News

POST TYPE

OPINION

၆၆(ဃ) ပြင်ဖို့ ဘာအတွက် နှောင့်နှေးနေရတာလဲ
14-Jun-2017
ဒီရက်ပိုင်းအတွင်း စိတ်သောက ဖြစ်စရာတွေ ဆက်တိုက် ကြုံခဲ့ရသည်။ ဇွန်လ ၇ ရက်နေ့မှာ တပ်မတော် ပို့ဆောင်ရေး လေယာဉ်တစ်စင်း မြိတ်မြို့မှပျံအတက် ထားဝယ်အနီး ပင်လယ်ပြင်ထဲ ပျက်ကျသွားခဲ့သည်။ လေယာဉ်အမှုထမ်းနှင့် ခရီးသည် စုစုပေါင်း တစ်ရာကျော် အသက် ဆုံးရှုံးသွားသည်။ ဒီရက်များအတွင်း ရာသီဥတုကလည်း အုံ့အုံ့မှိုင်းမှိုင်းနှင့် မိုးကတစ်နေကုန် တစိမ့်စိမ့်စွေကာရွာသည်။ ဇွန်လ ၈ ရက် နံနက်ခင်းမှာ The Voice အယ်ဒီတာချုပ် ကိုကျော်မင်းဆွေနှင့် ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်တို့ကို ဗဟန်းတရားရုံး၌ ပထမအကြိမ် ရုံးထုတ်ခဲ့ပြီး တရားသူကြီးက အာမခံကို ငြင်းပယ်ခဲ့သည်။ ပုသိမ်မြို့တွင် ဖြစ်ပွားခဲ့သော ပုဒ်မ ၆၆(ဃ) အမှုတစ်ခုမှာ တရားသူကြီးက အာမခံပေးသဖြင့် အာမခံ ရရှိခဲ့ရာ ကိုကျော်မင်းဆွေတို့လည်း အာမခံရနိုင်သည်ဟု မျှော်လင့်ခဲ့သေးသည်။ သို့သော် ထင်ထားသလို မဖြစ်ခဲ့ပါ။ ရုံးထုတ်လာစဉ် မိုးထဲရေထဲမှာ သတင်းထောက်တွေ အလုအယက်တိုးပြီး သတင်းဓာတ်ပုံရဖို့ ကြိုးစားခဲ့ကြသည်။ သူတို့နှစ်ဦးစလုံး မျက်နှာပေါ်မှာ အပြုံးတွေကို မြင်ရသော်လည်း ထိုအပြုံးအောက်က အံကြိတ်ထားရသော မာန်မာနတွေကို မြင်နေရသည်။ လုပ်ဖော်ကိုင်ဖက် မီဒီယာသမားတွေမို့ စိတ်မကောင်း ဖြစ်ရသည်။ တစ်ပတ်နီးပါး ရဲစခန်းထဲမှာ ထိန်းသိမ်းခံထားရသည့်အဖြစ်ကို ကိုယ်ချင်းစာမိ၏။ ယခုတော့ သူတို့နှစ်ဦးစလုံး အပြစ်ရှိကြောင်း စီရင်ဆုံးဖြတ်ခြင်း မခံရမီ အကျဉ်းထောင်သို့ ပို့ဆောင်ခံထားရပြီ။

ဇွန်လ ၈ ရက် နံနက်ပိုင်း သတင်းတွေမှာ စိတ်မကောင်းစရာတွေပဲ ပြည့်နှက်နေခဲ့သည်။ ဇွန်လ ၇ ရက်နေ့က ပျက်ကျသွားသည့် တပ်မတော် လေယာဉ်မှ ရုပ်အလောင်းအချို့ စတင်တွေ့ရှိကြောင်း သတင်းတွေ တက်လာသည်။ လူပေါင်း ၁၀ဝ ကျော် သေဆုံးသည့် လေယာဉ်ပျက်ကျမှုမျိုးက ဒီဘက်နှစ်တွေထဲမှာတော့ အဆိုးရွားဆုံး ဖြစ်သည်။ သေဆုံးသွားသော တပ်မတော်သား မိသားစုတွေအတွက် ကြေကွဲဝမ်းနည်းရသည်။ ငိုကြွေးပူဆွေးနေသော ကျန်ရစ်သူ မိသားစုဝင်များကို ကြည့်၍ မချိတင်ကဲဖြစ်ရသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွေ ပြန်စနေပြီဖြစ်၍ နာမည်ဆိုးနှင့် ကျော်ကြားနေသည့် ပုဒ်မ ၆၆(ဃ) ပြင်ဆင်ရေး အရေးကြီးအဆိုများ ဆွေးနွေးကြမည်လား မျှော်လင့်မိသည်။ လွှတ်တော်က ဒီမိုကရေစီ အရပ်သားကိုယ်စားလှယ် အများစုကြီးစိုးသော လွှတ်တော်ဖြစ်သဖြင့် အားကိုးနေမိသည်။ ပြီးခဲ့သည့် လွှတ်တော် အစည်းအဝေးမှာတုန်းကတော့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က ၆၆(ဃ) ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး အဆိုတင်ရန် ကြိုးစားခဲ့သော်လည်း စိစစ်ရေးအဖွဲ့က ပယ်ချခဲ့သည်။ ဆွေးနွေးခွင့်မရခဲ့။ ယခု ဒုတိယအကြိမ် ထပ်မံ ဆွေးနွေးရန် ကြိုးစားခဲ့သော်လည်း ဆွေးနွေးခွင့်မရဘဲ ထပ်မံပယ်ချခဲ့ပြန်သည်ဟု ကြားသိရသည်။ ဘယ်လိုသဘောလဲ။ နားမလည်နိုင်။ လွှတ်တော်အသံ ပြည်သူ့အသံ၊ လွှတ်တော်ဆန္ဒ ပြည်သူ့ဆန္ဒဟုဆိုလျှင် ဒီလောက် ပြည်သူတွေအကြား ပွက်လောရိုက်နေရုံမက အစိုးရသစ်အတွက်ပါ မျက်နှာပျက်စရာ အရုပ်ဆိုး အကျည်းတန်လှသည့် တရားမျှတမှု မရှိသည့် ဥပဒေပုဒ်မတစ်ခု ပြင်ဆင်ရေးကို ဘာကြောင့် မသိကျိုးကျွန်ပြုနေကြသလဲ နားမလည်နိုင်။

အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က စာရေးဆရာ ဝင်းထွဋ်ဇော်ဖြစ်သည်။ ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက စာရေးသူ ထုတ်ဝေတည်းဖြတ်ခဲ့သည့် ရနံ့သစ်မဂ္ဂဇင်း၊ စာဖတ်သူဂျာနယ် အပါအဝင် နွယ်နီမဂ္ဂဇင်း၊ ဓနမဂ္ဂဇင်း၊ ကုမုဒြာဂျာနယ်၊ နောက်ပိုင်းတွင် ပြည်သူ့ခေတ် ပြည်သူ့အရေးနှင့် NLD ပါတီက ထုတ်ဝေသည့် ဒီလှိုင်းဂျာနယ်တွေမှာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ နိုင်ငံတကာအရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်းပါးများ သာမက ရသစာပေ ဝတ္ထုတိုရှည်များစွာကို ရေးသားခဲ့ ရေးသားဆဲ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ သူက ယခု မီဒီယာသမားတွေ၊ စာပေသမားတွေ ရင်ဆိုင်နေရသည့် မီဒီယာလွတ်လပ်ခွင့် ထိပါးခြိမ်းခြောက်လာမှုကို တာဝန်သိသိ အဆိုတင်ဖို့ ကြိုးစားခဲ့ခြင်းဖြစ်သည်။ သို့သော် လွှတ်တော်ထဲရောက် မီဒီယာသမားတစ်ဦးက မီဒီယာသမားတို့၏ ခံစားမှုကို ထုတ်ဖော်ပြောဆိုခွင့် မရခဲ့ပါ။

ဒီရက်များအတွင်း ပုဒ်မ ၆၆(ဃ) ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး NLD ပါတီ တာဝန်ရှိ ထိပ်တန်းခေါင်းဆောင် တစ်ဦးဆီက အသံတွေလည်း ကြားရသည်။ “ပြင်မှာပါ။ ပြင်ဖို့လုပ်ထားပြီးပြီ။ ဦးရွှေမန်း ခေါင်းဆောင်ပြီး ဒီပုဒ်မ ဘယ်လိုပြင်မလဲ ဆွေးနွေးပြီးပြီ။ ဒါကြောင့် ဒီအဆို မတင်နဲ့။ လွှတ်တော်က တစ်ခါတည်း ဆုံးဖြတ်မယ်”ဆိုပြီး ကြားလိုက်ရသည်။ ဒီစကားက အားတက်စရာတော့ ကောင်းသည်။ သို့သော် ဘယ်နေ့ ဘယ်အချိန် ဘယ်အခါမှာလဲ ခုချိန်ထိ ရေရေရာရာ မသိရသေး။ ဝမ်းနည်း စရာကောင်းသည်က ပါတီတာဝန်ရှိပုဂ္ဂိုလ်က မီဒီယာသမားတွေအပေါ် အမြင်တိမ်းစောင်းနေမှု ဖြစ်သည်။ “ကျီးကန်းလို ဝိုင်းအာကြတယ်”ဟု မှတ်ချက်စကား ဆိုသည်။ တကယ်တော့ ဒီပါတီကြီး ယခုလို လူထုကြီး တစ်ရပ်လုံး ထောက်ခံအားပေးလာအောင်၊ ရွေးကောက်ပွဲ အနိုင်ရပြီး အစိုးရဖွဲ့နိုင်အောင် မီဒီယာတွေက ဘယ်လောက် ဝန်းရံအားပေးခဲ့သလဲ ဆိုတာ စဉ်းစားကြည့်ဖို့ ကောင်းသည်။

ယခုအခြေအနေမှာ မေးစရာရှိသည်က လွှတ်တော်၏ အခန်းကဏ္ဍ ဖြစ်သည်။ လွှတ်တော်သည် ပြည်သူလူထု လက်ငင်းခံစားနေရသော ကိစ္စအဝဝကို အဆောတလျင် ဖြေရှင်းပေးရန် တာဝန်ရှိသည်။ တရားမျှတမှု မရှိသော ဥပဒေ ပုဒ်မတွေ ရှိနေလင့်ကစား ထိုဥပဒေ ပုဒ်မပြင်ဆင်ရေးအတွက် ဘာကြောင့် နှောင့်နှေးရသလဲ။ ပြင်ဆင်ဖို့ အစီအစဉ် ရှိသည်ဆိုလျှင်တော့ ချက်ချင်းပြင်ဆင်ဖို့၊ အကောင်အထည်ဖော်ဖို့ လွှတ်တော်မှာ တာဝန်ရှိသည်။ ထိုသို့ လုပ်ဆောင်မှုရှိမှသာ လူထုယုံကြည်သော၊ အားထားကိုးစားသော လွှတ်တော်ဖြစ်လိမ့်မည်။ အရေးကြီး လုပ်ဆောင်ရန်ရှိသည့်ကိစ္စများကို လျစ်လျူရှု မသိကျိုးကျွန်ပြုထားလျှင် ကြာလျှင် လွှတ်တော်အပေါ် လူထု အယုံအကြည် ကင်းမဲ့သွားနိုင်သည်။ ယခုနေ တိုင်းတစ်ပါးနိုင်ငံတစ်ခုက ကျူးကျော်လာပြီး စစ်ကြေညာဖို့ လိုအပ်သော အခြေအနေမျိုးမှာ လွှတ်တော်က ချက်ချင်း တုံ့ပြန် အရေးယူနိုင်ပါ့မလား၊ တုံ့နှေး တုံ့နှေး လုပ်နေမည်လား စိုးရိမ်မကင်း ဖြစ်မိသည်။ တပ်မတော် လေယာဉ် Y8 ပျက်ကျမှုအတွက် နောက်တစ်ရက်အကြာမှာ ဝမ်းနည်းခြင်း သင်္ကေတ ဖဲကြိုးနက် ဝတ်ဆင်ပြသခြင်းမျိုးလို နိုင်ငံအတွက် အရေးကြီးသည့် မည်သည့် အရေးကိစ္စမျိုးကိုမဆို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ လိုနေပါကြောင်း တိုက်တွန်းလိုက်ရပါသည်။

ချစ်ဝင်းမောင်


  • VIA