News

POST TYPE

OPINION

ယဉ်ကျေးသော လူ့အဖွဲ့အစည်းကို တည်ဆောက်ရာတွင်
06-Jul-2017
ဤကမ္ဘာမြေပေါ်တွင် ယဉ်ကျေးသော လူ့အဖွဲ့အစည်း (Civilized Human Society) နှင့် မယဉ်ကျေးသော လူ့အဖွဲ့အစည်း (Uncivilized Human Society) ဟူ၍ စရိုက်လက္ခဏာ မတူညီသော လူ့အဖွဲ့အစည်း နှစ်ရပ်သည် ကာလအားဖြင့် ဌာနအားဖြင့် ရှိကြသည်။ အချို့နေရာတွင် တစ်ခါတစ်ရံ ယဉ်ကျေးသော လူ့အဖွဲ့အစည်းက လွှမ်းမိုးမှုရှိပြီး တစ်ခါတစ်ရံ မယဉ်ကျေးသော လူ့အဖွဲ့အစည်းက အားပျော့နေတတ်သည်။ အချို့နေရာတွင် မယဉ်ကျေးသော လူ့အဖွဲ့အစည်းက အားသာနေတတ်ပြီး ယဉ်ကျေးသော လူ့အဖွဲ့အစည်းက အားနည်းနေတတ်သည်လည်း ရှိလေသည်။ နိုင်ငံတစ်နိုင်ငံတွင် ယဉ်ကျေးသော လူ့အဖွဲ့အစည်းက လွှမ်းမိုးမှု သက်တမ်း ကြာမြင့်သည်ရှိသော် ယင်းနိုင်ငံ ပြည်သူတို့ဘဝက တည်ငြိမ်အေးချမ်းသည်။ ဖွံ့ဖြိုးတိုးတက်သည်။ အချို့ အချို့သော နိုင်ငံတွင် မယဉ်ကျေးသော လူ့အဖွဲ့အစည်းက လွှမ်းမိုးမှု ကြာရှည်နေသည်ရှိသော် ယင်းနိုင်ငံပြည်သူတို့၏ ဘဝက ပင်ပန်းဆင်းရဲသည်။ တည်ငြိမ်အေးချမ်းမှုမရှိ။ ပြည်သူတို့၏ ဘဝသည် ကြိမ်မီးအုံးသကဲ့သို့ ပူလောင်၍နေတတ်သည်။

ယဉ်ကျေးသော လူ့အဖွဲ့အစည်းဆိုတာ ဘာလဲ။ ယဉ်ကျေးသော လူ့အဖွဲ့အစည်း၏ စရိုက်လက္ခဏာတွေက မည်သို့ရှိပါသလဲ။ ယဉ်ကျေးသော လူ့အဖွဲ့အစည်းတွင် တရားမျှတမှု ရှင်သန်သည်။ လူ့ကျင့်ဝတ်ကို လေးစားလိုက်နာသည်။ လူ့အခွင့်အရေးက အပြည့်အဝ ရရှိသည်။ မယဉ်ကျေးသော လူ့အဖွဲ့အစည်း၏ စရိုက်လက္ခဏာတွေကရော၊ တရားမဲ့သည်။ အင်အားသုံး၍ လက်နက်သုံး၍ အနိုင်ကျင့်သည်။ လူ့ကျင့်ဝတ် လူ့သိက္ခာကို လေးစားလိုက်နာခြင်း မရှိ။ မိမိ၏ ကိုယ်ကျိုးစီးပွားကို မတရားသဖြင့် ရှာဖွေသည်။ လူ့အခွင့်အရေး ချိုးဖောက်သည်။ ယင်းသို့ လူ့အခွင့်အရေး ချိုးဖောက်ရခြင်းကိုပဲ အမှန်ဟု ထင်မြင်လက်ခံထားသူတွေ ဖြစ်သည်။

အဓမ္မဝါဒီတွေဖြစ်သော မယဉ်ကျေးသော လူ့အဖွဲ့အစည်းသည် လူ့အရိုင်းအစိုင်း (Barbarian) တွေ ဖြစ်သည်။ အနိုင်ကျင့်ဖို့၊ မတရားပြုဖို့၊ လိမ်လည်လှည့်ဖြား ကောက်ကျစ်ဖို့၊ ထောင်ချောက်ဆင်ဖို့ကလွဲပြီး တရားမျှတမှုကို စဉ်းစားနိုင်လောက်သော အသိဉာဏ်ရှိသူတွေ မဟုတ်ပေ။ မိမိတို့အား ဆန့်ကျင်သူကို ထစ်ခနဲရှိ ညစ်ညမ်းစွာ ကောက်ကျစ် စဉ်းလဲစွာ အနိုင်ယူရန်ပဲ တွေးတတ်သူတွေ၊ တွေးသည့်အတိုင်းလည်း လက်တွေ့ လုပ်ဆောင်သည်။ ကဲ ... ကောင်းပြီ မည်ကဲ့သို့သော လူစားတွေသည် အဓမ္မဝါဒီတွေဖြစ်သလဲ။ မယဉ်ကျေးသော လူ့အရိုင်းအစိုင်းတွေ ဖြစ်သလဲ။ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို လက်နက်ကိုင် ခြိမ်းခြောက်သော လူဆိုးဂိုဏ်း၊ အမည်းဂိုဏ်း၊ လူမိုက်ဂိုဏ်းတွေသည် အဓမ္မဝါဒီတွေ ဖြစ်သည်။ ယင်းသည် အောက်လွှာရှိ အဓမ္မဝါဒီတွေဖြစ်သည်။ အပေါ်လွှာ အဓမ္မဝါဒီသည် အာဏာကို တရားမဝင် ရယူပြီး ပြည်သူကို ဖိနှိပ်၍ မိမိ၏ ဩဇာအာဏာ ထူထောင်သူဖြစ်သည်။ မိမိတို့ကို ဆန့်ကျင်သူတို့ကို ပြတ်ပြတ်သားသား နှိပ်ကွပ်၍ ယင်းသို့ နှိပ်ကွပ်ခြင်းကပင် သူ၏ ဩဇာအာဏာ ကြီးထွားလာစေရေး နည်းလမ်းတစ်သွယ် ဖြစ်သည်။ ပြည်သူကို ဆင်းရဲမွဲတေစေလျက် မိမိကိုယ်ကို ကြွယ်ဝအောင် လုပ်သူသည် အာဏာရှင်ဖြစ်သည်။

လူဆိုးဂိုဏ်း၊ အမည်းဂိုဏ်းနှင့် အာဏာရှင်တို့သည် သူတို့အကြောင်း လူသိမှာ အလွန် စိုးရိမ်သည်။ ယင်းအဓမ္မဝါဒီတို့၏ အကြောင်းကို ဖော်ထုတ်သော သတင်းသမားသည် သူတို့၏ ရန်သူဖြစ်သည်။ မကာအိုတွင် အမည်းဂိုဏ်းက သတင်းစာတိုက်များသို့ “ငါတို့အကြောင်းတွေ မရေးနဲ့ ကျည်ဆန်သည် ဗီဇာမလို”ဟူ၍ စာပို့သည်။ အမည်းဂိုဏ်းတွေအကြောင်း သတင်းတင်ဆက်သော ဟောင်ကောင်က ရုပ်သံသတင်းသမားကို အမည်း ဂိုဏ်းက ရုံးပေါ်တက်ပြီး ဓားနှင့်ခုတ်သည်။ အာဏာရှင်က သတင်းစာ လွတ်လပ်ခွင့်ကို ပိတ်ပင်သည်။ ပိတ်ပင်၍ မရလျှင် စိတ်တိုင်းကျ ပြဋ္ဌာန်းဥပဒေနှင့် သတင်းသမားကို အရေးယူသည်။ သတင်းသမားကို ပစ်သတ်သည်။

တကယ်တော့ ယဉ်ကျေးသော လူ့အဖွဲ့အစည်းကို တည်ဆောက်ရာတွင် စာနယ်ဇင်းသည် ကျောရိုးမဏ္ဍိုင်ဖြစ်သည်။ သတင်းသမားသည် လောကကြီး၌ စောင်းနေတာတွေကို တည့်မတ်သွားအောင်၊ ရွဲ့နေတာတွေကို မတ်သွားအောင်ကို ခေတ်ကို ပြုပြင်ရေးလုပ်နေသူ ဖြစ်သည်။ သတင်းသမားတွင် အချစ်မရှိသလို အမုန်းမရှိပါ။ လူ့ကျင့်ဝတ် လူ့သိက္ခာ ဖောက်ပြန်နေသူ မည်သူ၏အကြောင်းကိုမဆို သတင်းသမားက ထုတ်ဖော်ရေးသားရပါလိမ့်မည်။ ယင်းသို့သော ကျင့်ဝတ်ပျက်သူသည် ပြည်သူ၏ ရန်သူမို့ပဲဖြစ်သည်။ သတင်းသမားတစ်ဦး သစ္စာခံရန် ပြည်သူကလွဲ၍ အခြားမရှိပါ။

ယဉ်ကျေးသော လူ့အဖွဲ့အစည်းက အားသာနေလျှင် ယင်းနိုင်ငံသည် စည်ပင်ဝပြော၍ ဖွံ့ဖြိုးတိုးတက်နေလိမ့်မည်ဆိုခြင်းမှာ အထက်ပါအချက်ကို ပြောခြင်းဖြစ်သည်။ ကျင့်ဝတ်စောင့်ထိန်းသူတွေ များနေပြီး သန့်စင်နေသော လူ့အဖွဲ့အစည်းသည် မလွဲမသွေ တိုးတက်မှာ ဧကန် ဖြစ်သည်။ ကျင့်ဝတ်ပျက် အရေအတွက် အနည်းငယ် ရှိကောင်းရှိမည်။ သို့သော် လူ့အဖွဲ့အစည်းတစ်ခုလုံးကို ထိခိုက်အောင် အင်အား အပြည့်အဝ မရှိပါ။ သို့သော် အချို့ဒေသတွင် လူ့ကျင့်ဝတ်ပျက် အဓမ္မဝါဒီတို့က လက်နက်ကိုင်စိုးမိုး၍ ပြည်သူအား အကြောက်တရား ဖြစ်စေလျက် ဖိနှိပ်အုပ်စိုးမှု ကြာရှည်သွားလျှင် ယင်းနိုင်ငံပြည်သူတို့၏ဘဝက အဖတ်ဆယ်၍မရအောင် ပျက်စီးသွားတတ်လေသည်။ ဒီမိုကရေစီ နိုင်ငံရေးစနစ် ဟူသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်း၏ အုပ်ချုပ်ပုံစနစ် ဖြစ်သည်။ သို့သော် စစ်မှန်သော ဒီမိုကရေစီ နိုင်ငံရေး မဖြစ်စေဖို့ရန် အဓမ္မဝါဒီတို့က ဟန့်တား နှောင့်ယှက်လိမ့်မည်။ ပြည်သူသာ ညီညွတ်လျှင် ယင်းမသမာ သူတို့ကို ဖယ်ရှားနိုင်ပါလိမ့်မည်။

ကိုဝမ်း


  • VIA