွန်ရက် အင်တာနက် စာမျက်နှာထက်မှာ ပြည်သူကို ပြန်လည် တင်ပြထားတာကိုလည်း တွေ့မြင်ခဲ့ရပါသေးတယ်။

ပြောချင်တာကတော့ အစိုးရဘက်က ပြည်သူ့အသံကို နားထောင်ပြီး အမြန်ပြဋ္ဌာန်းပေးဖို့ လွှတ်တော်ကို ပေးပို့ခဲ့ပေမယ့်လည်း လွှတ်တော်မှာ အကြောင်းကြောင်းကြောင့် ကြန့်ကြာနေခဲ့ရာတာ အခုဆိုရင် တစ်လကျော်ကြာမြင့်ခဲ့ပြီလို့ ဆိုချင်တာပါ။ အခုဆိုရင် အမျိုးသား လွှတ်တော်မှာ အတည်ပြုခဲ့ပြီးပြီ ဆိုပေမယ့်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အခန်း(၄)ပါ ဥပဒေပြုရေး လုပ်ငန်းစဉ်အရဆိုရင် ဒီဥပဒေကြမ်းက ဒီလွှတ်တော်တစ်ခုထဲမှာတင် ဆွေးနွေးဆုံးဖြတ် အတည်ပြုလိုက်ရုံနဲ့ ပြီးဆုံးတဲ့ကိစ္စလည်း မဟုတ်သေးပါဘူး။ နောက်တစ်ကြိမ် ပြည်သူ့လွှတ်တော်ဘက်မှာလည်း အစီရင်ခံစာ ပြန်တင်တာတွေ၊ ကျန်လွှတ်တော်ကိုယ်စားလှယ်တွေက အမျိုးသား လွှတ်တော်ဘက်မှာလို အမည်စာရင်း တင်သွင်းပြီး ဆွေးနွေးကြဦးမှာတွေနဲ့ နောက်ပြန် အတည်ပြုကြဦးမယ်။ နောက်တစ်ဖန် အမျိုးသား လွှတ်တော်ကို ပြန်လည် ပေးပို့ကြရဦးမယ်။ အမျိုးသားလွှတ်တော်မှာလည်း ပြန်ဆွေးနွေးကြရဦးမယ်။

အဲ့လို ဆွေးနွေးကြတဲ့အခါ ပြည်သူ့လွှတ်တော်ဘက်က ပြန်လည် ပေးပို့လာတဲ့ အချက်တွေထဲက အချို့အချက်တွေကို သဘောမတူရင် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲတဲ့ ဥပဒေအဖြစ် ပြည်ထောင်စုလွှတ်တော်ကိုပေးပို့ပြီး ဆွေးနွေးကြရဦးမယ်။ ပြည်ထောင်စုလွှတ်တော်မှာလည်း သူ့မှာ ပြဋ္ဌာန်းထားတဲ့ဥပဒေ၊ နည်းဥပဒေတွေအရဆိုရင်လည်း ပြည်သူနဲ့ အမျိုးသားတို့နည်းတူ ဥပဒေကြမ်း ပူးပေါင်း ကော်မတီက အစီရင်ခံစာ တင်ပြကြရမှာတွေ၊ ဒီအပေါ် လွှတ်တော်နှစ်ရပ်စလုံးက ကိုယ်စားလှယ်တွေက တစ်ဖန် ပြန်လည် ဆွေးနွေးကြရဦးမှာတွေ ရှိနေဦးမှာပါပဲ။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးလို့ နိုင်ငံတော်သမ္မတထံ ရောက်ရှိတဲ့အခါမှာ လွှတ်တော်ရဲ့ ပြင်ဆင်ချက်တွေအပေါ် ဒီဥပဒေကို မြေပြင်မှာ အမှန်တကယ် ကိုင်တွယ် ကျင့်သုံးမယ့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဲ့ ကိုက်ညီသလား ပြန်လည် ဆန်းစစ်ကြည့်ရမှာတွေ၊ ဒါမှမဟုတ် သူ့ရဲ့ ဥပဒေအကြံပေးတွေက ပြန်လည် ပြင်ဆင်လိုတာတွေ ရှိနေဦးမယ်ဆိုရင်တော့ ပြည်ထောင်စုလွှတ်တော်ကို ၁၄ ရက်အတွင်းမှာ သဘောထားမှတ်ချက် တစ်ဖန် ပြန်လည် ပေးပို့ခွင့်ပေးထားပါတယ်။

နိုင်ငံတော်သမ္မတက ပေးပို့လာတဲ့ သဘောထားမှတ်ချက်အပေါ်ကို ပြည်ထောင်စု လွှတ်တော်ကလည်း အထက်မှာပြုလုပ်ခဲ့တဲ့နည်းတူ ဥပဒေကြမ်း ပူးပေါင်း ကော်မတီက အစီရင်ခံစာ တင်သွင်းတာ၊ ကျန်တဲ့ ကိုယ်စားလှယ်တွေက ဆွေးနွေးတာတွေ၊ အတည်ပြု ဆုံးဖြတ်တာတွေ ပြုလုပ်ကြရပြန်ပါသေးတယ်။ ဒါတွေ လုပ်ပြီးမှသာ အတည်ပြုတဲ့ ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတဆီ တစ်ဖန် ပြန်လည် ပေးပို့ကြရတာပါ။ ဒီတစ်ခါတော့ သမ္မတက ၇ ရက်အတွင်း လက်မှတ်ရေးထိုး ထုတ်ပြန်ရပါတယ်။ သူ့မှာပြင်ဆင်ခွင့်၊ သဘောထား မှတ်ချက်ပေး ပိုင်ခွင့်တော့ မရှိတော့ပါဘူး။ သူ သဘောမတူလို့ လက်မှတ်မထိုးရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြည်ထောင်စုလွှတ်တော်ကို အပ်နှင်းထားတဲ့ ဥပဒေပြုရေး အာဏာအရဆိုရင် အဆိုပါဥပဒေကြမ်းဟာ ၇ ရက်ပြည့်မြောက်တဲ့နေ့မှာ သမ္မတ လက်မှတ်ရေးထိုးသကဲ့သို့ မှတ်ယူပြီး ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန် ကြေညာကြရပါတယ်။

အထက်မှာတင်ပြခဲ့တဲ့ အဆင့်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ တိတိကျကျ သတ်မှတ်ပြဋ္ဌာန်းခဲ့တဲ့ အချက်တွေဖြစ်တဲ့အတွက် ဒီဥပဒေကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ဖို့ဆိုရင် နောက်တစ်လလောက်တောင် ထပ်ကြာနေဦးမလား ဆိုတဲ့အသံတွေလည်း ပြည်သူများအကြားမှာ အသံတွေ ထွက်ပေါ်လာနေခဲ့ပါတယ်။ ဥပဒေပြုရေး လုပ်ငန်းစဉ်ကို ဒီမိုကရေစီစနစ်ကျကျ Check & Balance အပြန်ပြန် အလှန်လှန် ထိန်းကျောင်းမှု အားကောင်းအောင် ရေးဆွဲခဲ့ကြတာ အလွန် ကောင်းမွန်တဲ့ပြဋ္ဌာန်းချက်အဖြစ် မှတ်ကျောက်တင်ရမှာ ဖြစ်ပေမယ့်လည်း လွှတ်တော်နှစ်ရပ်ကို တန်းတူ အခွင့်အရေးပေးပြီး လုပ်ငန်းတာဝန် သတ်သတ်မှတ်မှတ် မခွဲခြားထားတာ၊ ဥပဒေတစ်ခု ဆွေးနွေးချိန်ကို အချိန်ကာလ မသတ်မှတ်နိုင်တာ၊ နိုင်ငံရေးဖြစ်စဉ်နဲ့ ဥပဒေပြုရေးဖြစ်စဉ်ဟာ ချိန်ခွင်လျှာလို လိုက်လျောညီထွေ ဖြစ်နေခြင်းမရှိသေးတာ၊ ဥပဒေပြဋ္ဌာန်းချက် (Issue of Law) တစ်ခုရဲ့စည်းနှောင်အား (Binding Force) နဲ့ ထိရောက်ခြင်း (Law Enforcement) ဖြစ်ခြင်းတို့ဟာ မဲခွဲတဲ့စနစ်အောက်မှာ ကျဆုံးသွားရခြင်းတို့ဟာ မကောင်းမွန်တဲ့ အားနည်းချက်တွေ ဖြစ်နေခဲ့ပါတယ်။

ဥပဒေတွေနဲ့ပတ်သက်လို့ ပြည်သူတွေအကြားမှာ မေးခွန်းတွေလည်း ပေါ်ထွက်လာနေတာ ကြာပါပြီ။ ဒါကတော့ လွှတ်တော်မှာ အသေအချာ အချိန်ယူ ဆွေးနွေးပြီး နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတစ်ခုဟာ မျှော့ကြိုးတစ်ခု၊ သားရေကွင်းတစ်ခုလို လိုရင်လိုသလို လျှော့လို့ တင်းလို့ ရနေတာလား။ စည်းနှောင်အား (Binding Force) မရှိတာလား။ အဖွဲ့အစည်းတွေက တစ်ဖက်နဲ့တစ်ဖက် သူ့လူကိုယ့်လူ အစိမ်းအကျက်ရွေးပြီး နိုင်ငံရေးလက်နက်အဖြစ် အသုံးချလို့ ရသလား။ ဒါမှမဟုတ် Above The Law ဆိုတဲ့ ဥပဒေအထက်မှာ လူတွေရောက်နေလို့လား ဆိုတဲ့မေးခွန်းတွေပါ။

ဥပဒေစိုးမိုးရေး (Rule of Law) ဆိုတာ ယခုတည်ဆဲဥပဒေတွေပါ ပြဋ္ဌာန်းချက်တွေအတိုင်း မြေပြင်မှာ လက်တွေ့ကျကျ အကောင်အထည် ဖော်ပြီး အုပ်ချုပ်သူ လူတန်းစားနဲ့ အုပ်ချုပ်ခံ ပြည်သူလူထုအကြားမှာ နှစ်ဦးနှစ်ဖက် လိုက်နာနေတာ၊ အကျိုးသက်ရောက်နေတာကို ခေါ်တာလို့ အကြမ်းဖျင်း မှတ်သားဖူးပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်နေတာတွေက ဥပဒေ စိုးမိုးမှု မရှိဖြစ်နေတာလို့ပြောရင် မှန်နိုင်ပါတယ်။ ယခင်အစိုးရရဲ့ ပထမအကြိမ် လွှတ်တော် သက်တမ်းတုန်းက ယခုနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဦးစီးပြီး ဌာနပေါင်းစုံက ဖွဲ့စည်းခဲ့တယ်လို့ ကြားခဲ့ဖူးတဲ့ Rule of  Law Center တွေ၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေအရ ဖွဲ့စည်းခဲ့တဲ့တိုင်း၊ ခရိုင်၊ မြို့နယ်အဖွဲ့တွေဆိုတာလည်း ဘယ်ဆီကိုရောက်လို့ ပျောက်နေပြီလဲ ဆိုတာကိုလည်း မေးလည်း မေးချင်ပါတယ်။ ဒါပေမဲ့ ဒီ ၆၆ (ဃ) ဆိုတာကြီးကို ကြောက်နေကြရတာ ဖြစ်တဲ့အတွက် မမေးရဲပါဘူး။

အခုလို ပြည်သူ့အစိုးရ အရပ်သားစစ်စစ် ပုဂ္ဂိုလ်တွေက တိုင်းပြည်ကို အုပ်ချုပ်ပြီး မင်းတက်လုပ်နေကြတဲ့ခေတ်မှာ ဥပဒေတွေနဲ့ ပတ်သက်လို့ ဒီလိုဖြစ်နေတာဟာ အင်မတန် ဝမ်းနည်းစရာ ကောင်းလှပါတယ်။ အရင် စစ်အစိုးရတစ်ပိုင်းလို့ ခေါ်ဆိုခဲ့တဲ့ သမ္မတဦးသိန်းစိန်လက်ထက်မှာတုန်းကတောင် ဒီ ၆၆ (ဃ) နဲ့စွဲဆိုခဲ့တဲ့အမှုဟာ ခြောက်ခုလောက်သာ ရှိခဲ့ပေမယ့် အခုအစိုးရလက်ထက်မှာ ၈၀ လောက်ထိ နီးကပ်လာနေတာဟာလည်း အနာဂတ်သမိုင်းမှာ ကောင်းလှတာ မဟုတ်ပါဘူး။ သမိုင်းဆိုတာ အမှန်တရားတွေကိုသာ ရေးပြီး မှတ်တမ်းတင်ထားတဲ့ အရာတွေပါ။ ပြည်သူ့အစိုးရဆိုတာ ပြည်သူ့မျက်နှာကိုသာ ကြည့်ပြီး ပြည်သူကိုသာ ဦးထိပ်ထားရမှာ အမှန်ပါ။ နိုင်ငံရေး လုပ်တယ်ဆိုတာကလည်း ပြည်သူတွေ ယုံကြည်အောင်၊ ထောက်ခံအားပေးမှုရအောင် မစားရဝခမန်းဆိုသလို စကားလုံး မှိုင်းတွေ တိုက်နေရုံနဲ့တင် အောင်မြင်နိုင်မယ့်ကိစ္စမျိုး မဟုတ်ဘူးဆိုတာကိုလည်း သတိချပ်ကြရမှာ ဖြစ်ပါတယ်။ အရင်ဘုန်းကြီးက တစ်ချက်ခေါက်ရင် နောက်ဘုန်းကြီးက ဆယ်ချက်ခေါက်တယ်ဆိုတာ တကယ်ဖြစ်နေပြီလားလို့ ရှင်ကြီးဝမ်းထဲလည်းနေခဲ့ရ၊ ရှင်ငယ်ဝမ်းထဲမှာလည်း ကြုံခဲ့ရတဲ့ ပြည်သူတွေက မေးလာချင်နေကြပါပြီ။

နိုင်ငံတစ်ခုမှာ နိုင်ငံရေးစနစ်ဆိုတာ အဓိကမကျပါဘူး။ ဒီမိုကရေစီစနစ်ပဲ ကျင့်သုံးကျင့်သုံး၊ ကွန်မြူနစ်စနစ်နဲ့ပဲ အုပ်ချုပ်အုပ်ချုပ်၊ အဲ့အကြားက ဆိုရှယ်လစ်စနစ်နဲ့ပဲသွားသွား အဓိကကတော့ ပြည်သူတွေ ဝမ်းဝပြီး ခါးလှနေဖို့၊ လွတ်လပ်တဲ့ အရသာကို ခံစားကြရဖို့၊ ပြဋ္ဌာန်းတဲ့ဥပဒေတွေက တရားမျှတဖို့ (Fairness)၊ တရားဥပဒေ စိုးမိုးပြီး အသက်ဝင်ဖို့၊ ဥပဒေအထက်မှာ ဘယ်သူမှ မနေကြဖို့နဲ့ အုပ်ချုပ်သူ လူတန်းစားအပေါ် ကြည်ဖြူကျေနပ်နေကြဖို့သာ အဓိက ကျတာပါ။ ဒါ့ကြောင့်မို့သာ အစိုးရတစ်ရပ်ကို ကြောင်တစ်ကောင်နဲ့ နှိုင်းထားတာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကြောင်ဆိုတာ ဖြူချင်ဖြူမယ်၊ မည်းချင်မည်းမယ် အဓိကက ကြွက်ခုတ်တတ်ဖို့သာ လိုရင်းဖြစ်တယ်တဲ့။

ပြည်သူနဲ့အစိုးရအကြား ဆက်ဆံရေးမှာ သတိထားရမယ့်နောက် တစ်ခုကတော့ ပေးတာနဲ့ယူတာဟာ မျှတရမယ် (Balance) ညီရမယ် ဆိုတဲ့အချက်ကိုလည်း သတိထားကြရပါမယ်။ ပြည်သူတွေအတွက် ဘာတွေ ပေးခဲ့ပြီးပြီလဲ။ သူတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ ပညာရေး မြှင့်တင်မှုတွေ အောင်မြင်အောင် လုပ်ခဲ့ပြီးပြီလား။ နိုင်ငံ့စီးပွားရေး ကောင်းမွန်အောင် လုပ်ခဲ့ပြီးပြီလား။ ပညာတတ် လူငယ်ဘွဲ့ရတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးပြီးပြီလား။ ကုန်ဈေးနှုန်းတွေတက်အောင် ဘာအစီအမံတွေ ရှိသလဲ။ ဥပဒေစိုးမိုးရေးကိစ္စတွေ ဆောင်ရွက်တာ ဘယ်အတိုင်းအတာထိပြီးပြီလဲ။ ပြည်သူလူထု တင်မြှောက်လို့ စင်ပေါ်ကို ရောက်ခဲ့ရတဲ့ အစိုးရတစ်ရပ်အနေနဲ့ ပြည်သူကိုလည်း တန်ပြန် အလုပ်အကျွေးပြုပြီး ဒီအချက်တွေကို လုပ်ပြပြီးပြီ။ လုပ်ပေးခဲ့ပြီးပြီဆိုရင်တော့ တစ်ဖက်ကလည်း ကိုယ့်အစိုးရအသက်ဆက်မယ့် အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့ ဥပဒေတွေကို တင်းတင်းကျပ်ကျပ် လုပ်ပြီး အခုလို ထစ်ခနဲရှိ ဖမ်းဆီးနေတာ သဘာဝကျပါတယ်။

နိဂုံးချုပ်အနေနဲ့ အစိုးရတစ်ရပ်ရဲ့ မြေစမ်းခရမ်းပျိုး လျှောက်လှမ်းနေတဲ့ ကာလမှာတော့ ရှေ့ဆက်ကြရဖို့ဆိုရင် ပြည်သူတွေရဲ့ ထောက်ခံအားပေးမှု ဆိုတဲ့မှိုင်းကို လိုအပ်နေသေးတာတော့ အမှန်ပဲဖြစ်ပါတယ်။ ဒါမှသာ ဒါကိုအားတစ်ရပ်အဖြစ် ခံယူပြီး အထက်ကို ကန်တက်ကြရမှာ ဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ လျှော့သင့်တဲ့ကိစ္စတွေ ပြည်သူတွေ စိုးရိမ်ပူပန်နေရတဲ့ ဒုက္ခတွေအတွက် ဥပဒေတွေကို ပြင်ဆင်သင့်တာကို အမြန်ပြင်ဆင်ကြရမှာဖြစ်သလို တိုက်တွန်းရမယ့်ကိစ္စတွေအပေါ်လည်း ပြည်သူ့မျက်နှာတစ်ခု ကိုကြည့်ပြီး တိုက်တွန်းကြရမှာပါ။ ဒီအတွက် လွှတ်တော်အတွင်းမှာ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ ၆၆(ဃ)ပြင်ဆင်တဲ့ဥပဒေကြမ်းကို နိုင်ငံ တော်သမ္မတလက်မှတ်ရေးထိုးပြီး အမြန်ပြဋ္ဌာန်းပေးဖို့ လိုလာနေပါကြောင်းနှင့် ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတဲ့အချက်တွေကိုလည်း ပယ်ဖျက်သင့်ရင် ပယ်ဖျက်ပစ်လိုက်ရမှာ အမှန်ပင်ဖြစ်ပါကြောင်း တိုက်တွန်းရေးသား တင်ပြလိုက်ရပါတယ်ဗျား။ 

အောင်ဇေယျ