News

POST TYPE

PERSPECTIVE

ကြက်သွန်တစ်ပိဿာ ကျပ် ၁၅၀၀ ကျော်သို့ ရောက်
28-Jul-2017 tagged as စီးပွားရေး

ရန်ကုန်၊ ဇူလိုင် ၂၇

ကြက်သွန်ကုန်သည်အချို့က ဈေးကွက်အတွင်းသို့ ရောင်းချမှု နည်းပါး၍ ကြက်သွန်တစ်ပိဿာလျှင် ကျပ် ၁၅၀၀ ကျော်သို့ ရောက်ရှိကြောင်း ဘုရင့်နောင်ကုန်စည် ဈေးကွက်အတွင်းမှ သိရသည်။

အဆိုပါ ကြက်သွန်ဈေးနှုန်းများသည် ဇူလိုင်လ ၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၂၁ ရက်အတွင်း ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၂၇၅ မှ ၃၀၀ ခန့်အထိ မြင့်တက်လာပြီး ဇူလိုင်လ နောက်ဆုံးပတ်ရက်များ အတွင်း ကြက်သွန်ဈေးနှုန်းသည် တစ်ရက်လျှင် တစ်ပိဿာ ၁၅ ကျပ်မှ ၂၅ ကျပ်အထိ ဆက်တိုက်မြင့်တက်လာကာ ကြက်သွန်သစ်စိုက်ချိန် လိုနေသေး၍ လှောင်လက်များ ထုတ်ရောင်းလာမှသာ ကြက်သွန်ဈေး ပြန်လည်ကျဆင်းလာနိုင်ကြောင်း ကြက်သွန်ကုန်သည်များက ပြောဆိုသည်။

“ကြက်သွန်လက်ကျန်က ကျန်ပါသေးတယ်။ လှောင်လက်တွေက ဈေးတက်အောင် ထိန်းထုတ်နေလို့ တက်နေတာပါ။ အဝင်ကလည်း တဖြည်းဖြည်း လျော့လာတယ်” ဟု မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောဆိုသည်။

လက်ရှိ ကြက်သွန်ဈေးကွက်အတွင်း ဆိပ်ဖြူ (လတ်ချော) တစ်ပိဿာလျှင် ၁၁၇၅ ကျပ်၊ ဆိပ်ဖြူ (လတ်သန့်) တစ်ပိဿာလျှင် ၁၄၀၀ ကျပ်၊ ဆိပ်ဖြူ (လတ်ကြီး) တစ်ပိဿာလျှင် ၁၄၇၅ ကျပ်နှင့် ဆိပ်ဖြူ (ရှယ်) တစ်ပိဿာလျှင် ၁၅၂၅ ကျပ်ဈေး ရှိကြောင်း ဘုရင့်နောင်ကုန်စည် ဈေးကွက်အတွင်းမှ သိရသည်။ 
၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်းက ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၃၀၀၀ ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့သည့်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၏ ထောက်ခံချက်ဖြင့် ကုမ္ပဏီခြောက်ခုကို တန် ၈၀၀ ကျော်အထိ ပြည်ပမှ တင်သွင်းခွင့် ပြုခဲ့ရသည်။

S-04