News

POST TYPE

OPINION

အာမခံ ပေးခွင့် ရှိ/ မရှိနှင့် တရားသူကြီးများ၏ အခန်းကဏ္ဍ
15-Jun-2017

တရားစီရင်ရေးနှင့်ပတ်သက်၍ ယခုရက်ပိုင်းကြားရသည့်ကိစ္စ တစ်ခုမှာ တရားသူကြီးများ၏ စီရင်ခွင့်အာဏာအတွင်းမှ ပေးပိုင်ခွင့်ရှိသည့် (သို့မဟုတ်) ပေးပိုင်ခွင့်မရှိသည့် အာမခံပေးခြင်း အကြောင်းပင် ဖြစ်သည်။ အမှန်ဆိုရလျှင် ထိုကိစ္စမှာ အခြားသော ရာဇဝတ်မှုများ (လူသတ်မှု၊ ဓားပြမှု၊ နိုင်ငံတော် ပုန်ကန်မှု) ကျူးလွန်၍ တရားစီရင်ရန် ဖမ်းဆီးချုပ်နှောင်ထားကြသည့်သူများကို အာမခံပေးခြင်း၊ မပေးခြင်းကို ပြောလိုရင်း မဟုတ်ဘဲ ယခုနောက်ပိုင်း အဖြစ်များလာနေသည့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် ဖမ်းဆီးထားသူများအပေါ်တွင်သာ ပြောလာနေကြသည့်ကိစ္စလည်း ဖြစ်သည်။ ထို့ကြောင့်ပင် ထိုအာမခံပေးနိုင် / မပေးနိုင် ဟူသောအကြောင်းနှင့် ဆက်စပ်လျက် ဥပဒေရှုထောင့်မှနေ၍ ရှင်းလင်း ပြောကြားလိုသည့်စိတ်များ ဖြစ်လာရရင်း ဤဆောင်းပါးကို ရေးသားဖြစ်ရန် အကြောင်း ဖန်လာရခြင်းပင်ဖြစ်သည်။

အာမခံပေးနိုင် / မပေးနိုင် (Bailable(or)Not bailable) နှင့်စပ်လျဉ်း၍ ကျင့်ထုံးဥပဒေ(The Code Of Criminal Procedure) ၏ နောက်ဆက်တွဲဇယား(၂)တွင် အတိအလင်း ပြဋ္ဌာန်းထားပါသည်။ ထိုဇယားတွင် ဖြစ်ပွားသည့်ပြစ်မှု၊ ရဲက ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် ရှိ၊ မရှိ၊ အာမခံ ပေးနိုင်/ မပေးနိုင်၊ ကျေအေးခွင့်ရှိ / မရှိ၊ ချမှတ်ရမည့်ပြစ်ဒဏ်နှင့် စစ်ဆေးနိုင်သည့် တရားရုံးများဟူ၍ ဖော်ပြထားသည်။ ဥပမာအားဖြင့် တစ်ခုတင်ပြရလျှင် ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၃၈၊ လူ့အသက်ကို ဘေးဖြစ်စေတတ်သော ပြုလုပ်မှုတစ်ခုခုကို ပြုလုပ်ခြင်းဖြင့် အပြင်းအထန် နာကျင်စေမှုဆိုလျှင် ရဲက ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။ အာမခံပေးရမည်။ ကျေအေးခွင့် မရှိ၊ စက်ရှင်တရားသူကြီးက စစ်ဆေးရမည် စသည်ဖြင့် အမှုများအလိုက် အသေးစိတ် ပြဋ္ဌာန်းထားရှိပေးသည်ကို တွေ့ရမည်ဖြစ်သည်။ သို့တစ်ဖန် တရားသူကြီးများ လက်ကိုင်ပြုကျင့်သုံးကြရသည့် ကျင့်ထုံးဥပဒေ၏ ဇယား (၂) အဆုံးတွင်လည်း ရာဇသတ်ကြီးတွင် မပါဝင်သည့် ဌာနဆိုင်ရာများမှ ကျင့်သုံးနေကြသည့် အခြားဥပဒေများ (Other Laws) များအတွက်လည်း ထည့်သွင်းပြဋ္ဌာန်းပေးထားသည်။ ထိုဇယားတွင်မူ ၃ နှစ်နှင့် အထက်ဆိုလျှင် အာမခံ မပေးနိုင်ဟု တွေ့ရပြန်သည်။

ထိုမှတစ်ဖန် အာမခံပေးနိုင်/မပေးနိုင်နှင့်ပတ်သက်ပြီး တရားစီရင်ရေးတွင် အဓိကကျသည့် တရားသူကြီးများအတွက် ဆင်ခြင်တုံတရားဖြင့် ဆုံးဖြတ်လုပ်ကိုင်တတ်စေရန်အတွက်လည်း အဆိုပါ ကျင့်ထုံးဥပဒေ၊ အခန်း(၃၉)၊ ပုဒ်မ (၄၉၇) တွင် တိတိပပ ပြဋ္ဌာန်းပေးခဲ့လေသည်။ ၎င်းမှာ အာမခံ မပေးနိုင်သည့် အမှုတစ်ခုကို တရားရုံးက စုံစမ်းထောက်လှမ်း စစ်ဆေးမှုပြုနေဆဲ၊ ထိုပြစ်မှုအတွက် ဆက်လက် စုံစမ်းစစ်ဆေးရန် လုံလောက်သော အကြောင်းများရှိသည်ဟု ထင်မြင်လျှင် အာမခံပေးနိုင်သည်ဟုဆို ထားသည်ကို ဥပဒေပညာရှင်များ လေ့လာကြည့်လျှင် တွေ့မြင်ရမည်ဖြစ်သည်။
ထို့အပြင် တရားသူကြီးများ၊ တရားရေးဝန်ထမ်းများ လိုက်နာကျင့် သုံးပြီး စီရင်ဆုံးဖြတ်ကြရန် တရားရုံးချုပ်က ကိုင်တွယ် ကျင့်သုံးသည့် ဥပဒေများသည်လည်း အများအပြားပင် ရှိနေပါသေးသည်။ ယနေ့ နောက်ဆုံးပြုစုထားသည့် စာရင်းဇယားများအရဆိုလျှင် ဥပဒေပေါင်း ၅၂ ခုရှိသည်။ ထိုအထဲတွင် အင်္ဂလိပ်ဘာသာဖြင့်ပင် ပြဋ္ဌာန်းထားနေသေးသည့် ဥပဒေမှာ ၄၀ ကျော်ရှိနေသေးသည်။ အများစုမှာ အင်္ဂလိပ်မင်းလက်ထက်၊ အိန္ဒိယ၏ ပြည်နယ်တစ်ခုအဖြစ် ရှိနေစဉ်ကာလတွင် ပြဋ္ဌာန်းခဲ့သည့် (Volume 1. to .13) မှ ဥပဒေများသည် အချို့သောဥပဒေဆိုလျှင် အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ စတင် သိမ်းယူထားသည့် ၁၈၅၀ ခုနှစ် ကာလကတည်းကပင် ဖြစ်သည်။ ထိုဥပဒေများအနက်မှ တစ်ခုကိုပြောရလျှင် The Judicial Officers Protection Act ပင်ဖြစ်သည်။ ထိုဥပဒေပြဋ္ဌာန်းခဲ့သည်မှာ နှစ်ပေါင်း ၁၆၀ ကျော်ပင် တိုင်ခဲ့သော်လည်း ယခုထက်တိုင် တရားရေး ဝန်ထမ်းများ၊ ဥပဒေအရာရှိများ ကိုင်တွယ်ကျင့်သုံးနေကြရသေးသည်။ တရားရုံးချုပ်၏ ကိုင်တွယ်ကျင့်သုံးနေသည့် ဥပဒေများ စာရင်းတွင် နံပါတ်(၁)နေရာက ရှိနေဆဲဖြစ်သည်။

သို့ဖြစ်ပြီးသကာလ အထက်နိဒါန်းပိုင်းတွင်ဆိုခဲ့သည့် ပုဒ်မ ၆၆ (ဃ) နှင့်ပတ်သက်ပြီး ဥပဒေပါပြဋ္ဌာန်းချက်အပိုင်း (Issue of Law)အရ ကြည့်လျှင်တော့ဖြင့်မူ ပြစ်ဒဏ်ပိုင်းအနေနှင့် ၃ နှစ်နှင့်အထက်တွင် ပါဝင်နေခဲ့သည့်အတွက် အဆိုပါအမှုအား အာမခံပေး၍မရဟု အများက ဆိုနေကြခြင်း ဖြစ်တန်ရာသည်။ သို့သော် အဆိုပါဥပဒေ၏ အနှစ်သာရနှင့် ရည်ရွယ်ချက်အပိုင်း (Spirit of Law) အရ အဆိုပါပုဒ်မဖြင့် အရေးယူရမည့် ဆက်သွယ်ရေးလုပ်ငန်း ကုမ္ပဏီများ အချင်းချင်းနှင့် လှိုင်းနှုန်းများကိစ္စ မသမာပြုလုပ်မှုများတွင်သာ ထိုပုဒ်မခွဲဖြင့် တရားစွဲဆိုကြရပြီး ထိုပုဒ်မ၏ ခြေဆင်းပါအရ ပြစ်ဒဏ်ပိုင်းနှင့် အာမခံ မပေးခြင်းမှာ သဘာဝ ယုတ္တိတန်သည်။ သို့သော်လည်း ယခုဖြစ်နေကြသည့် နိုင်ငံရေးကိစ္စများအတွက် ထိုပုဒ်မ ၆၆(ဃ)ကို တလွဲယူသုံးပြီး ဆက်သွယ်ရေး ဥပဒေအတိုင်းပင် ဆုံးဖြတ် ဆောင်ရွက်ကြရမည် ဆိုသည့်ကိစ္စမှာလည်း ဥပဒေရှုထောင့်ကကြည့်လျှင် အတော် ရုပ်ဆိုးအကျည်းတန်လှသည်။

အမှန်ဆိုလျှင် အဖွဲ့အစည်းတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးကို အသရေ ပျက်အောင်၊ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ပြုလုပ်သည်ဆိုပါလျှင် ကျင့်ထုံး ဥပဒေပုဒ်မ (၅၀ဝ) အရသာ စွဲကြရမည်။ အမှန်စစ်ဆေးပေါ်ပေါက်မှသာ ပြစ်မှုမှာ အများဆုံး ထောင်ဒဏ် ၂ နှစ်အထိဖြစ်ပြီး ၎င်းကိုပင် အာမခံ ပေးနိုင်သည်ဟု အတိအလင်း ဖော်ပြထားသည်။ ဆိုလိုသည်မှာ သံသယ၏အကျိုးကို ခံစားခွင့်ရရှိစေရန် အာမခံပေးကြရခြင်းကို ဆိုလိုရင်းဖြစ်သည်။ ယခုမူ ပုဒ်မ ၆၆(ဃ) နှင့်ပတ်သက်ပြီး အချို့တရားသူကြီးများက အာမခံ နေ့ချင်းပေးသည်။ အချို့ တရားသူကြီးများက မပေး။ သို့ဖြင့် ပြည်သူများအကြား ကျင့်ထုံးဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်နေကြခြင်းမျိုး မဟုတ်သလောဟု တီးတိုးဝေဖန်သံများ ထွက်ပေါ်လာနေခဲ့သည်။ ပုဒ်မ(၆၆)(ဃ)ဖြင့် စွဲဆိုတင်ပို့ခံရသည့်သူများအပေါ်သာ ခွဲခြားပြီး မျက်နှာစိမ်းကျက်ဖြင့် အာမခံပေးခြင်း၊ မပေးခြင်းကို ပြုလုပ်နေသယောင် ဖြစ်နေသည်ဟု ဝေဖန်ကြသည်။

တရားစီရင်ရေးနှင့် ပတ်သက်၍ ဥပဒေ၏အထက်တွင် မည်သူမျှ မရှိစေရ၊ မည်သူမျှ ကိုယ့်တရား ကိုယ်ပြန်လည်စီရင်ပိုင်ခွင့် မရှိစေရ။ ဥပဒေကို မသိနားမလည်ဟု ဆိုကာမျှဖြင့် ဥပဒေက သင့်အားခွင့်လွတ်မည် မဟုတ်ဟူသည့် ဆောင်ပုဒ်များလည်း ရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)၊ နိုင်ငံတော်၏ အခြေခံမူများအခန်း ပုဒ်မ (၁၉) (က)ပါ ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေး၊ (ခ) ဥပဒေအရ ကန့်သတ်ချက်များမှအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး၊ (ဂ)အမှုများတွင် ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့် ရရှိရေးဟူသည့် ပြဋ္ဌာန်းချက်များကို တိတိပပ လိုက်နာပြီး စစ်ဆေးစီရင်ကြရမည်ဖြစ်သည်။ ထို့အပြင် “နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်”၊ “မည်သူ့ကိုမျှ တည်ဆဲ ဥပဒေနှင့်အညီမှတစ်ပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရ”ဟူသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း (၈) ပုဒ်မ (၃၄၇)နှင့် ပုဒ်မ (၃၅၃)တို့တွင် နိုင်ငံသားများအပေါ် ပေးအပ်ထားသည့် မူလအခွင့်အရေးများကိုလည်း လေးစားတန်ဖိုးထားကြရမည်ဖြစ်သည်။

ရာဇသတ်ကြီး (The Penal Code) အခန်း(၉) ပုဒ်မ (၁၆၁)မှ ပုဒ်မ(၁၇၁)အထိ ပြဋ္ဌာန်းထားသည့် ပြည်သူ့ဝန်ထမ်းတို့ ကျူးလွန်သော၊ သို့တည်းမဟုတ် ပြည်သူ့ဝန်ထမ်းတို့နှင့် သက်ဆိုင်သော ပြစ်မှုများပါ ပြဋ္ဌာန်းချက်များကို တိတိကျကျ လိုက်နာကြရန် တာဝန်ရှိသည်။ ထို့အပြင် တရားရေးဝန်ထမ်းများအနေနှင့် တရားစီရင်ရေး ကိစ္စများ ဆောင်ရွက်ရာတွင် အထူးလိုက်နာကြရမည့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ (The Code Of Criminal Procedure) ပါ ပြဋ္ဌာန်းချက်များအတိုင်း တစ်သဝေမတိမ်း လိုက်နာပြုကျင့်ကြရန် တာဝန်ရှိသည်။ တရားစီရင်ရေး မဏ္ဍိုင်ကြီး တည့်တည့် ထောင်ဖို့ဆိုလျှင် ထိုဥပဒေကြီးအတိုင်း တရားသူကြီးများက လိုက်နာကျင့်ကြံကြရမည်။ ထိုဥပဒေကြီးသည် ၁၈၉၈ ခုနှစ် ဇူလိုင်လ ၁ ရက်၊ အင်္ဂလိပ်လက်ထက်ကတည်းကပင် ပြဋ္ဌာန်းခဲ့သော်ငြား တရားစီရင်ရေး ကဏ္ဍအတွက် အထူး အသုံးဝင်လှသည်။ ရှေးယခင်ခေတ်ကတည်းက တရား စီရင်ဆုံးဖြတ်ခဲ့သည့် စီရင်ထုံး၊ ဖြတ်ထုံးများ အများအပြား ပါဝင်ထားသည်။ မှီငြမ်းကိုးကားရန် ပြည့်စုံသည်။ ပြစ်မှုဆိုင်ရာ အမှုတွဲများနှင့်ပတ်သက်၍ စုံစမ်းထောက်လှမ်းခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် စစ်ဆေးစီရင် ဆုံးဖြတ်ခြင်းတို့အတွက် အထူး လိုက်နာကျင့်သုံးကြရသည့် ကောင်းမွန်ပြည့်စုံသည့် ဥပဒေကြီးဖြစ်သည်။ ထိုဥပဒေကြီးမှာ ယနေ့ထက်တိုင် အင်္ဂလိပ်ဘာသာဖြင့်ပင် ရှိနေသေးပြီး အချို့ တရားသူကြီးများဆိုလျှင် အင်္ဂလိပ်လိုပြဋ္ဌာန်းချက်ကပင်လျှင် ပိုမိုတိကျပြည့်စုံကောင်းမွန်လှသဖြင့် လက်စွဲပြုကိုးကားကြရလျက် ရှိသေးသည်။ သို့သော် ထိုဥပဒေကြီး ပြဋ္ဌာန်းခဲ့ပြီး နှစ်ပေါင်း ၁၀ဝ နီးပါးရှိချိန် ၁၉၈၉ ခုနှစ်တွင်မှ တရားရုံးချုပ်က မြန်မာဘာသာ ပြန်ဆိုထားသည်ကိုလည်း တွေ့ရသည်။ ထိုဥပဒေကြီးမှာ တရားသူကြီးများ တရားစီရင်ရေးအတွက် ဆောင်ရွက်ရန်ကိုပင် ရည်ရွယ်ပြီး ပြဋ္ဌာန်းခဲ့ခြင်းလည်း ဖြစ်သည်။

ဥပဒေ၏ အထက်တွင်နေ၍ တရားစီရင်ရေး ကဏ္ဍကို ဝင်ရောက် အမိန့်ပေးသူများ၊ အကျင့်ပျက် လာဘ်စားပြီး တရားစီရင်ခြင်း ဆောင်ရွက်ကြသည့် တရားသူကြီးများ၊ မူလကပင် မမှန်မကန် အမှုတွဲ ပြင်ဆင်ထည့်သွင်း တရားစွဲဆိုတင်ပို့ကြသည့် ရဲတပ်ဖွဲ့ဝင်နှင့် ဆေးစစ်ချက် မမှန်မကန်ပေးသည့် မှုခင်းဆရာဝန်များအကြားတွင် ပြည်သူများအတွက် ဝန်ဆောင်မှုပေးရာတွင် ပြည်သူ့ဝန်ထမ်းတို့ လိုက်နာကျင့်ကြံရမည့် တာဝန်ဝတ္တရားများအတိုင်း လိုက်နာပြုကျင့်ကြရမည်။ အမှန်တွင်မူ တရားရေး ဝန်ထမ်းများဖြစ်သည့် တရားသူကြီးများ၊ အမှုစွဲတင်သည့် ရဲဝန်ထမ်းများနှင့် မှုခင်းဆရာဝန်များ ဆိုသည်မှာ နိုင်ငံ့ဝန်ထမ်းများပင်ဖြစ်ပြီး ၎င်းတို့အနေနှင့် ပြည်သူများကိုသာ မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ဝန်ဆောင်မှုပေးရ မည့်တာဝန်ရှိသည်။ တရားစီရင်ရေး ဆောင်ရွက်ရာတွင်လည်းကောင်း၊ ဆေးစစ်ချက်များ ထုတ်ပေးရာတွင်လည်းကောင်း၊ အမှုတွဲပြင်ဆင်တရား စွဲပို့ကြရာတွင်လည်းကောင်း မသမာမှု၊ အကျင့်ပျက် လာဘ်စားမှု၊ အဂတိ တရားလိုက်စားမှု အလျှဉ်းမရှိကြရပေ။

မိမိတာဝန်ကို မိမိတို့ ဆောင်ရွက်ကြရာ၌ ဥပဒေပါပြဋ္ဌာန်းချက်အတိုင်းသာ အမှန်အတိုင်း ဆောင်ရွက်ကြရန်သာ ဖြစ်သည်။ အစိမ်းအကျက် မျက်နှာသာပေးခြင်း၊ သူ ငါ ခွဲခြားခြင်း၊ ဥပဒေ၏ အထက်မှာနေ၍ အမိန့်လာပေးခြင်းများကို အထူး ရှောင်ကြဉ်ကြရမည်ဖြစ်သည်။ ဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း နိုင်ငံ့မျက်နှာနှင့် ပြည်သူ့မျက်နှာကိုသာ ကြည့်ကြရမည်ဖြစ်သည်။ မိမိတို့ကို အလုပ်အကိုင် ရရှိအောင် ဖန်တီးပေးထားသည့် ဝန်းကျင်၊ လစာပေးထားသည့် ပြည်သူ့ဘဏ္ဍာများကို ညှာတာထောက်ထားပြီး အကြောက်တရားကင်းကင်းဖြင့် ဆောင်ရွက်တတ်ရမည်။ နိုင်ငံ့ချစ်စိတ် ရှိရမည်။ မျိုးချစ်စိတ် ရှိရမည်။ မတရားမှုကို ရွံရှာစက်ဆုပ်ရမည်။ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့ဖူးသည့် စကားအတိုင်း လိုက်နာကြရမည် ဖြစ်သည်။

ထို့အတွက် နိဂုံးချုပ်ဆိုရလျှင် တရားစီရင်ရေး ဝန်ထမ်းများဖြစ်သည့် တရားသူကြီးများ၊ ပြည်သူများအတွက် အကာအကွယ်ပေးမည့် အစိုးရရှေ့နေများ ဖြစ်သည့် ဥပဒေအရာရှိများ၊ ပြည်သူများမှပေးသည့် ပြည်သူ့ဘဏ္ဍာ လစာကိုစားပြီး ပြည်သူ့မျက်နှာကိုသာ ကြည့်ကြရမည့် ရဲတပ်ဖွဲ့ဝင်များ အနေနှင့် အဂတိတရား ကင်းစင်ပြီး အကျင့်ပျက်လာဘ် စားမှုများကို ရှောင်ကြဉ်ရင်း တရားရေးမဏ္ဍိုင်၏ အခန်းကဏ္ဍကို မြှင့်တင်ရန် ကြိုးစားကြရမည်ဖြစ်သည်။ အာမခံပေးသည့်ကိစ္စများကို ကျင့်ထုံး ဥပဒေပါအတိုင်း အာမခံပေးကြရမည်ဖြစ်သည်။ တရားစီရင်ရေးမဏ္ဍိုင် မယိမ်းယိုင် မချည့်နဲ့အောင် ဝိုင်းဝန်းထူမတ်ကြရမည်ဖြစ်သည်။ အဓိက တာဝန်ရှိသူများ အနေနှင့်လည်း ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ထိန်းသိမ်းရမည်ဖြစ်သည်။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုသည့် စိတ်ဓာတ်မျိုးဖြင့် အသက် မဆက်စကောင်း။ ထိုအခါ ပြည်သူ့မေတ္တာတော် စူးရောက်တတ်ကြပြီး လူသာရှင်နေသော်လည်း နာမည် သေနေတတ်လေသည်။

ယခုရက်ပိုင်းတွင်လည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ၄ ဦးကို အစိုးရသစ်က ထပ်မံ ရွေးချယ်ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားဆဲဖြစ်ရာ မကြာမီ နိုင်ငံတော်သမ္မတက ခန့်အပ်တော့မည်လည်း ဖြစ်သည်။ ထို့အတွက် တရားစီရင်ရေးမဏ္ဍိုင် မယိမ်းယိုင်ကြဖို့ဆိုလျှင် တရားရေးမဏ္ဍိုင်ကြီး တစ်ခုလုံးရှိ နိုင်ငံ့ဝန်ထမ်းများ အားလုံးတွင် တာဝန်ရှိပါကြောင်းနှင့် ယနေ့ခေတ် ကာလအချိန်နှင့် လိုက်လျောညီထွေပြုစွာ စိတ်ဓာတ်ခံယူချက်များ ပြောင်းလဲကြပြီး တည့်မတ်ရန် ဝိုင်းဝန်းထိန်းသိမ်း ပြုပြင်ကြပါစေလိုကြောင်း စိတ်ကောင်းစေတနာဖြင့် ရေးသားတင်ပြလိုက်ရပါသည်။

အောင်ဇေယျ

  • VIA