News

POST TYPE

OPINION

စီရင်ချက် ချမှတ်သည်ဟု ဆိုရာဝယ်
13-Jun-2017

တရားရုံး၏ စီရင်ချက်နှင့်ပတ်သက်၍ Law Lexicon တွင် အဓိပ္ပာယ် ဖော်ပြထားသည်မှာ “Putting an end to the action by an award of redress to one party, on discharge of the other, as the case may be” ဟူ၍ဖြစ်ပြီး အမှုများအား ဆောင်ရွက်ရာတွင် တစ်ဖက်အမှုသည်သို့ သက်သာခွင့်ပေး၍ဖြစ်စေ၊ တာဝန်မှ ကင်းလွတ်ရန်ဖြစ်စေ အပြီးသတ် ချမှတ်ထားသော ဆုံးဖြတ်ချက်မှာ စီရင်ချက်ပင်ဖြစ်ပါသည်။ ထိုသို့စီရင်ချမှတ်သော တရားသူကြီးများအနေနှင့် ico - impartiality, credibility, objectivity စသည့် ဘက်မလိုက်မှု၊ ဂုဏ်ယူဖွယ်ဖြစ်မှု၊ ဓမ္မဓိဋ္ဌာန်ကျကျ မြင်တတ်မှုများရှိရန် လိုပါသည်။ တရားရုံးများအနေနှင့် စီရင်ချက် ချမှတ်ရာတွင် ဥပဒေနှင့် အကြောင်းခြင်းရာများအပေါ်တွင် ရှင်းလင်းစွာ သုံးသပ်၍ အမိန့်ချမှတ်ရမည်ဖြစ်ပြီး ထိုသို့ရှင်းလင်းမှု မရှိပါက ၎င်းစီရင်ချက်မှာ အောက်တရားရုံးသို့ ပြန်ရောက်ရမည် (သို့) အထက်တရားရုံးမှ ပယ်ဖျက်မည်သာ ဖြစ်ပါသည်။ အမှုဖြစ်ပွားသည့် နှစ်ဖက်သော အမှုသည်တို့အနေနှင့် မိမိတို့၏အမှု အောင်မြင်မှု ရှုံးနိမ့်မှုနှင့်ပတ်သက်၍ ရှင်းလင်းစွာ သိလိုသည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။ တရားရုံး၏ စီရင်ချက်သည် အမှန်တရားအား စကားလုံးဖြင့် ဖွဲ့စည်းထားသော စီရင်ချက်မျိုး ဖြစ်ရန်မှာ ထိုစီရင်ချက် ရေးသားသည့် တရားသူကြီး၏ တန်ဖိုးပင်ဖြစ်ပါသည်။

တရားရုံးမှ စီရင်ချက် ချမှတ်ရာတွင် စီရင်ချက်တွင် ပါရှိနိုင်မည့် ဥပဒေအချက်အလက်၊ အကြောင်းခြင်းရာ အချက်အလက်များနှင့်ပတ်သက်၍ နှိုက်နှိုက်ချွတ်ချွတ် သိရှိထားရန်လိုအပ်ပြီး၊ ထိုအချက်များကို သေချာစွာ စေ့ငုနိုင်ရန်အတွက် အောက်ပါအချက်လေးချက်ကို ဂရုပြုရမည်ဖြစ်ပါသည်။

(၁) တွေးခေါ်မှုသည် ရှင်းလင်းရမည်။ 

(၂) နှစ်ဖက်အမှုသည်များသို့ တရားရုံး၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းသည့်အချက် ပါရှိရမည်။

(၃) အများပြည်သူနှင့်ဆိုင်သည့် ဆုံးဖြတ်ချက်အား ဖြစ်ပေါ်စေသည့် အကြောင်းပြချက်များ ပါရှိစေရမည်။

(၄) အောက်တရားရုံး၏ စီရင်ချက်သည် အထက်အယူခံတရားရုံးသို့ တက်ရောက်နိုင်သည့် အမှုတိုင်းလိုလို၌ပင် အထက်တရားရုံးမှ စဉ်းစားစေနိုင်သည့် အကြောင်းပြချက်များကို အစီအစဉ်တကျ ပါရှိစေရမည်။

ထိုကဲ့သို့သော အချက်များနှင့်ပတ်သက်၍ လွယ်လင့်တကူ ဖြစ်စေရန်အတွက် စီရင်ချက် ရေးသားရာတွင် တရားသူကြီးအချို့မှ လိုက်နာသောမူမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ထိုမူ၏ စာလုံး (၄) လုံးမှာ FLAC -
F = Facts
L = Law
A = Applications
C = Conclusion ဖြစ်ပါသည်။

စီရင်ချက်ချမှတ်ခြင်းနှင့်ပတ်သက်၍ ယနေ့မြန်မာနိုင်ငံတွင် တည်ဆဲဖြစ်သည့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအခန်း (၂၆)၊ ပုဒ်မ-၃၆၆ - (၁) (၂) (၃) (၄)၊ ပုဒ်မ-၃၆၇ (၁) (၂) (၃) (၄) (၅) (၆)၊ ပုဒ်မ-၃၆၈ နှင့် ပုဒ်မ-၃၆၉ တို့တွင် တိကျစွာ ပြဋ္ဌာန်းထားပါသည်။

အလားတူ တရားမကျင့်ထုံးဥပဒေအမိန့်-၂၀၊ နည်းဥပဒေ (၁) (၂) (၃) တို့တွင် ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။

တရားရုံးများလက်စွဲစာပိုဒ်-၆၅၃၊ ၆၅၄၊ ၆၅၅ (၁) (၂) (၃) (၄)၊ ၆၅၆၊ ၆၅၇၊ ၆၅၈၊ ၆၅၉၊ ၆၆၀၊ ၆၆၁ များတွင်လည်း တိကျစွာပြဋ္ဌာန်းထားပြီးဖြစ်ပါသည်။

ထူးခြားသည့်အချက်မှာ တရားရုံးများလက်စွဲ အပိုဒ်-၆၅၆ နှင့် ၆၅၇ စာပိုဒ်များဖြစ်ပြီး ၎င်းစာပိုဒ်များတွင်ပါရှိသော အခေါ်အဝေါ် အသုံးအနှုန်းများကို ပြုပြင်ရန်လည်း လိုအပ်လျက်ရှိပါသည်။

အဘယ်ကြောင့်ဆိုသော် တရားရုံးများ လက်စွဲစာပိုဒ်- ၆၅၆ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထား၍ဖြစ်ပါသည်။

“၆၅၆ ။ ပြည်ထောင်စု စစ်ရဲတပ်သား တစ်ဦးတစ်ယောက် ကျူးလွန်သောပြစ်မှုနှင့် စွဲဆိုချက်ကို ရာဇဝတ်တရားရုံးက စုံစမ်းစစ်ဆေးသောအခါ သို့တည်းမဟုတ် စစ်ဆေးစီရင်မှု ပြုသောအခါ၊ ထိုစုံစမ်းစစ်ဆေးမှု၏ သို့တည်းမဟုတ် စစ်ဆေးစီရင်မှု၏ အပြီးသတ် အခြေအနေကို တရားရုံးက တပ်ရင်းမှူးထံသို့သော်လည်းကောင်း၊ စစ်ဆေးရေးထံသို့သော်လည်းကောင်း အကြောင်းကြားရမည်။

ပြည်ထောင်စု စစ်ရဲတပ်သားတစ်ဦးသည် ရာဇဝတ်အယူခံမှုတွင် အယူခံတရားလိုဖြစ်မူ သို့တည်းမဟုတ် အယူခံတရားခံဖြစ်မူ၊ ထိုအယူခံမှု၏ အပြီးသတ် အခြေအနေကို အယူခံတရားရုံးက တပ်ရင်းမှူးထံသို့သော်လည်းကောင်း၊ စစ်ဆေးရေးထံသို့သော်လည်းကောင်း အကြောင်းကြားရမည်။

စီရင်ချက်မိတ္တူကို ရလိုကြောင်း အထူးလျှောက်ထားခြင်း မရှိလျှင် ပေးရန်မလို၊ အကယ်၍ လျှောက်တောင်းခဲ့သော် စီရင်ချက်မိတ္တူကို အခမဲ့ ထုတ်ပေးရမည်”ဟူ၍ ပြဋ္ဌာန်းထားပါသည်။

သို့ဖြစ်ရာ အထက်ပါစာပိုဒ်တွင် ပါရှိသော စစ်ရဲတပ်သားဟူသော အသုံးအနှုန်းမှာ ယနေ့ခေတ်တွင် မရှိခဲ့တော့သော အသုံးအနှုန်းဖြစ်၍ ဆက်လက် သုံးနှုန်းရန် မသင့်လျော်တော့ပါ။

တရားရုံးများ စာပိုဒ် - ၆၅၇ တွင်လည်း အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည်။

“၆၅၇ ။ ရာဇဝတ်တရားရုံးက ဗမာတပ်မတော်အရံ စစ်မှုထမ်းတစ်ဦးကို တစ်ကျွန်းပို့ဒဏ်ဖြစ်စေ၊ သုံးလပိုသော ထောင်ဒဏ်ဖြစ်စေ ကျခံစေရန် စီရင်သောအခါ၊ ထိုသို့ပြစ်ဒဏ်စီရင်သည့် အကြောင်းကို တရားရုံးက စစ်ရေးချုပ်ထံသို့ အကြောင်းကြားရမည်”ဟူ၍ ပြဋ္ဌာန်းထားပါသည်။

သို့ဖြစ်ရာ အထက်ပါ စာပိုဒ်တွင် ပါရှိသော ဗမာ့တပ်မတော် အရံ စစ်မှုထမ်း ဆိုသော စကားရပ်မှာလည်း ပြုပြင်သင့်သော စကားရပ်သာလျှင်ဖြစ်ပါသည်။

အမှုသည်များနှင့် ရှေ့နေများအနေနှင့် တရားရုံးတစ်ရုံး၏ စီရင်ချက်သည် မည်သည့်အကြောင်းအပေါ် အခြေခံ၍ ဆုံးခန်းတိုင်ဖြစ်ရသည်ကို သိလိုသည်မှာ ဓမ္မတာပင် ဖြစ်ပါသည်။ သာ၍ သိချင်သည့်သူများမှာ အမှုရှုံးသည့် အမှုသည်နှင့် ရှေ့နေများဘက်မှ မိမိတို့ အမှုရှုံးရသည့် အကြောင်းရင်းကို သိလိုမည်သာ ဖြစ်ပါသည်။ အထောက်အထား အကိုးအကား ပြည့်ပြည့်စုံစုံဖြင့် အမှုသည်တို့၏ အငြင်းပွားမှုကို တိကျစွာ သုံးသပ်၍ ရှင်းလင်းစွာ ရေးသားထားသည့် စီရင်ချက်၏ အကျိုးကျေးဇူးမှာ ရှုံးသည့် အမှုသည်များ၊ နိုင်သည့်အမှုသည်များ၊ ရှေ့နေများအနေနှင့် ထိုစီရင်ချက်ကို ကျေနပ်မည်သာဖြစ်ပြီး အမှုရှုံးသည့်ဘက်မှ မိမိတို့ရှုံးရသည့်အကြောင်းကို သိပြီးဖြစ်၍လည်း အယူခံတက်ရောက်မည် မဟုတ်သဖြင့် အယူခံရုံးတွင် အမှုများ နည်းပါးသွား၍ အမှုသည်များကလည်း စရိတ်စက ကုန်ကျမှုများ ရှိမည်မဟုတ်တော့ပါ။

အမေရိကန်နိုင်ငံ Federal Judicial Centre မှ တရားစီရင်ရေးဆိုင်ရာ ရေးသားနည်း လက်စွဲစာအုပ်တွင် တရားစီရင်ရေးဆိုင်ရာ တွေးခေါ်မှု အခြေခံသုံးချက်ကို အောက်ပါအတိုင်း ဖော်ပြထားပါသည်။

(1) Written opinions communicate a court's conclusions and the reasons for them to the parties and their lawyers;
(2) When published, opinions announce the law to others lawyers, Judges, academics, and intrested public; and
(3) The preparation of a written opinion imposes intellectual discipline on the author, requiring the Judge to clarify his or her,  reasoning and asess the sufficiency of  precedential support ဟူ၍ ဖြစ်သည်။ တရားသူကြီးတစ်ဦးအနေနှင့် ဆုံးဖြတ်ချက် ချမှတ်ရာတွင် နှစ်ဖက် တင်ပြသည့် အငြင်းပွားမှုများအပေါ် ဆုံးဖြတ်ရမည်ဖြစ်ရာ တရားသူကြီး၏ စိတ်ထဲတွင် လွတ်လပ်သော စိတ်ရှိရမည်ဖြစ်ပြီး ပုံတူကူးချသည့် စီရင်ချက်မျိုး မဖြစ်စေရပါ။

စီရင်ချက် ချမှတ်ရာတွင် တစ်ဖက်အမှုသည်မှ မှန်၍ တစ်ဖက်အမှုသည်မှ မှားသည်ဟူ၍ အမိန့်ချမှတ်မှုမျိုးသည် လုံလောက်မှု မရှိပါ။ ဆုံးဖြတ်သည့် အချက်အလက်တိုင်းတွင် လျော်ကန်သင့်မြတ်သည့် အကြောင်းပြချက်မျိုးဖြင့် ဆုံးဖြတ်ထားကြောင်း ပါရှိရမည်ဖြစ်ပြီး တရားစီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ စီရင်ချက်ချမှတ်ခြင်းမျိုးမှာ ခုံသမာဓိအမိန့် ကဲ့သို့ မဖြစ်ရပါ။ အမှုအား ပယ်သည်၊ အမှုအား အနိုင်ပေးသည်ဟု ရေး မရပါ။

စီရင်ချက် ရေးသားရာတွင် အတိုဆုံးရေးမှုကို Laconic ဟုခေါ်ပြီး ထိုသို့ အတိုဆုံး စီရင်ချက် ရေးသားမှုသည် မိမိအမှု မည်သည့်အတွက်ကြောင့် ရှုံးရသည်၊ နိုင်ရသည်ကို ထိုစီရင်ချက်တွင် ရှာဖွေတွေ့နိုင်မည် မဟုတ်ပါ။ ထိုအတိုဆုံးသော စီရင်ချက်များအား အထက်တရားရုံးမှ ပြန်လည် ပြင်ဆင်စေမည်သာ ဖြစ်ပါသည်။

ဤနေရာတွင် ကြားနေမှုနှင့် ဘက်မလိုက်မှုတို့၏ ခြားနားမှုကိုလည်း သိရန်လိုပါသည်။ ဘက်မလိုက်မှုတွင် သန့်စင်သော အတွေးအခေါ် အကြောင်းပြချက်တို့ရှိရန် လိုအပ်ပြီး အခြားသူတစ်ဦးတစ်ယောက်၏ လွှမ်းမိုးမှု၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ မှတ်ချက်များနှင့် ကင်းလွတ်ရမည်ဖြစ်ပြီး ဘက်လိုက်ခြင်းနှင့် ကြိုတင်မှန်းဆထားခြင်းမျိုး မရှိရပါ။

ကြားနေမှုဆိုသည်မှာ တရားသူကြီး တစ်ဦးအနေနှင့် မည်သူ့ဘက်မှ မလိုက်ဘဲ တည့်မတ်စွာရှိရန် လိုအပ်ပြီး တရားခွင် စစ်ဆေးနေစဉ်အတွင်း ၎င်းမှ တည့်တည့်မတ်မတ်ဖြစ်ရန် လိုအပ်ပါသည်။ သို့မှသာလျှင် နှစ်ဖက် အမှုသည်တို့အကြား ဘက်လိုက်မှုမရှိဘဲ အမှုအား ဆုံးဖြတ်နိုင်မည် ဖြစ်ပါသည်။

တရားသူကြီးတစ်ဦးသည် ဘက်မလိုက်ရန် လိုအပ်ပြီး ထိုသို့ဘက် မလိုက်ခြင်းအားဖြင့် အမှု၏ အမှန်တရားကို ပေါ်လွင်အောင် စဉ်းစားနိုင်သည့်တန်ဖိုးမှာလည်း မြင့်တက်လာပါသည်။

“No Judicial function is more important than deciding cases ethically”

အမှုများအား ကိုယ်ကျင့်တရားဖြင့် ဆုံးဖြတ်ခြင်းမျိုးထက် မည်သည့် တရားစီရင်ရေး ဆောင်ရွက်ချက်ကမှ သာလွန်အရေးပါခြင်း မရှိပါ။

ဤနေရာတွင် Civil Law ဓလေ့ထုံးတမ်းဥပဒေအရ ချမှတ်သော ဥပဒေနှင့် အင်္ဂလိပ် Common Law တို့၏ အမိန့်ချမှတ်မှုမှာ ကွဲပြားမှုရှိသည်ကိုလည်း တရားသူကြီးများက သိရှိရန် လိုအပ်ပါသည်။

သို့မှသာ စီရင်ချက်များ ချမှတ်ရာတွင် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ချမှတ်နိုင်မည်ဖြစ်ပြီး တရားမျှတမှု ရှိကြောင်းမှာလည်း အများပြည်သူများမှ သိရှိနိုင်မည်ဖြစ်ပါသည်။

ဦးရီစိန် (တရားလွှတ်တော်ရှေ့နေ)

  • VIA