News

POST TYPE

OPINION

အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှု ပြဿနာကို ဘယ်လို အဖြေရှာပေးကြမှာလဲ
05-Jul-2017
စင်ကာပူတွင် အိမ်ဖော်အလုပ် သွားလုပ်နေသည့် ရခိုင်ပြည်နယ်မှ ဆင်းရဲချို့တဲ့ရှာသည့် မိန်းကလေးတစ်ယောက် ယခင်လက ၎င်းအလုပ်လုပ်သည့် အထပ်မြင့်တိုက်ခန်း အစွန်းပေါ်ကခုန်ချပြီး မိမိကိုယ်မိမိ အဆုံးစီရင်သွားသည့် ဗီဒီယိုတစ်ခု အင်တာနက် စာမျက်နှာများထက်တွင် အတော် နေရာယူသွားခဲ့ဖူးသည်။ ယခုရက်ပိုင်းတွင်လည်း ထိုင်းနိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်နေသည့် ကျွနု်ပ်တို့နိုင်ငံသား အများအပြား ဖမ်းဆီးခြင်းခံကြရမှုကြောင့် မိမိနိုင်ငံအတွင်းသို့ ပြန်လည် ဝင်ရောက်လာနေသူများကလည်း တစ်ရက်ထက်တစ်ရက် ပိုမိုများပြားလာနေသည်ဟု သတင်းများတွင် ဖတ်ရသည်။ ထိုင်းနိုင်ငံတွင် လက်ရှိ အလုပ်သွားရောက် လုပ်ကိုင်နေကြသည့် လူအင်အားမှာလည်း ခန့်မှန်း လေးသန်းကျော်ရှိသည်ဟု ဆိုသည်။ အဆိုပါ အဖြစ်အပျက်ကို မြင်ခဲ့ရသည့် ကျွနု်ပ်တို့နိုင်ငံသားများအနေနဲ့လည်း အိပ်နေရာကနေ ရုတ်တရက် လှုပ်နှိုးခံလိုက်ရသလို ဆတ်ခနဲ သတိဝင်လာကြရင်း ငါတို့နိုင်ငံသားတွေရဲ့ အဖြစ်က ဒီလောက်ထိ ဆိုးရွားနေပြီလား။ ဒီလိုအဖြစ်မျိုးတွေနဲ့ ဒီထက်ဆိုးတဲ့အဖြစ်တွေ ဘယ်လောက်ထိ ရှိနေသေးလဲ။ ဒါတွေကို အဆုံးသတ်အောင် ဘယ်သူတွေက ဘာလုပ်ပေးကြမှာလဲ ဆိုသည့်အတွေးများ ကိုယ်စီ ဖြစ်ပေါ်လာခဲ့ကြသည်ဟု ဆိုခဲ့ကြသည်။

ဦးစားပေး ဖြေရှင်းပေးသင့်သည့်ကိစ္စ

ထိုအဖြစ်နှင့် တိုက်ဆိုင်စွာပင် ယခုအစိုးရသစ်၏သက်တမ်း တစ်နှစ် အလွန်ကာလတွင် အရေးတကြီး အလျင်အမြန် ဖြေရှင်း အဖြေရှာသင့်သည့် ကိစ္စတစ်ရပ်ကို ပြပါဆိုလျှင်လည်း နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှု ပြဿနာကိုပဲ အဖြေရှာပေးကြဖို့အရေး လက်ညှိုး ထိုးပြရမည်ဖြစ်သည်။ မည်သည့်အတွက် ထိုကိစ္စကိုဇောင်းပေးပြီး ပြောရသနည်းဟုဆိုလျှင် ကျွနု်ပ်တို့နိုင်ငံမှ လူငယ်မိန်းကလေး၊ ယောက်ျားလေး အတော်များများအနေနှင့် ပြည်ပတွင်သွားပြီး အလုပ် လုပ်နေကြရသည့် စာရင်းမှာ လေ့လာဆန်းစစ်သူများ၏ အဆိုအရ ငါးသန်းကျော်လောက် ရှိမည်ဟု ခန့်မှန်းထားကြပြီး အဆိုပါဦးရေသည် လက်ရှိနိုင်ငံ့လူဦးရေ၏ ၁၀ ပုံ တစ်ပုံမျှပင်ရှိနေသည်။ မိမိနိုင်ငံအတွင်းတွင် အလုပ်အကိုင်များ  ရှားပါးပြီး တစ်နေ့ ဝင်ငွေနိမ့်ပါးသည့်အတွက် ပြည်ပကို အားကိုးပြီး အလုပ် သွားလုပ်နေကြသည့်သူများ အနေနှင့် အချို့ အဆင်မပြေမှုများ၊ အချို့ အနိုင်ကျင့်ခံရမှုများ၊ နောက် ကြားပွဲစားများမှတစ်ဆင့် ပြန်လည် ရောင်းစားခံကြရခြင်းနှင့် လုပ်ခလစာများကို ခေါင်းပုံဖြတ်ခံနေရခြင်းများ၊ အကြောင်း အမျိုးမျိုးဖြင့် အသတ်ခံနေကြရခြင်းနှင့် ယခုလို မိမိကိုယ်မိမိ သတ်သေနေကြခြင်းများကို ကြုံတွေ့နေကြရသည်မှာလည်း ငြင်းမရနိုင်သည့် အမှန်တရား တစ်ခုပင်ဖြစ်သည်။ သည့်အတွက် အလျင်အမြန် ဖြေရှင်းပေးသင့်သည်ဟု ဆိုခဲ့ရခြင်းဖြစ်သည်။

ဗီဇာကင်းလွတ်ခွင့်များအကြား ကမ္ဘာကြီးက ရွာဖြစ်လာခဲ့

ယခုနောက်ပိုင်း ခေတ်စနစ်များ ပြောင်းလဲလာမှုနှင့်အတူ လမ်းပန်း ဆက်သွယ်ရေးစနစ်နှင့် ICT နည်းပညာများ တိုးတက်လာခြင်း၊ နိုင်ငံများ အချင်းချင်း ပြည်ဝင်ခွင့် ဗီဇာကန့်သတ်ချက်များ ဖြေလျှော့လာခဲ့ခြင်း များကြောင့် ကမ္ဘာကြီးသည်လည်း ရွာကြီးတစ်ရွာကဲ့သို့ အချိန်တိုအတွင်း တောင်ပိုင်း မြောက်ပိုင်း သဘောထားကာ ကူးလူးဆက်ဆံမှု မြန်ဆန်လာခဲ့ကြသည်။ ထိုသို့ ကူးလူးသွားလာမှု လွယ်ကူလာခဲ့ခြင်းနှင့်အတူ ထိုင်း၊  မလေးရှားနိုင်ငံများမှလည်း ၎င်းတို့နိုင်ငံထက် တစ်ရက်တာဝင်ငွေ မြင့်မားပြီး ကြီးပွားတိုးတက်သည့် ဥရောပနိုင်ငံများနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများသို့ ခြေဆန့်ပြီး အလုပ် သွားရောက် လုပ်ကိုင်နေကြသလို ကျွနု်ပ်တို့နိုင်ငံအတွင်းမှ နိုင်ငံသားများ အနေနှင့်လည်း ဝင်ငွေ မြင့်မားသည့် နိုင်ငံများသို့ ခြေဆန့်ကာ အလုပ်ရှာဖွေပြီး သွားရောက် လုပ်ကိုင်ကြလာခဲ့ကြတော့သည်။

ရွှေ့ပြောင်း အလုပ်သမားများဟုပင် အမည်နာမ ကင်ပွန်းတပ်ကြ

ထိုသို့ ပြည်ပသို့ထွက်ခွာပြီး အလုပ်လုပ်ကြသူများမှာ ယခင်ကထက် တဖြည်းဖြည်း များပြားလာခဲ့ကြပြီး ထိုသူများအနေနှင့်လည်း မိမိတို့ တတ်ကျွမ်းသည့် ပညာများအလိုက် လုပ်ကိုင်ကြသည့် နယ်ပယ်များအတွင်း တစ်စတစ်စ တိုးတက်လာခဲ့ကြသည်။ ထိုသို့တိုးတက်မှုနှင့်အတူ အခြား ဝင်ငွေကောင်းမည့် နိုင်ငံများဆီသို့ အလုပ်ကူးပြောင်းလုပ်ရန် ထပ်မံရှာဖွေ လာကြတော့သည်။ အချို့ဆိုလျှင် ထိုင်းမှ မလေးရှားသို့လည်းကောင်း၊ ထိုမှတစ်ဖန် စင်ကာပူသို့လည်းကောင်း၊ ဂျပန်သို့လည်းကောင်း အဆင့်ဆင့် ကူးပြောင်း အလုပ် လုပ်ကိုင်ကြလေသည်။ သို့ဖြင့် ထိုသူများအပေါ်တွင်လည်း ခေတ်ကာလ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်ရန် “ရွှေ့ပြောင်း အလုပ်သမားများ”ဟူသည့် အမည်နာမတစ်ခုလည်း တိုးတက် ရရှိလာခဲ့ရတော့သည်။

ယှဉ်တွဲပါလာသည့် ကုမ္ပဏီ၊ အေဂျင်စီနှင့် အကျိုးစီးပွား ဖြစ်ထွန်းမှုများ

ထိုသို့သော ရွှေ့ပြောင်း အလုပ်သမားများအကြားတွင် ယှဉ်တွဲပြီး ကပ်ပါကာ အလုပ်လုပ်နေကြသူများလည်း ယခင်ကထက် တစ်စတစ်စ များပြားလာပြန်သည်။ ထိုသူများမှာ အလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီ (သို့မဟုတ်) အေဂျင်စီများပင် ဖြစ်သည်။ ထိုအဖွဲ့များအနေနှင့် တစ်ဖက်နိုင်ငံသို့ ချိတ်ဆက်ပြီး ကြားခံအဖြစ် ဆောင်ရွက်ပေးကြသည်။ လုပ်ပိုင်ခွင့် လိုင်စင်များကို ဆိုင်ရာအစိုးရဌာနသို့လျှောက်ပြီး တရားဝင် လုပ်ကိုင်ကြသည်။ အချို့ ကုမ္ပဏီများဆိုလည်း အရစ်ကျစနစ်ဖြင့်ပင် ပို့ဆောင်ပေးကြသည်။ ပထမအစ သွားရောက်စဉ်တွင်ပင် ၇ သိန်း ၈ သိန်းခန့်ပေးရပြီး ကျန်သည့်ငွေ တစ်ဝက်ကျော်ကျော်ကို ၎င်းတို့လုပ်နေသည့်ကာလတွင် အရစ်ကျပြန်ဖြတ်လေသည်။ ထိုသို့ တရားဝင် ပြည်ပ အလုပ်လုပ်ခွင့် လက်မှတ်ရသည်အထိ ဆောင်ရွက်ပေးခြင်းအတွက် သွားရောက် အလုပ်လုပ်ကိုင်ရင်း အကျိုးရှိသွားသည့် ကျွနု်ပ်တို့နိုင်ငံအတွင်းမှ အလုပ်သမားများလည်း အတော်များများ ရှိခဲ့ကြသည်။ အချို့မှာမူ အသုံးအဖြုန်း ကြီးလွန်းကြသဖြင့် ဘဝ ပျက်ကြရသည်။ အချို့ဆိုလျှင် သွားစဉ်က ပေါင်နှံသွားသည့် လယ်ယာများပင် အချိန်တိုအတွင်း ပြန်ရွေးနိုင်ကြပြီး တစ်နှစ်အတွင်း သိန်း ၁၀ဝ ကျော် ပြန်ပို့နိုင်ကြသဖြင့် နေ့ချင်းညချင်း ကြီးပွားတိုးတက်သွားကြသည့် နိုင်ငံသားများမှာလည်း အများအပြား ရှိသည်။

တရားမဝင် ကြားပွဲစားများအကြား စတေးကြရ ဘဝများစွာ

အချို့မှာမူ ထိုသို့မဟုတ်။ အစကနဦး သွားရောက် အလုပ်လုပ်ကိုင်စဉ်ကတည်းက ငွေကြေး မတတ်နိုင်သဖြင့် အခမဲ့နီးနီး ပို့ဆောင်ပေးသည်ဟု ဆိုသည့်စကားများအကြား ယုံမှားမိရင်း တရားမဝင် ကြားပွဲစားအတုများနှင့် ချိတ်ဆက်မိကြသည်။ ထိုသူတို့ကလည်း အခြားနိုင်ငံမှ တရားမဝင် ပွဲစားများဖြင့် အောက်လမ်းမှပို့ကြသည်။ လူရောက်သွားလျှင် လုပ်၍ရသည့်လစာကို ဖြတ်ယူကြသည်။ ထိုသူများမှာမူ ၄၊ ၅ လပင် လုပ်သော်လည်း လုပ်ခမရကြချေ။ အကြွေးပြန်ဆပ်ကြရသည့်အပြင် ရသည့်လုပ်ခမှာလည်း မဆိုစလောက်သာ ဖြစ်သည်။ ထို့ထက်ဆိုးသည်မှာ တရားမဝင်သည့်ကြားပွဲစားများက အပြတ်ရောင်းစားသွားကြခြင်းမျိုး ဖြစ်သည်။ ထိုအခါ ရောင်းစားခံကြရသည့်သူများမှာ ကာလရှည်ကြာ အလှောင်အပိတ်၊ အစောင့်အရှောက်ဖြင့်နေကြရင်း အနေဆင်းရဲ၊ အစားဆင်းရဲကြရသည်။ အနှိပ်စက်ခံကြရသည်။ မိမိတို့ဇာတိ ရပ်ရွာသို့ပြန်ရန် လမ်းမမြင် ကမ်းမမြင် ကြတော့သည့်အဆုံးတွင် မိမိကိုယ်မိမိ သတ်သေသွားကြတော့သည်။ ထိုသူများထဲတွင် အချို့မှာ ထွက်ပြေးလွတ်မြောက်သွားကြပြီး အချို့မှာမူ မထင်မရှား ဘဝဖြင့် အသတ်ခံရကာ လုံးဝ ပျောက်ကွယ်သွားကြတော့သည်။

မိမိနိုင်ငံအတွင်း၌သာ ရရာအလုပ် လုပ်ကိုင်လိုကြ

အဆိုပါအဖြစ်များကို သိရ မြင်ရ ကြားရသည့် ကျွနု်ပ်တို့ နိုင်ငံသားများအတွက်လည်း ထိုအဖြစ်အပျက်များသည် သတင်းကောင်းတစ်ခု မဟုတ်သလို ဝမ်းသာဂုဏ်ယူစရာ ကောင်းသည့် ဖြစ်ရပ်မျိုးလည်း မဟုတ်ခဲ့ပေ။ အမှန်ဆိုရလျှင် ထိုသူများအနေနှင့် မိမိနိုင်ငံအတွင်းမှာပင် အလုပ်အကိုင် အခွင့်အလမ်း များများရရှိပြီး ထိုက်သင့်သည့် လုပ်ခလစာလေး ပုံမှန်ရခြင်း၊ ကိုယ့်မိဘ ကိုယ့်ရပ်ရွာ၊ ကိုယ့်အိုးအိမ်ကို မခွဲခွာဘဲ လုပ်နေကြရခြင်းများ ရနေလျှင်ပင် ကျေနပ်ကြမည့်သူများဖြစ်သည်။ ၎င်းတို့အနေနှင့် ရေခြားမြေခြားတွင် မိဘညီအစ်ကို မောင်နှမ၊ ငယ်ပေါင်းသူငယ်ချင်းနှင့် ချစ်သူခင်သူများရှိရာ ဇာတိရပ်မြေကို ခွဲခွာပြီး မည်သူကမျှ အလုပ်သွား လုပ်ကိုင်ချင်ကြလိမ့်မည် မဟုတ်ပေ။ ရေခြားမြေခြားတွင် အလုပ်သွား လုပ်ကိုင်ရသူများ အနေနှင့်လည်း မဖြစ်သာသည်မို့သာ ဝမ်းရေးအတွက် သွားရောက် လုပ်ကိုင်နေကြရသော်လည်း ၎င်းတို့ ပျော်ပိုက်မှုရှိကြမည် မဟုတ်သလို ကျန်ရစ်သူ မိဘဆွေမျိုးများမှာလည်း ပူပန်သောက စိုးရိမ်မှုများမှာ ၎င်းတို့နေရာတွင်ဝင်ပြီး ကိုယ်ချင်းစာတရားဖြင့် တွေးကြည့်မိရုံမျှဖြင့်ပင် အဘယ်မျှလောက်ထိ ကြီးကြီးမားမား ရှိနေနိုင်မည်ကို ခံစားနားလည်နိုင်ကြလိမ့်မည်ဖြစ်သည်။

နိုင်ငံခြားထွက် အလုပ်လုပ်ရန်ကြံ အကြောင်းရင်းအမှန်

သို့သော်လည်း နေ့စဉ်လူသုံးကုန်နှင့် စားသောက်ကုန်များအတွက် ပြင်ပတွင် ကုန်ဈေးနှုန်း ကြီးမြင့်မှုများ၊ မိုးလေဝသ မမှန်မှုများအကြား တောင်ယာများမှ အထွက်နှုန်း လျော့ပါးမှုများနှင့် သီးနှံဈေးနှုန်း ကမောက်ကမ ဖြစ်မှုများအကြားတွင် မိသားစုများအတွင်း ဝင်ငွေနိမ့်ပါးလာကာ ကလေးများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စများအတွက် ဖြေရှင်းရန် အခက်အခဲ ဖြစ်လာကြရသည်။ သို့ဖြင့် မိမိနိုင်ငံအတွင်း အခြားဝင်ငွေ ရနိုင်မည့်အလုပ်များကို ရှာဖွေကြိုးစား လုပ်ကိုင် ရှာဖွေကြသော်လည်း ပြည်တွင်းတွင် ရရှိကြသည့် ဝင်ငွေဖြင့်လည်း မိသားစုအရေး ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့ပေ။ ထို့ကြောင့်ပင် ရှိသည့်တောင်ယာများ၊ နွား၊ ကျွဲများ၊ ရွှေတိုရွှေစများကိုပေါင်နှံပြီး စွန့်စွန့်စားစားဖြင့် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်နှင့် ဂျပန်နိုင်ငံများသို့ အလုပ်ထွက်လုပ်ရန် ကြိုးစားလာခဲ့ကြခြင်းဖြစ်သည်။ ယခင်ကမူ ယောက်ျားလေး အများစုသာထွက်ပြီး လုပ်ကိုင်ခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင်မူ မိန်းကလေးများပါ သွားရောက်ကြသည်အထိ ဖြစ်ခဲ့သည်။

အလုပ်အကိုင် အခွင့်အလမ်းပြပွဲ မိတ်ဆက်ပွဲများမှတစ်ဆင့် အလုပ်ဖြစ်လာပြန်

ထို့အပြင် ယခုနောက်ပိုင်း ဖြစ်ပေါ်တိုးတက်လာသည့် ခေတ်စနစ်အရ အလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းတစ်ခုကို တိုးမြှင့်သထက် တိုးမြှင့်လာခဲ့ကြပြီး ပစ္စည်းတစ်ခုကို ရောင်းအားမြှင့်တင်ရေးအတွက် (Promotion) ကြော်ငြာလုပ်ငန်း မြှင့်တင်သည့်အဆင့်ထိ ဖြစ်ခဲ့ကြပြီဖြစ်သည်။ အလုပ်အကိုင် အခွင့်အလမ်းအတွက် ပြခန်းများ ဖွင့်လှစ် ခင်းကျင်းလာခဲ့ကြပြီး ကျွနု်ပ်တို့နိုင်ငံအတွင်းမှ ခေတ်ပညာတတ် လူငယ်လူရွယ်အမြောက်အမြား သည်လည်း ထိုပြခန်းများဆီသို့လည်းကောင်း၊ အလုပ်အကိုင်အတွက် လျှောက်လွှာခေါ်သည့်ရုံးများဆီသို့လည်းကောင်း သူငှာအပြိုင် အင်နှင့် အားနှင့် တိုးဝှေ့လျှောက်ထားနေကြသည်ကိုလည်း တွေ့မြင်ကြရမည်ဖြစ်သည်။

နိုင်ငံတွင်း လက်ရှိပစ္စက္ခ အခြေအနေမှန်

လက်ရှိနိုင်ငံအတွင်းတွင် အလုပ်လက်မဲ့ဦးရေမှာ အလွန် များပြားနေသည်ဟူသည့်အချက်မှာ ငြင်းမရသည့်အချက်လည်း ဖြစ်သည်။ ထိုအချက် မှန်ကန်ကြောင်း အစိုးရဌာနများမှ နိုင်ငံပိုင် သတင်းစာတွင် ထည့်သွင်း ခေါ်ယူသည့် ကြော်ငြာများအရ လျှောက်လွှာတင်လာကြသည့် အရေအတွက်ကိုကြည့်လျှင် မြင်ရနိုင်မည်ဖြစ်သည်။ လူ ၂၀ သာခန့်နိုင်မည့် ဌာနတစ်ခုဆိုလျှင် သတ်မှတ် အရည်အချင်းနှင့်ကိုက်ညီ၍ လျှောက်လာသူပေါင်းမှာ ၂၀ဝ အထက် ရှိနေသည်။ ဤသည်မှာ ယနေ့အချိန်ကာလတွင် နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အနီးစပ်ဆုံး ဥပမာတစ်ခုပင် ဖြစ်သည်။ အလုပ်အကိုင် ရှားပါးကြပြီး ထိုက်သင့်သည့်ပညာရပ်နှင့် အလုပ်မရကြသည့် ဘွဲ့ရလူငယ်များနှင့် အခြားလူငယ်များမှာ အတော်များများ ရှိနေလေသည်။

နိဂုံးချုပ်ဆိုလိုရင်းမှာ အဖြေရှာ

သို့ဖြစ်၍ သက်ဆိုင်ရာ ဌာနများအနေနှင့် အစိုးရသစ်၏ဖြတ်သန်း ကုန်လွန်ခဲ့ပြီးသည့် သက်တမ်းတစ်နှစ်ကျော်တာအတွင်းတွင် အစိုးရ၏ မူဝါဒအသစ်များနှင့်အညီ ပြည်ပ ရောက်နေသည့် ကိုယ့်နိုင်ငံသား အလုပ်သမားတွေ အကျိုးစီးပွားအတွက် လုပ်ဆောင်သည့်လုပ်ငန်းများ မည်မျှအထိ ခရီးပေါက်နေသည်။ မည်သည့်ကိစ္စများကို စိစိစစ်စစ်နှင့် တိုးမြှင့် ဆက်လက် လုပ်ဆောင်ကြရဦးမည်။ သူတို့ခံစားသင့် ခံစားထိုက်သည်များကို ပြည်ပသံရုံးများက တာဝန်ရှိပုဂ္ဂိုလ်များနှင့် အဘယ်မျှထိ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးပြီ၊ ကိုယ့်ပြည်တွင်းမှာရော အလုပ်အကိုင် ရရှိရေးအတွက် မည်သို့သော စီမံကိန်းကြီးများကို အကောင်အထည် ဖော်ခဲ့ပြီးပြီ စသည်တို့ကို ပြန်လည် ဆန်းစစ်ကြရတော့မည်ဖြစ်သည်။

အချုပ်အားဖြင့် တင်ပြလိုသည်မှာ ပြည်ပရောက် နိုင်ငံသားတွေအတွက် ပြည်ပတွင် လိုက်ပါညှိနှိုင်း ဆောင်ရွက်ပေးနေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း ပြည်တွင်းမှ ကျန်အလုပ်အကိုင် ရှားပါးနေသည့် နိုင်ငံသား များစွာအတွက်လည်း ပြည်တွင်းမှာရှိသည့် စက်ရုံ၊ အလုပ်ရုံများကို ရင်းနှီးမြှုပ်နှံမှု များများတိုးလုပ်ခြင်း၊ နောက် ကိုယ့်နိုင်ငံသားတွေလည်း ကျွမ်းကျင်သလို မိရိုးဖလာ အသက်မွေးဝမ်းကျောင်း အလုပ်များလည်းဖြစ်သည့် ကာလတိုစီမံကိန်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၊ အသေးစား စက်မှုလက်မှု လုပ်ငန်းများကို လိုအပ်သည့် ရင်းနှီးပံ့ပိုးမှုများ ထောက်ပံ့ကာ အဆင့်မြှင့်တင်ပြီး အားပေးအားမြှောက်ပြု တိုးချဲ့ခြင်း စသည်များကို ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ပြည်တွင်းမှ အလုပ်အကိုင် ရှားပါးနေသည့် လူငယ်များ အလုပ်အကိုင်တွေ ရရှိစေလာမည်ဖြစ်ပြီး ပြည်ပကို ရောက်နေသည့် ကိုယ့်နိုင်ငံသားတွေကိုလည်း ကိုယ့်ပြည်တွင်းကို အမှန်တကယ် ပြန်လည် ဝင်ရောက် အလုပ်လုပ်ကိုင်နိုင်ကြမှာ အမှန်ပင်ဖြစ်ပါကြောင်း အကြံပြု ရေးသားတင်ပြလိုက်ရပါသည်။

သန်းဖြိုးနိုင် (ကညင်ကျိုး)


  • VIA