News

POST TYPE

OPINION

ကျူး
14-Jun-2017

လောလောလတ်လတ် လှည်းကူးမြို့နယ်မှာရှိပြီးတော့ ထောင်ချီအောင် များပြားတဲ့ကျူးတွေကို အစိုးရက အင်အားသုံး ဖျက်ဆီးဖယ်ရှားတာနဲ့ ပတ်သက်လို့ ဂယက်ရိုက်နေတယ်ပေါ့။ ကျူးပြဿနာ အဖြေရှာကြတဲ့နေရာမှာ ဘယ်ဟာအမှန် ဘယ်ဟာအမှား ဆိုတဲ့ကိစ္စကလည်း တခြားကိစ္စတွေလိုပဲ ငြင်းကြခုံကြရင်း လုံးထွေးနေတယ်လို့ ပြောရမလားပဲ။

လက်ရှိသတင်းတွေအရတော့ တော်တော်များများက အကွက် ဝယ်ပြီး အိမ်ဆောက်ထားကြတဲ့သဘော ရှိပါတယ်။ တချို့ တစ်လလောက်ပဲ ရှိသေးပြီးတော့ တချို့ဆိုရင် ပခုက္ကူကနေတောင် လာနေတာရှိတယ်လို့ သိရပါတယ်။ သေချာတာကတော့ အားလုံး သိထားကြတဲ့အတိုင်းပဲ နေစရာမရှိလို့ ရိုးရိုးသားသား ကျူးကြတာတွေ ရှိသလို ကျကျနန အုပ်စုဖွဲ့ပြီးတော့ မြေလွတ်တွေကို အကွက်ရိုက် ခပ်တည်တည်နဲ့ မသိနားမလည်သူတွေကို ရောင်းစားတဲ့ (ကျူးလူမိုက်လို့ အများက သိထားကြတဲ့) လူမိုက်ဂိုဏ်းတွေလည်း ရှိနေတယ်ဆိုတာပါပဲ။

ဒီတော့ ပြဿနာကို အမှန်တကယ် ပြေလည်အောင် ဖြေရှင်းမယ် ဆိုရင် ၁။ အမှန်တကယ် နေစရာမရှိလို့ ကျူးကြရသူတွေကိစ္စကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ၊ ၂။ ကျူးလူမိုက်များက လိမ်ရောင်းသွားတာ ခံလိုက်ရလို့ ဒုက္ခရောက်သွားကြသူတွေကိစ္စ ဘယ်လိုဖြေရှင်းမလဲ။ ၃။ ကျူး လူမိုက်တွေ ပပျောက်ရေးကို ဘယ်လို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်မလဲ စသဖြင့် အရင်းခံအကြောင်းတရားတွေကို ထိရောက်အောင် ဖြေရှင်းဖို့ မလုပ်နိုင်ရင် ရန်ကုန်မှာ ကျူးသံသရာလည်နေဦး မှာပါပဲ။
 
အမှန်တကယ် နေစရာမရှိလို့ ကျူးကြသူတွေ အတွက်တော့ လက်ရှိအစိုးရက စာရင်းကောက်တာတွေ နေစရာပေးဖို့ စီမံတာတွေ ရှိနေပါတယ်။  အမှန်တကယ် နေစရာမရှိတဲ့ ကျူးတွေကို နေစရာပေးတာမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။ အိန္ဒိယမှာ ကျူးပြဿနာ ရှင်းပုံလေးက တော်တော် စိတ်ဝင်စားစရာ ကောင်းပြီးတော့ တော်တော်လည်း အတုယူစရာ ဖြစ်ပါတယ်။

လူဦးရေ များပြီးတော့ ဆင်းရဲချမ်းသာ ကွာဟချက်ကြီးမားတဲ့ နိုင်ငံဖြစ်လေတော့ ကျူးပြဿနာကလည်း တော်တော် ကြီးမားတာပါ။ အစိုးရက ကျူးတွေများတဲ့နေရာမှာ သင့်တော်သလောက် အခန်းလေးတွေ များများပါဝင်တဲ့ အထပ်မြင့်တွေ ဆောက်ပြီး ကျူးတွေကို ချက်ချင်း တိုက်ခန်းတွေပေါ် တင်ပေးပါတယ်။ ဈေး၊ ကျောင်း၊ ရေ၊ မီး၊ လိုင်းကားနဲ့ ပန်းခြံ၊ ကစားကွင်း စတာတွေကိုပါ သေသေချာချာ လုပ်ပေးပါတယ်။

တစ်ပြိုင်နက်တည်းမှာ အဲဒီတိုက်ခန်းတွေနဲ့ အနီးအနားမှာပဲ စီးပွားရေးဇုန်တွေ (စက်ရုံ၊ အလုပ်ရုံတွေ) တည်ပေးလိုက်ပြီးတော့ အဲဒီလူတွေကိုပဲ အလုပ် ပြန်ပေးပါတယ်။ ပြီးတော့မှ သူတို့ရတဲ့ လစာထဲကနေ မများတဲ့ နှုန်းထားနဲ့ လစဉ် တိုက်ခန်းဖိုးကို နှစ်ရှည် ပြန်ဖြတ်ယူပါတယ်။ အစိုးရလည်း အလုပ်ဖြစ်၊ လူတွေလည်း နေစရာရ၊ အလုပ်အကိုင်လည်းရ၊ ကျူးတဲမှာ နေရတဲ့ကလေးတွေလည်း ကျောင်းကောင်းကောင်းနေရလို့ ဘဝအဆင့် အတန်းမြင့်၊ စီးပွားရေးလည်း ဖွံ့ဖြိုး။ အကောင်းဆုံး စီမံခန့်ခွဲမှု ဖြစ်ပါတယ်။

ဒီလိုဖြစ်ဖို့ဆိုရင် စီးပွားရေး အခြေအနေကလည်း ကောင်းဖို့လိုပါတယ်။ စီးပွားရေး ကောင်းလာတာနဲ့အမျှ တစ်ဖက်မှာလည်း ဆင်းရဲမွဲတေမှု ပြဿနာက သေချာပေါက် လျော့ကျလာဦးမှာ ဖြစ်ပါတယ်။

လူဆိုတာက စားဝတ်နေရေး လုံခြုံမှုရှိလာမှပဲ ကိုယ့်ကိုယ်ကိုယ်ရော၊ ကိုယ့်သားသမီးကိုရော၊ ကိုယ့်ပတ်ဝန်းကျင်ကိုပါ တန်ဖိုးထားလာ တတ်တဲ့သဘာဝ ရှိတာ မဟုတ်လား။ ဆင်းရဲလေ စာရိတ္တပျက်ဖို့ လွယ်လေ၊ လူတစ်ယောက်ချင်းရော၊ လူ့အသိုင်းအဝိုင်း တစ်ခုလုံးရော တန်ဖိုးကျလေ ဖြစ်တတ်တာလည်း သဘာဝကျတယ် မဟုတ်လား။

နေစရာမရှိတဲ့သူတွေကို နေစရာ ဖန်တီးပေးဖို့က အစိုးရများရဲ့ တာဝန်ဖြစ်ပါတယ်။ အစိုးရများက စီမံခန့်ခွဲမှု စွမ်းရည်မြင့်မားလေ ကျူး ပြဿနာကို ဖြေရှင်းရင်း တိုင်းပြည် အမြတ်ထွက်လေလည်း ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း မြေလွတ်တွေရှာ အကွက်ရိုက် မသိနားမလည်တဲ့သူတွေကို လိမ်ညာရောင်းစားသူတွေကို ထိထိရောက်ရောက် နှိမ်နင်းပစ်ဖို့ လိုပါတယ်။ ဒီလိုမှ မလုပ်နိုင်ရင် တစ်နေရာရှင်း နှစ်နေရာ ပေါ်လာဦးမှာဖြစ်သလို မရှိဆင်းရဲသားတွေလည်း အလိမ်အညာခံရလို့ နူရာဝဲစွဲ နေကြဦးမှာပါ။

ကျူးပြဿနာနဲ့ တိုင်းပြည်စီးပွားရေး အခြေအနေက အပြန်အလှန် ဆက်စပ်နေတာပါ။ စီးပွားရေးက မကောင်းလေ ဆင်းရဲလေ ကျူးပြဿနာ ကြီးထွားလေ ဖြစ်ပါလိမ့်မယ်။

တစ်ဖက်မှာ တရားဥပဒေ စိုးမိုးမှု အားနည်းတယ်ဆိုရင် လူတွေက ပိုပြီးတော့ ဇက်ရဲလက်ရဲနိုင်လာနိုင်တာကြောင့် ကြာလေ ဖြေရှင်းရခက်လေ ဖြစ်နေပါလိမ့်မယ်။ တရားဥပဒေ စိုးမိုးရေးကိုလည်း အာရုံထားဖို့လိုပါတယ်။ ကျူးပြဿနာ ကြီးထွားလာလေ၊ ကျူးတဲတွေ တိုးပွားလာလေ၊ လူတွေရဲ့စိတ်ဓာတ်တွေ နိမ့်ကျလာလေ၊ ရာဇဝတ်မှုတွေလည်း တိုးပွားလာလေ၊ လူမှုအဆင့်အတန်းလည်း နိမ့်ကျလာလေ ဖြစ်နေပါလိမ့်မယ်။

တစ်ဖက်မှာ ကျူးပြဿနာကို ကိုင်တွယ်ရင်းနဲ့ တိုင်းပြည်စီးပွားရေး အခြေအနေ အမှန်တကယ် ကောင်းဖို့ကို အပြင်းအထန် အားထုတ်သင့်ပါတယ်။ စီးပွားရေး နာလန်ထူမှသာ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးပွားလာမှာဖြစ်သလို ကျူးသံသရာကနေ လွတ်မြောက်နိုင်မှာလည်း ဖြစ်ပါတယ်။ နေစရာပေးပြီးတော့ အလုပ်အကိုင်နဲ့ ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးဖို့ဆိုတာက စီးပွားရေးကို နင်လားငါလား လုပ်နိုင်လောက်တဲ့ ရေခံမြေခံလည်း မဖြစ်မနေ လိုအပ်ပါတယ်။ စက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်ဖို့ဆိုတာက စီးပွားရေး အခြေခံကောင်းတွေကို ဖန်တီးတည်ဆောက်ပေးနိုင်ခြင်း မရှိဘဲနဲ့တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးပွားကောင်းမွန်မလာဘဲနဲ့လည်း ကျူးပြဿနာကို အမြစ်ပြတ် ဖြေရှင်းဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။

ပြဿနာရှိရင် ဖြေရှင်းဖို့ နည်းလမ်းကလည်း ရှိနေတာပါပဲ။ ပြဿနာရဲ့ ဇာစ်မြစ် အကြောင်းရင်းခံကို တိတိကျကျ သိအောင်ဖော်ထုတ်ဖို့နဲ့ အကြောင်းရင်းတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ရင် သေချာပေါက် ပြေလည်ပါတယ်။ အလွယ်တကူတော့ မဖြစ်နိုင်ပါဘူး။ တစ်ဖက်မှာလည်း ရိုးရိုးသားသားနဲ့ ဆင်းရဲနေကြတဲ့သူတွေ၊ ဒုက္ခရောက်နေကြတဲ့သူတွေ ပိုဒုက္ခ ရောက်ကြရပြီးတော့ ဥပဒေရဲ့ အားနည်းချက်၊ အုပ်ချုပ်ရေးရဲ့ပျော့ကွက်ကို ကိုင်ပြီး မတော်မတရား ပြုနေကြတဲ့သူတွေက လွတ်မြောက်နေကြတာမျိုး မဖြစ်ဖို့ အထူး သတိဝီရိယနဲ့ မကိုင်တွယ်နိုင်ဘူးဆိုရင် ကျူးပြဿနာ ပြေလည်ဖို့ မရှိသလို တရားဥပဒေ စိုးမိုးရေးအတွက်လည်း ပိုများပြားပြီးတော့ ပိုဆိုးရွားတဲ့ စိန်ခေါ်မှုတွေ တွေ့ကြုံရနိုင်ပါသေးတယ်။

တရားဥပဒေရဲ့အောက်မှာ အမှန်တရားဟာ ရှင်သန်ဖွံ့ဖြိုးလာဖို့ လိုအပ်ပါတယ်။ စီမံခန့်ခွဲမှု စွမ်းရည်မြင့်တဲ့ အုပ်ချုပ်ရေးဖြစ်ဖို့ လိုအပ်ပါတယ်။ အစိုးရများရဲ့ တာဝန်ပါ။

မင်းနွယ်

  • VIA