News

POST TYPE

OPINION

တချို့က သူတို့ထက် ညံ့မှ ကြိုက်တယ်
06-Jul-2017

မြန်မာ့ပညာရေး အသိုက်အဝန်းထဲမှာ ၂၀၁၂ - ၂၀၁၃ ပညာသင်နှစ်က စလို့ ကိုယ်ပိုင်ကျောင်းတွေကို ဖွင့်ခွင့်ပြုခဲ့တာ ဒီနှစ်နဲ့ဆိုရင် ငါးနှစ်တင်းတင်းတောင် ပြည့်ခဲ့ပါပကောလား။ ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာ တစ်နှစ်ပြီးတစ်နှစ် ကိုယ်ပိုင်ကျောင်းတွေကို တိုးတိုးပြီး ဖွင့်ခွင့်ပြုခဲ့တာမို့ အခုဆိုရင် မိုးဦးကျမှာ မှိုတွေ ပေါက်နေသလိုပဲ။ ဆိုရရင် အဲဒီကျောင်းတွေထဲမှာ ကျောင်းနဲ့တူတဲ့ကျောင်း ဘယ်နှကျောင်းရှိတယ်ဆိုတာ လက်ချိုး ရေတွက်လို့ရတယ်။ ကျောင်းအဆောက်အအုံတွေကို အပြင်ကနေ ကြည့်လိုက်ရင် အထင်ကြီးစရာတော့ အကောင်းသားလား။ သို့သော် ကျောင်းမှာ စုဝေးကွင်း မရှိ။ အားကစားကွင်း မရှိ။ ဓာတ်ခွဲခန်းနဲ့ စာကြည့်တိုက်ဆိုတာကလည်း ဖြစ်ကတတ်ဆန်း လုပ်ထားတာ။ ဟန်ပြသက်သက်လောက်ပဲ ရှိနေမင့်တာကိုး။

တကယ်ဆို အခြေခံပညာက ကျောင်းတွေထက် သာစေချင်လို့ ကိုယ်ပိုင်ကျောင်းတွေကို ဖွင့်ခွင့်ပြုခဲ့တာ မဟုတ်လား။ အခုတော့ ဘာထူးလို့လဲ။ အုတ်ရောရော ကျောက်ရော ရောလောက်ပဲ ရှိတဲ့ဟာကို။ ဆယ်တန်း စာမေးပွဲ အောင်ချက် ရာခိုင်နှုန်းကောင်းဖို့ တစ်ခုလောက်နဲ့ ကိုယ်ပိုင်ကျောင်းတွေကို ဖွင့်ခဲ့တာဆိုရင်တော့ ရည်ရွယ်ချက် မှားနေပြီလို့ ထင်တာပဲ။ ခြောက် ဘာသာဂုဏ်ထူးတွေ ထွက်တာလောက်နဲ့ ပညာရေးစနစ်ကြီး တစ်ခုလုံး ပြောင်းလဲသွားပြီး အတွေးအခေါ် ရင့်သန်တဲ့ အနာဂတ် မျိုးဆက်သစ် လူငယ်တွေ မွေးထုတ်ပေးတာမှ မဟုတ်တာ။ ထူးချွန်တဲ့အားကစားသမား၊ ဉာဏ်ရည်ထက်မြက်တဲ့ ကျောင်းသူ ကျောင်းသားနဲ့ စွန့်ဦးတီထွင်သူ လူငယ် ဘယ်နှယောက် ပေါ်ထွက်ခဲ့ဖူးလို့လဲ။ ဂုဏ်ထူးတွေ ထွက်တာနဲ့ ထူးချွန်ထက်မြက်တာ တခြားစီပဲနော။

ကိုယ်ပိုင်ကျောင်း တည်ထောင်သူတွေက စီးပွားရေးသမားတွေ အများသားလား။ ပညာရေးသမား သက်သက် မဟုတ်ဘူး။ ဒါပေမဲ့ ပညာရေးကို စိတ်ဝင်စားလို့ စနစ်သစ်ပညာရေး ပြုပြင်ပြောင်းလဲရာမှာ တစ်ထောင့် တစ်နေရာကနေ ဖြည့်ဆည်းတဲ့အနေနဲ့ ပါဝင်လာတာပါလို့ ပြောကြတယ်။ အကျိုးအမြတ် အဓိက မထားဘဲ အရှုံးခံပြီးတော့ ဖွင့်တာလို့လည်း တဖွဖွ ပြောတယ်။ ဒါမျိုးတွေက လူကြားကောင်းအောင် သူတို့လို စီးပွားရေးသမားတွေ ပြောနေကျ စကားတွေ။ ဒါဆို အခမဲ့ပညာရေး မဟုတ်ရင်တောင် ကျောင်းလခကို နည်းနည်းလောက်ပဲ ယူကြပါလား။ အခုတော့ဗျာ သူငယ်တန်း (KG) ကိုတောင် တစ်လ ကျပ်ငါးသောင်းလောက် ယူနေမှတော့ သူတို့က အရှုံးရှိပါ့တော့မလား။ သူတို့ရင်ဘတ်ထဲမှာ အမြတ်အစွန်းက လွဲရင် ဘာမှမရှိဘူးဆိုတာ ဘယ်သူမှ မသိတာမှတ်လို့။

ဪသာ် ဒါနဲ့စကားမစပ်။ စကားအစချီလိုက်တာ ရှည်သွားပေမယ့် ကိုယ်ပိုင်ကျောင်း တည်ထောင်သူ တစ်ယောက်အကြောင်း ပြောရဦးမယ်။ သူ့ကျောင်းက နိုင်ငံတကာအဆင့်မီ ကြယ်လေးပွင့် အတန်းအစား ရှိတယ်လို့ပြောပြီး လူရှေ့ သူရှေ့ကျရင် ဟိတ်ဟန်တွေ ထုတ်ရတာက အမော။ အားကစားခန်းမ သေးသေးလေးနဲ့ မဖြစ်စလောက် ရေကူးကန်ကို ကျောင်းသားကျောင်းသူတွေ အသုံးပြုနိုင်တယ်လို့လည်း ပြောတာက ဆွဲဆောင်မှုတစ်ခုပေါ့။ အဆောင်နေ ဘော်ဒါကျောင်းသား၊ ကျောင်းသူတွေကို အစားအသောက်အတွက် ဟိုတယ်စာ၊ မိုတယ်စာတွေ ကျွေးမယ်လို့ မောင်းခတ်တယ်။ သူ့ကျောင်းကနေ ဆယ်တန်းအောင်ရင် ယူကေတို့ ဩဇီတို့ အိန္ဒိယတို့ကိုသွားပြီး ကျောင်းတက်နိုင်တယ်လို့လည်း အသံကောင်း ဟစ်ပြတယ်။ 

ပြီးတော့ သူ့ကျောင်းမှာ ပညာရေးဝန်ကြီးဌာနက သင်ရိုးတွေအပြင် အင်္ဂလိပ်စကားပြော (English Speaking) ကို ဌာနေဆရာ (Native Speaker) တွေနဲ့ သင်မယ်၊ ကာယပညာကို နိုင်ငံခြားပြန် ဆရာနဲ့သင်မယ်၊ ကွန်ပျူတာကို ကွန်ပျူတာ တက္ကသိုလ်ဆင်းတွေနဲ့ သင်မယ်ဆိုပြီး ကြော်ငြာတွေ လက်ကမ်း စာစောင်တွေထုတ်ပြီး ဖြန့်လိုက်တာပေါ့။

ဒီလိုနဲ့ ၂၀၁၆ /၂၀၁၇ ပညာသင်နှစ်မှာ ငါးတန်းကနေ ဆယ်တန်းအထိ လာတက်တဲ့ကျောင်းသားက အယောက် နှစ်ဆယ်ထက် မကျော်ဘူး။ ကျောင်းသား ဘယ်လာပါ့မလဲ။ ယူထားတဲ့ဈေးက ခေါင်ခိုက်နေတာကိုး။ ဒါက မြန်မာပြည်လေ။ သူထင်နေသလို နိုင်ငံခြားမှ မဟုတ်တာ။ ပညာသင်နှစ် တစ်နှစ်သာ ကုန်သွားတယ်။ ဘယ် Native Speaker မှ လာသင်တာမရှိသလို နိုင်ငံခြားပြန် ကာယဆရာလည်း မရှိပြန်ဘူး။ ကွန်ပျူတာဆိုတာလည်း ဝေလေလေပါပဲ။ နောက်ဆုံးမှာတော့ ပြည်တွင်းက ဆရာတွေနဲ့ပဲ ပြီးစလွယ် လုပ်သွားတာကို တွေ့ရတယ်။ အဆောင်နေ ကျောင်းသားတွေလည်း ဟိုတယ်စာ စားရဖို့ မျှော်ရင်း မျှော်ရင်းနဲ့ စာသင်နှစ်သာ ကုန်သွားတယ် အိမ်ကကျွေးသလောက်တောင် မကောင်းတဲ့ထမင်းနဲ့ ဟင်းကိုပဲ စားလိုက်ရတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူ့မှာ ခွက်ခွက်လန် အောင်ရှုံးနေလို့ ချွေတာရပါသတဲ့လေ။ အစတုန်းကတော့ ပညာရေးလုပ်ငန်းဖြစ်လို့ အားပေးတဲ့အနေနဲ့ အရှုံးခံပြီး ဖွင့်မယ်လို့ မိုးလားကဲလား ပြောလာခဲ့ပြီးခါမှ အမြတ်လည်း မကျန်ရော စိတ်ရင်းအမှန် ပေါ်လာတော့တာပဲ မဟုတ်လား။

အဲဒီမှာ ပြဿနာ စပြီးရှာတော့တာပဲ။ သူ့ငွေကြေး ဆုံးရှုံးမှုများတာက သင်ကြားရေးကြောင့်ဆိုပြီး ကျောင်းအုပ်ချုပ်သူနဲ့ ဆရာ ဆရာမတွေဘက်လှည့်ပြီး ကျောက်ခဲကို ဆီညှစ်သလို ညှစ်တော့တာပဲ။ ဆရာတွေက စာသင်ချိန်နည်းပြီး လစာများနေတယ်၊ Guide တွေငှားတာ ပိုနေတယ်၊ ခန့်ထားတဲ့ အတန်းပိုင် ဆရာမတွေ ပိုနေတယ် စတဲ့အချက်တွေကို ဆီလိုအပေါက်ရှာပြီး ပြောတော့တာပေါ့။ ပြောချင်တာက သူ နားမလည်တဲ့ ပညာရေးလုပ်ငန်းကို နေ့စားဝန်ထမ်းခန့်သလို အင်အားလျှော့ပြီး ခန့်ချင်နေတာ။ ဆိုတော့ကာ သင်ကြားရေး လုပ်ငန်းမှာ ဝင်ရောက်စွက်ဖက်ပြီး စီးပွားရေးသမား အမြင်နဲ့ အာဏာပြလာတဲ့ပုံစံမျိုး ဖြစ်လာတယ်။

ဆိုရရင် အခု ၂၀၁၇/၂၀၁၈ ပညာသင်နှစ်အတွက် ဆရာ၊ ဆရာမတွေ ခန့်ထားရာမှာ အရည်အချင်းကို တန်ဖိုးမထားဘဲ ဉာဏ်ပူဇော်ခကို ချိုးနှိမ်ပြီး ဈေးပေါပေါနဲ့ရအောင် သုံးလတစ်ခါ လစာတိုးပေးမယ်လို့ မျှော်လင့်ချက်ပေးပြီး ဆရာ၊ ဆရာမတွေကို ငှားတယ်။ အတန်းပိုင် ဆရာမဦးရေကို ချုံ့လိုက်ပြီး လုပ်အားခနဲ့ မတန်အောင် တာဝန်ပေးတယ်။ ကျောင်းတစ်ကျောင်းမှာရှိရမယ့် ဖွဲ့စည်းပုံအတိုင်း မထားဘဲ ဝန်ထမ်းဦးရေကို လျှော့ချတယ်။

ကျောင်းသားတွေဘက်ကိုလည်း ကြည့်ဦး။ ကျောင်းလာအပ်တုန်းက ပြောတော့တစ်မျိုး၊ လုပ်တော့တစ်မျိုး ဖြစ်နေတယ်။ ကျောင်းသားတွေကို ထုတ်ပေးရမယ့် ပစ္စည်းတွေမှာ ဈေးချိုတဲ့ အညံ့စားတွေ ဝယ်ပေးတယ်။ သာဓကအနေနဲ့ ပြောရမယ်ဆိုရင် ကျောင်းက ထုတ်ပေးတဲ့ ရှူးဖိနပ်က တစ်ရက်ပဲ ခံတယ်။ ပြောတာလွန်တယ် မထင်နဲ့။ တကယ့် မျက်မြင်လက်တွေ့။ ဆိုလိုတာက စီးပွားရေးသမားဟာ ဘယ်လောက် ဟန်ဆောင်ကောင်းနေပေမယ့် အချိန်တန်ရင် သူ့ဗီဇရုပ်က ပေါ်လာတာပဲလေ။

ဒါတင်ကရိုးလားဆိုတော့ မဟုတ်သေးဘူး။ သူ့ကျောင်းမှာခန့်ထားတဲ့ တာဝန်ခံဆရာကြီးနဲ့ ကျောင်းအုပ်ကြီးတွေဆိုတာ ပညာရေးဌာနမှာ အနှစ်လေးဆယ်လောက် တာဝန် ထမ်းဆောင်လာတဲ့ အတွေ့အကြုံရင့် ပညာရေးဝန်ထမ်း စစ်စစ်ကြီးတွေ။ အဲဒီဆရာမကြီးတွေ လုပ်နေတဲ့ သင်ကြားရေးလုပ်ငန်းတွေကို ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား ဆိုပြီး ဝင်ရောက်စွက်ဖက်တာက အဆိုးဆုံးပဲ။ စာသင်မယ့်ဆရာမတွေရဲ့ အချိန် စာရင်းကို ကျောင်းမှာ တစ်ပတ်လုံး တစ်နေကုန် အချိန်ပြည့် ရှိနေရအောင် သူ ပြောသလို ဆွဲရမယ်တဲ့လေ။ ရော မခက်ပေဘူးလားဗျာ။ 
အတိုချုပ်ပြီး ပြောကြပါစို့ရဲ့။ သူ့ကျောင်းမှာ ကျောင်းအုပ်ချုပ်မှု တာဝန်ခံလုပ်နေတဲ့ ဆရာကြီးက အတွေ့အကြုံတွေများပြီး ပညာရေးနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေ လုပ်ထုံးလုပ်နည်းတွေကို သိတန်သလောက် သိထားတော့ ကျောင်းတည်ထောင်သူက ဝင်ရောက်စွက်ဖက်တဲ့အခါမှာ လွယ်လွယ်နဲ့ ခြယ်လှယ်ချင်တိုင်း မရဘူး ဖြစ်နေတော့တာပေါ့။
 
ဒီလိုနဲ့ အခုပညာသင်နှစ်အစ ကျောင်းဖွင့်ပြီး ဇွန်လကုန်တော့ ကျောင်းအုပ်ချုပ်မှု တာဝန်ခံဆရာကြီးကို သူ့မှာ အရှုံးပြနေလို့ဆိုပြီး အလုပ်ကနေ နားခိုင်းလိုက်ပါလေရောလား။ အဲဒီ ဆရာကြီးကလည်း ဘယ်မှာလာပြီး ဝမ်းနည်းနေလိမ့်မလဲ။ သူ့မှာ ငွေသာမရှိတယ်။ ပညာရေးဝန်ထမ်း (ကျောင်းဆရာ)ဆိုတဲ့ မာနက တောင်လောက်မြင့်နေတာကို သူမသိလို့။ သူ့လိုပိုင်ရှင်မျိုး တည်ထောင်ထားတဲ့ အဲဒီကျောင်းမှာ ဆက်လုပ်နေလည်း ရေရှည်မှာ ကျောင်းနာမည်ပျက်ရုံကလွဲလို့ ဘာမှဖြစ်လာမှာ မဟုတ်ဘူးဆိုတာ အသေအချာသိတာပေါ့။

ဒီကနေ့ မိဘတွေကို ပြောချင်တာက ကြော်ငြာအားကောင်းကောင်းနဲ့ နာမည်ကြီးနေတဲ့ ကိုယ်ပိုင်ကျောင်းတိုင်းကို အထင်ကြီးပြီး ကိုယ့်ကလေးတွေရဲ့ပညာရေးကို ဝကွက်ပြီး မအပ်ကြပါနဲ့။ အပြောနဲ့ အလုပ်ညီပြီး ပညာရေးကို တကယ် အလေးထားတဲ့ ကိုယ်ပိုင်ကျောင်းတွေက ရှိတော့ရှိတယ် ရှားတယ်လို့ ပြောရမှာပဲ။ တွေးဆ ချင့်ချိန်ကြဖို့ ပြောတာပါ။ ဆိုရရင် ကလေးတွေအတွက် ပညာရေးဟာ နိုင်ငံတော်က ဖွင့်ထားတဲ့ အခြေခံပညာကျောင်းတွေမှာသာ အကောင်းဆုံးပါပဲလို ညွှန်ပြချင်ပါတယ်။

နိဂုံးချုပ်ရမယ်ဆိုရင် ကိုယ်ပိုင်ကျောင်းလောကမှာ အမြတ်အစွန်း သာသာထိုးထိုး ရဖို့နဲ့ ခြယ်လှယ်နိုင်ခွင့်ရဖို့အတွက် သူတို့လက်အောက်မှာ ခန့်ထားတဲ့ ပညာရေး ဝန်ထမ်းတွေကို ကျောင်းတည်ထောင်သူ (Founder) တချို့က သူတို့ထက်ညံ့မှ ကြိုက်တာကို သိနေပေမယ့် ကိုယ်ပိုင်ကျောင်းတွေကိုတော့ နှလုံးသားစစ်စစ်နဲ့ တည်ထောင်ကြပါလို့ တိုက်တွန်း ပြောကြားလိုကြောင်းပါခင်ဗျား။

ကိုသောင်း (ပညာရေး)

  • VIA