News

POST TYPE

OPINION

အောင်လ-အန်ဆန်း ယူဆောင်လာတဲ့ ပြည်ထောင်စုစိတ်ဓာတ်
04-Jul-2017
အစီအစဉ် ကြေညာသူက အနိုင်ရသူ၏အမည်ကို ကြေညာလိုက်ပြီးနောက် ဒိုင်လူကြီးက အနိုင်ရသူ၏ ညာဘက်လက်ကို ကိုင်မြှောက်သည်နှင့်တစ်ပြိုင်နက် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားရုံအတွင်းမှ လျှံထွက်လာသော “အောင်လအန်ဆန်း”ဟူသည့် ကြွေးကြော်သံများ၊ “မြန်မာ”ဟူသည် ဟစ်ကြွေးသံများက သုဝဏ္ဏ အားကစားရုံမှသည် ရန်ကုန်ရွှေမြို့ တော်ကြီးကို ကျော်ဖြတ်လျက် မြန်မာနိုင်ငံ တစ်နံတစ်လျားသို့ ပျံ့နှံ့သွားပါတော့သည်။ အထူးသဖြင့် ကချင်ပြည်နယ်အတွင်းမှ ကချင်တိုင်းရင်းသားတို့၏ အားပေးဩဘာသံသည် အားလုံးသော အသံတို့ထက် ပိုမို ကျယ်လောင်မည်ဖြစ်ပါသည်။

အဘယ်ကြောင့်ဆိုသော် ဇွန်လ ၃၀ ရက်နေ့က ပြုလုပ်သည့် MMA(Mixed Martial Art) ခေါ် ဘက်စုံကိုယ်ခံပညာသုံး (မစ်ဒယ် ဝိတ်တန်း) ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် မြန်မာနိုင်ငံ ကချင်ပြည်နယ်ဖွား မြစ်ကြီးနားဇာတိ ကချင်တိုင်းရင်းသား အောင်လအန်ဆန်းနှင့် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်တို့ ယှဉ်ပြိုင်ထိုးသတ်ရာ ငါးချီအပြီးတွင် အောင်လအန်ဆန်းက အမှတ်ဖြင့်အနိုင်ရ၍ ကမ္ဘာ့ချန်ပီယံဘွဲ့ကို ဆွတ်ခူး ရရှိခဲ့၍ဖြစ်သည်။ ထိုနေ့ကပွဲတွင် မြန်မာအားကစား ပရိသတ်များ ရုံပြည့် ရုံလျှံ တစ်ခဲနက် လာရောက် အားပေးခဲ့ကြပြီး Skynet ရုပ်သံလိုင်းနှင့် ဆက်စပ်လိုင်းများက တိုက်ရိုက် ထုတ်လွှင့်ပေးသဖြင့် နိုင်ငံအနှံ့အပြားမှ ဝါသနာရှင်များလည်း ကြည့်ရှုလိုက်ကြရပါသည်။

အောင်လအန်ဆန်းမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ၁၉၈၅ ခုနှစ်၊ မေလ ၂၁ ရက်နေ့က မွေးဖွားခဲ့ပြီး ယခုအခါ အသက် ၃၂ နှစ်ရှိပြီ ဖြစ်ပါသည်။ အရပ် ၆ ပေ ၁ လက်မ (၁.၈၅ မီတာ)ရှိပြီး ကိုယ်အလေးချိန် ၁၇၀ ပေါင် (၇၇ ကီလိုဂရမ်) ရှိကာ မစ်ဒယ်ဝိတ်အတန်းတွင် ထိုးသတ်နေသူဖြစ်ပါသည်။ သူ့ကို နိုင်ငံတကာ လက်ဝှေ့ဝါသနာရှင်များက မြန်မာစပါးအုံး (The Burmese Python) ဟု ခေါ်ဆိုကြကြောင်း သိရပါသည်။ သူသည် ၂၀ဝ၄ ခုနှစ်တွင် Michigan ပြည်နယ်၊ Berrien Springs ရှိ Andrews University တွင် စိုက်ပျိုးရေး သိပ္ပံဘာသာရပ်ကို သင်ကြားလေ့လာနေရာမှ ဘရာဇီး ဂျူဂျစ်ဆုကိုယ်ခံပညာနှင့် MMA ကိုယ်ခံပညာရပ်ကို သဘောကျ နှစ်သက်ရာမှ ဘက်စုံကိုယ်ခံပညာသုံး လက်ဝှေ့လောကသို့ ၂၀ဝ၅ ခုနှစ်မှစ၍ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုအခါတွင်မူ အမေရိကန် ပြည်ထောင်စု မေရီလင်းပြည်နယ်၊ Elkridge မြို့တွင် နေထိုင်နေကာ ဘက်စုံကိုယ်ခံပညာရပ် (Mix Martial Art) ကို Professional အဖြစ် လိုက်စား၍ အာရှအခြေပြု One Championship မှ ကမကထပြု ကျင်းပသည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပါသည်။

အောင်လအန်ဆန်းသည် သူ၏ ကစားခဲ့သည့် သက်တမ်းကာလအတွင်း CFFC (Cage Fury Fighting Championships) ပြိုင်ပွဲ၊ Matrix Fight ပြိုင်ပွဲ၊ Cage Fighting Championships ပြိုင်ပွဲနှင့် Bellator Fighting Championships များအပါအဝင် Mixed Martial Art ပြိုင်ပွဲ အများအပြားကို ပါဝင် ယှဉ်ပြိုင်ခဲ့သည်။ သူသည် ပွဲပေါင်း ၂၇ ပွဲ ထိုးသတ်ခဲ့ရာမှာ ၁၈ ပွဲနိုင်၊ ၉ ပွဲရှုံးခဲ့ပြီး ၂၀၁၆ ခုနှစ်အတွင်းက ရန်ကုနု်မြို့ တွင်ကျင်းပခဲ့သည့် အီဂျစ်နိုင်ငံသားနှင့်ပွဲစဉ်၊ တရုတ်နိုင်ငံတွင် ထိုးသတ်ခဲ့ သည့် ရုရှားနိုင်ငံသားနှင့်ပွဲစဉ်အပြင် ရန်ကုန်မြို့မှာပင် ထိုးသတ်ခဲ့သည့် ပိုလန်နိုင်ငံသားနှင့် ပွဲစဉ်တို့ကို အနိုင်ရရှိခဲ့သဖြင့် ယခုကဲ့သို့ လက်ရှိ ကမ္ဘာ့ ချန်ပီယံ ဘစ်ဒက်ရှ်ကို စိန်ခေါ်ခွင့် ရရှိခဲ့ခြင်း ဖြစ်ပါသည်။

ယခုနှစ်အတွင်း အင်ဒိုနီးရှား နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့်ပြိုင်ပွဲ၌ အခြားကစားသမားတစ်ဦး မထိုးသတ်နိုင်သည့်အတွက် အစားထိုး ဝင်ရောက် ယှဉ်ပြိုင်ထိုးသတ်ရာမှာ ၁၀ ရက်သာ လေ့ကျင့်ချိန် ရရှိခဲ့သည်ဖြစ်၍ အောင်လအန်ဆန်းက ဘစ်ဒက်ရှ်ကို ရှုံးနိမ့်ခဲ့ရပြီး ကြိုတင် သဘောတူညှိနှိုင်းထားချက်အရ ဒုတိယအကြိမ်ကို ရန်ကုန်မြို့တွင် ထိုးသတ်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံဖွား အောင်လအန်ဆန်း

ရန်ကုန်မြို့တွင် ယခင်ကပြုလုပ်ခဲ့သည့် ပြိုင်ပွဲများ၌လည်းကောင်း၊ ယခုပြိုင်ပွဲ၌လည်းကောင်း အောင်လအန်ဆန်းသည် သူ့ကိုယ်သူ မြန်မာနိုင်ငံဖွားတစ်ဦးအဖြစ်သာ ဖော်ပြခဲ့ပြီး ကမ္ဘာကလည်း ကချင်လူမျိုးတစ်ဦးဆိုသည်ထက် မြန်မာနိုင်ငံဖွား တစ်ဦးအဖြစ်သာ လူသိများကြပါသည်။ ပြိုင်ပွဲစဉ်တစ်လျှောက် ကြေညာရာမှာလည်း မြန်မာဟူသော အသုံးအနှုန်းကိုသာ ကြားခဲ့ရပါသည်။ ဗမာတိုင်းရင်းသား ပရိသတ်အများစုတို့ကလည်း အောင်လအန်ဆန်းကို အားပေးကြရာမှာ မြန်မာ၊ မြန်မာဟူသော အော်ဟစ် အားပေးသံများအပြင် နိုင်ငံတော်သီချင်းကိုပါ အော်ဟစ်သီဆို အားပေးခဲ့ကြသဖြင့် နိုင်ငံပေါင်း ၁၁၂ နိုင်ငံက ကြည့်ရှုအားပေးနေကြသူများကလည်း အောင်လအန်ဆန်း ဟူသောအမည်နှင့် မြန်မာဟူသောအမည်တို့ကို တွဲလျက်မှတ်မိ သိရှိကြမည်ဖြစ်ပါသည်။

ဆိုရလျှင် အောင်လအန်ဆန်းသည် ယခုပြိုင်ပွဲတွင် ၎င်းအနေနှင့် ကချင်လူမျိုး၊ ကချင်တိုင်းရင်းသားဆိုသည်ထက် မြန်မာနိုင်ငံဖွား တစ်ဦးအနေနှင့် မြန်မာနိုင်ငံကို ကိုယ်စားပြု၍ ယှဉ်ပြိုင်သွားခြင်းသာ ဖြစ်ပါ သည်။ ပြိုင်ပွဲအပြီး ၎င်း၏ခန္ဓာကိုယ်ပေါ်သို့ လွှမ်းခြုံလိုက်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံသည် ဤအချက်ကို သက်သေပြုနေပါသည်။

သုဝဏ္ဏမိုးလုံ လေလုံ အားကစား ပြိုင်ပွဲရုံကြီးအတွင်း အားပေးနေသူ ပရိသတ်များ အနေနှင့်လည်းကောင်း၊ ရုပ်သံမှတစ်ဆင့် ကြည့်ရှုနေကြသူ မြန်မာပြည်ထောင်စုဖွား တိုင်းရင်းသားများ အနေနှင့်သော်လည်းကောင်း ကချင်ဟူသောအသိ၊ ဗမာဟူသောအသိများ ပျောက်ကွယ်သွားကြပြီး မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာနိုင်ငံဖွားဟူသော အသိကသာ အားလုံးကို လွှမ်းခြုံသွားပါတော့သည်။ ဤသည်မှာ ပြည်ထောင်စုစိတ်ဓာတ်ပင် ဖြစ်ပါသည်။ ဤပြည်ထောင်စုစိတ်ဓာတ်ကို သယ်ဆောင်လာသူမှာ အမေရိကန်နိုင်ငံရောက် မြန်မာပြည်ဖွား၊ ကချင်တိုင်းရင်းသားကလေး အောင်လအန်ဆန်းပင် ဖြစ်ပါသည်။

ပြည်ထောင်စုစိတ်ဓာတ်

ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းတွင် တိုင်းရင်းသား လူမျိုး အများအပြား မှီတင်းနေထိုင်လျက် ရှိကြပါသည်။ တိုင်းရင်းသားလူမျိုး တစ်မျိုးစီတွင် ၎င်းတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့ထုံတမ်း အစဉ်အလာများ ရှိကြပါသည်။ ကိုးကွယ်သော ဘာသာမှာ တူညီကြသည်များ ရှိသလို မတူကွဲပြား ခြားနားကြသည်များလည်း ရှိကြပါသည်။ ပြောဆိုသည့် ဘာသာစကားမှာမူ ကိုယ်ပိုင် သီးသန့် ဘာသာစကားရှိသည်က များပြီး လူမျိုးကြီးများတွင် ကိုယ်ပိုင်စာပေများ ရှိကြပါသည်။ ယခုအခါ တိုင်းရင်းသား လူမျိုးကြီးများဖြစ်ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းတို့က ဖက်ဒရယ်မူဟုဆိုသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်များ တောင်းဆိုနေကြပါသည်။ မဝေးတော့သော ကာလတွင်လည်း တိုင်းရင်းသားတို့လိုလားသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်ကြီး ဖြစ်ထွန်းပေါ်ပေါက်လာတော့မည်ဖြစ်ပါသည်။

မည်သို့ပင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိသည်ဖြစ်ပါစေ ပြည်ထောင်စု စိတ်ဓာတ်သည်ကား မရှိမဖြစ် လိုအပ်သည်သာ ဖြစ်ပါသည်။ ပြည်ထောင်စု စိတ်ဓာတ် မရှိဘဲနှင့် ပြည်ထောင်စုတစ်ခုကို တည်ဆောက်၍ မရနိုင်ပါ။ 

ပြည်ထောင်စုစိတ်ဓာတ် ဆိုသည်မှာ ဘာကိုခေါ်ပါသလဲဟု အမေး ရှိလာသော် အောင်လအန်ဆန်းနှင့် သူ၏ပရိသတ်များကိုပင် လက်ညှိုး ညွှန်ပြရပါလိမ့်မည်။ ထို့ထက်ပို၍ရှင်းအောင် ဆိုရပါလျှင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော မည်သည့် တိုင်းရင်းသား လူမျိုးပင်ဖြစ်ပါစေ ပြည်ထောင်စုတစ်ခုလုံး၏ အရေးနှင့်ပတ်သက်လာပါက၊ ပြည်ထောင်စုတစ်ခုလုံး၏ ဂုဏ်သိက္ခာနှင့် ပတ်သက်လာပါက အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် စုပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဆိုသည်ကို ယခုပွဲက သက်သေပြသွားပြီဖြစ်ပါသည်။ ပြည်ထောင်စုကြီးတစ်ခုလုံး ထာဝရ တည်တံ့ခိုင်မြဲဖို့ဆိုလျှင်လည်း မရှိမဖြစ် လိုအပ်သည်က ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်ပါသည်။

ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲသွားသော အောင်လအန်ဆန်းက ပြိုင်ပွဲအပြီးတွင် “I could not do this without you, Myanmar,”ဟူ၍လည်းကောင်း၊ ထို့အပြင် “I’m not intelligent, I’m not good, I’m not fast but with you I have courage, I have respect and I have what it needs to win a world title.”ဟူ၍လည်းကောင်း မိုက်ကရိုဖုန်းကိုကိုင်ကာ ပရိသတ်ကြီးအား လက်ညှိုးထိုး၍ ပြောကြားသွားသည်ကို ကြည့်ရှုသူများ အားလုံး မြင်တွေ့ကြားသိလိုက်ကြရမည် ဖြစ်ပါသည်။ ပြောရလျှင်ဖြင့် ဗမာတိုင်းရင်းသားတို့၏ အားပေးမှုမပါဘဲနှင့် ကချင်တိုင်းရင်းသားလေး အောင်လအန်ဆန်း၏ အောင်ပွဲသည် ဖြစ်မလာနိုင်သလို၊ ကချင်တိုင်းရင်းသားလေး အောင်လအန်ဆန်း၏ ဇွဲ၊ လုံ့လ၊ ဝီရိယ စသည့် ကြိုးစားအားထုတ်မှုတို့အပြင် လျင်မြန်ဖျတ်လတ်မှု၊ နည်းပညာနှင့် သက်လုံကောင်းမွန်မှု၊ ခံနိုင်ရည်ရှိမှုနှင့် ပြင်းထန်သော လက်သီးတို့သာ မပါဝင်ပါက ကမ္ဘာ့ချန်ပီယံမြန်မာဟူသော ဂုဏ်ပုဒ်သည်လည်း ဖြစ်ပေါ်လာမည် မဟုတ်ပါ။

ဘယ်သူခွဲခွဲ တို့မကွဲ

ယနေ့အချိန်အခါတွင် အချို့သောသူများက ဗမာတို့သည် လူမျိုး ကြီးဝါဒကို ကိုင်စွဲသည်။ တိုင်းရင်းသားလူမျိုးစုတို့အပေါ်တွင် အနိုင်ကျင့် သည်၊ ဗိုလ်ကျသည်ဟူ၍ မိမိတစ်ဦးတည်း၊ တစ်ဖွဲ့တည်း၏ အယူအဆကို လက်ကိုင်ပြု၍ ပြောဆိုနေသည်ကို ကြားသိနေရပါသည်။ အမှန်တကယ် ဗမာတိုင်းရင်းသားတို့မှာ ထိုသို့သော စိတ်ဓာတ်မရှိသည်ကို ယခုလက်ဝှေ့က ပြသခဲ့သလို ခေါင်းဆောင်ပိုင်းကလည်း ထိုကဲ့သို့ စိတ်ဓာတ်မျိုးမရှိသည် ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ထုတ်ဖော်ပြသလိုက်ပါသည်။ ဇူလိုင်လ ၂ ရက်နေ့ထုတ် သတင်းစာများတွင် “MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်လုပွဲတွင် တစ်ဖက်ယှဉ်ပြိုင်ဘက်အား မြန်မာတို့၏ ဇာတိသွေး၊ ဇာတိမာန် (ဇွဲ၊ သတ္တိ၊ အားမာန် အပြည့်အဝ)ကို ထုတ်ဖော်ပြသကာ ရဲရဲဝံ့ဝံ့ ယှဉ်ပြိုင်ထိုးသတ်၍ ထိုက်တန်စွာ အနိုင်ရရှိခဲ့သူ မြန်မာအမျိုးသား၊ ကချင်တိုင်းရင်းသား တစ်ဦးဖြစ်သူ အောင်လအန်ဆန်းအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ စစ်သည်မိသားစုများက လှိုက်လှဲစွာ ဂုဏ်ပြု၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ပြုစာလွှာနှင့်အတူ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်းတစ်ရာအား ပေးအပ်ခဲ့ကြောင်းနှင့် အောင်လအန်ဆန်းကလည်း ၎င်း၏လက်ဝှေ့ အိတ်ကို အမှတ်တရ လက်ဆောင်အဖြစ် ပြန်လည် ပေးအပ်ခဲ့ကြောင်း”ဖော်ပြထားသည်ကို ဖတ်ရှုလိုက်ရပါသည်။

အထက်ဖော်ပြပါသတင်းကို ဖတ်ရှုရခြင်းအားဖြင့် မြန်မာ့တပ်မတော်သည် နိုင်ငံတကာ အဖွဲ့အစည်းအချို့က စွပ်စွဲပြောဆိုနေသကဲ့သို့ မဟုတ်ဘဲ တိုင်းရင်းသားတို့အပေါ်တွင် ချစ်ခင်မြတ်နိုးမှု အပြည့်အဝရှိကြောင်းနှင့် အရှေ့မြောက်ဒေသအတွင်း ရံဖန်ရံခါ ဆင်နွှဲနေရသော စစ်ပွဲအချို့မှာလည်း ဒေသခံ တိုင်းရင်းသားတို့၏ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်သောအားဖြင့် ဆင်နွှဲနေရခြင်းဖြစ်ကြောင်း ပေါ်လွင်ထင်ရှားပါ သည်။ ထို့ကြောင့် ပြည်ထောင်စု တိုင်းရင်းသားတို့သည် ဘယ်သူတွေခွဲခွဲ၊ ကွဲကွာကြမည်မဟုတ်ဘဲ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြမည်သာ ဖြစ်ကြပါသည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အောင်လအန်ဆန်း၏ လက်အိတ်တို့သည် ကမ္ဘာတည်သရွေ့ တည်ရှိနေမည့် သမိုင်းဝင် ချစ်ကြည်ရေး မေတ္တာလက်ဆောင်များပင် ဖြစ်ကြပါသည်။

ဤဆောင်းပါးကို အောင်လအန်ဆန်း၏ ပြောစကားဖြင့် နိဂုံးချုပ် ပါမည်...

“မြန်မာပြည်မှာ စုစုစည်းစည်းနဲ့ အားလုံး ညီညွတ်ပြီးလုပ်ရင် ဘာမဆို ဖြစ်နိုင်တယ်လို့ ပြောချင်ပါတယ်”။

သိန်းထက်အောင်


  • VIA