News

POST TYPE

OPINION

ပင်စင်စားများကို ကြင်နာပါ
13-Jun-2017

အညာဒေသ မိုးရာသီက ရွာပြီဆိုရင် သဲသဲမဲမဲ ရွာတတ်ပေမယ့် မိုးမကျတဲ့နေ့တွေမှာ ကျောကော့အောင် ချစ်ချစ်တောက် ပူလောင်လှတယ်။ အချိန်ကား မွန်းလွဲ တစ်နာရီခန့် ရှိလေပြီ။ ကျွန်တော်က အသက် ခြောက်ဆယ်ကျော်အရွယ် ပညာရေးဝန်ထမ်း အငြိမ်းစားတစ်ဦးဖြစ်တာမို့ အညာမြေရဲ့ အပူဒဏ်ကို အန်တုရင်း လကုန်ရက်မှာ မြန်မာ့စီးပွားရေးဘဏ်ကို လာခဲ့ရပြန်တာပေါ့။ 

တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလတစ်လျှောက်လုံး လစာကိုသာ အားထားခဲ့ရတာမို့ သက်ပြည့်အငြိမ်းစား ယူတဲ့အခါမှာတော့ လက်ထဲမှာ အထုပ်အထည်ဆိုလို့ ဘာမှရှိတာမဟုတ်။ ဆိုတော့ကာ နိုင်ငံတော်က ချီးမြှင့်တဲ့ ပင်စင်လစာကိုသာ တစ်လ တစ်ခါ မှန်မှန်ထုတ်လို့ အသက် ဆက်နေရတော့တယ်။ လကုန်ခါနီး ပင်စင်လစာ ထုတ်ပေးတဲ့ ရက်တွေမှာတော့ ကိုယ်တွေလိုပဲ ဘဝတူ ပင်စင်စားတွေနဲ့ မြန်မာ့စီးပွားရေးဘဏ်မှာ တွေ့ဆုံနေကြတာကလား။ အသက် ခြောက်ဆယ်ကျော်ပြီးသူတွေ ဖြစ်တာမို့ နေရာတကာမှာ စိတ်သွားတိုင်း ကိုယ်မပါတော့။ အချင်းချင်းပြုံးပြီး နှုတ်ဆက်ရင်တောင် အားမပါတော့ဘဲ လျော့ရဲရဲနိုင်လှပေါ့။ တချို့ဆိုရင် အသက် ရှစ်ဆယ်ကျော်အရွယ်တွေဖြစ်တာမို့ နုံနဲ့နဲ့ ဖြစ်နေကြလေပြီ။ 

ကျွန်တော်က ဘဏ်မှာ လူပါးချိန်ဖြစ်တဲ့ မွန်းလွဲ တစ်နာရီသာသာကို မှန်းပြီး အရောက်လာရပြန်ရော။ နို့ပေတဲ့ ဘဏ်ထဲက ပင်စင်လစာ ထုတ်ပေးတဲ့ ကောင်တာမှာ တန်းစီနေတဲ့သူက ၃၀ လောက်ရှိတယ်။ ကျွန်တော်က ပင်စင်လစာကို လတိုင်း မှန်မှန်ထုတ်တာဖြစ်လို့ ပင်စင်ထုတ်ရာမှာ လိုက်နာရမယ့် အချက်တွေကို ကြိုပြီးသိနေတယ်လေ။ အဲဒီလုပ်ငန်းက ပင်စင်ထုတ်ပေးမယ့် ကောင်တာမှာ ပထမဦးဆုံး တန်းစီရတယ်။ ကိုယ့်အလှည့်ရောက်ရင် အီးပင်စင်ကတ် (e-pension card) ကို ကောင်တာမှာ တာဝန်ကျတဲ့ဝန်ထမ်းကို ပေးရတယ်။ အနှီဝန်ထမ်းက ကွန်ပျူတာနဲ့ ချိတ်ဆက်ထားတဲ့ ကင်မရာပေါ်မှာ ကတ်ပြားကိုတင်ပြီး ပင်စင်စားကိုယ်တိုင်ဖြစ်ကြောင်း မှန်မမှန် စစ်ဆေးရတယ်။ အဲသလို စစ်ဆေးဖို့ ပင်စင်စားက ကိုယ့်ရှေ့မှာရှိတဲ့ ကင်မရာကို မျက်နှာမူပြီး စိုက်ကြည့်ရတယ်လေ။ 

ဒီနေရာမှာ ပင်စင်စားဖြစ်ကြောင်း စိစစ်ပြီးတာနဲ့ ကွန်ပျူတာနဲ့ ဆက်ထားတဲ့ ပရင်တာက ထုတ်ယူခွင့်ရှိတဲ့ ငွေပမာဏကို ဖော်ပြပေးတဲ့ ဝါ၊ စိမ်း၊ ပြာ အရောင် သုံးမျိုးထပ်ထားတဲ့ ပြေစာဖြတ်ပိုင်းတွေ ထွက်လာတော့တယ်။ အဲဒီပြေစာ ဖြတ်ပိုင်းပေါ်မှာရှိတဲ့ ငွေလက်ခံသူနေရာမှာ ပင်စင်စားက လက်မှတ် ထိုးရတော့တာပေါ့။ ပြီးမှ ဝန်ထမ်းက ပင်စင်လစာကို ထုတ်ပေးတယ်လေ။

အဲသလို လုပ်ရမှာကို ကျွန်တော့်လို လစဉ်ပုံမှန် ပင်စင်ထုတ်သူတွေအတွက်တော့ မခက်ခဲပေဘူးပေါ့။ ဒါပေသိ လေးလတစ်ခါ ခြောက်လတစ်ခါမှ ပင်စင်ထုတ်သူတွေ အတွက်တော့ ယောင်နန ဖြစ်နိုင်တာပေါ့။ ကိုယ့်ရှေ့မှာ တန်းစီနေတဲ့ပုဂ္ဂိုလ်ကြီးက အသက်ရှစ်ဆယ်လောက် ရှိမယ် ထင်ပါတယ်။ မျက်မှန်ထူထူကြီး တပ်ထားပြီး လက်တစ်ဖက်က တောင်ဝှေးကိုထောက်လို့ အားပြုပြီး ရပ်နေတာကို တွေ့နေရတယ်။ တရွေ့ရွေ့နဲ့ အဲ့ဒီပုဂ္ဂိုလ်ကြီး ငွေထုတ်ရမယ့်အလှည့်ကို ရောက်လာတယ်။ သူက ပင်စင် မထုတ်ဖြစ်တာ ခြောက်လလောက်ကြာပြီလို့ ပြောရင်း တာဝန်ကျဝန်ထမ်းကို အီးပင်စင်ကတ်လေး တုန်တုန်ရီရီနဲ့ ထုတ်ပေးရှာတယ်။ ဒါပေသိ သူ့ရှေ့မှာရှိတဲ့ ကင်မရာကို ကြည့်ရကောင်းမှန်း မသိတော့ ငေးတေးတေး မော့တော့တော့ ဖြစ်နေတာပေါ့။ ဒီမှာတင် စိတ်မရှည်တဲ့ ဘဏ်ဝန်ထမ်းက ကိုယ့်ပင်စင်တောင် မထုတ်တတ်ဖူးလား ဆိုပြီးတော့ ငေါက်ငမ်းပါလေရောလား။ ပရင်တာက ပြေစာဖြတ်ပိုင်း ထွက်လာတဲ့အခါမှာတော့ ရော့ ... ဒီမှာ လက်မှတ်ထိုးဆိုပြီး ဘောလ်ပင်ကို ဆောင့်အောင့်ပြီး ချပေးပါတယ်။ အသက်ကြီးသူကို ရိုသေရကောင်းမှန်း မသိတဲ့ ဝန်ထမ်းလို့ ဆိုရမှာပေါ့နော။

ကျွန်တော်က ဖြစ်စဉ်အားလုံးကို မြင်နေရတာမို့ ကြည့်မနေနိုင်တော့ဘဲ ပင်စင်စားအရွယ်တွေ ဖြစ်တာမို့ ကြည်ကြည်သာသာနဲ့ ကူညီပေးပါလို့ ဝင်ပြောလိုက်မိတယ်။ ဒီလိုပြောလိုက်တော့ ဝန်ထမ်းရဲ့မျက်နှာက စူပုပ်ပုပ်နဲ့။ ကိုယ်က အငြိမ်းစား ကျောင်းဆရာပီပီ ပြောသင့်တာကို ပြောလိုက်ရလို့ ရင်ထဲမှာ ပေါ့ပါးသွားသလိုပဲ။ ပြောရမယ်ဆိုရင် အဲ့ဒီဘဏ်မှာရှိတဲ့ ဝန်ထမ်းတော်တော်များများက ကိုယ်စာသင်ပေးခဲ့တဲ့ တပည့်တွေ များတယ်။ ကိုယ်က အငြိမ်းစားယူပြီး ဖြစ်တာမို့ တလေးတစား နှုတ်ဆက်တတ်တဲ့ တပည့်တွေရှိသလို မမြင်ဟန်ဆောင်နေတဲ့ တပည့်တွေနဲ့လည်း ကြုံရတာပေါ့။ အခု တွေ့နေရတဲ့ဝန်ထမ်းက ကိုယ်တွေရဲ့တပည့် မဖြစ်ခဲ့ဘူးနဲ့ တူပါရဲ့။ 

သူက ခေတ်ဟောင်း စနစ်ဟောင်းထဲက ရုန်းမထွက်နိုင်သေးဘဲ စရိုက်ဆိုးတွေကို လက်ခံကျင့်သုံးနေဆဲ၊ အမြစ်တွယ်နေဆဲပါပဲ။ အာဏာရှင်ခေတ်က ဆက်ဆံရေး ညံ့ဖျင်းတဲ့ ဝန်ထမ်းတွေရဲ့ အမူအကျင့်အတိုင်း ခေါက်ရိုးတွေက မပြေနိုင်သေးဘူး။ ဒီမိုကရေစီစနစ်ကို ပြောင်းနေတယ် ဆိုပေမယ့် ဌာနအသီးသီးမှာ ရှိနေတဲ့ ဝန်ထမ်းတချို့က ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံရာမှာတော့ နှစ်လိုဖွယ် မဖြစ်တဲ့ဆက်ဆံရေး အခင်းအကျင်းတွေကို ကိုင်စွဲထားနေဆဲ ဖြစ်တယ်။ 

ဒါတင်ကရိုးလား။ ဘဏ်တွေရဲ့ လုပ်ထုံးလုပ်နည်းတွေအရ တချို့ စည်းကမ်းချက်တွေက ပြည်သူတွေကို ဒုက္ခပေးရာ ရောက်နေသလိုပဲ။ ကြားဖူးကြမှာပါ။ လေဖြတ်ပြီး အိပ်ရာထဲလဲနေတဲ့ ပင်စင်စားကြီးကို သက်ရှိထင်ရှား ရှိနေကြောင်းပြဖို့ အိမ်ကနေ လှည်းတစ်တန် ကားတစ်တန်နဲ့ ဘဏ်ကိုလာခဲ့ရတာမျိုးတွေ တွေ့နေရတော့ အတော့်ကို စိတ်မချမ်းမသာ ဖြစ်ရတယ်ဗျာ။ ရတဲ့ပင်စင်လစာက ငှားရတဲ့ ကားခဖိုးနဲ့တင် ကုန်ပါလေရောလား။ အဲသလိုလူမျိုးတွေကို ဘဏ်ဝန်ထမ်းတွေက သွားရောက်ပြီး မကူညီနိုင်ဘူးလားလို့ မေးကြည့်ချင်တယ်။ ကုန်ကျတဲ့ခရီးစရိတ်ကို တောင်းရင်လည်း ပင်စင်စားက ပေးရမှာပေါ့။ တကယ်လို့ တောင်းရမှာ ခက်နေရင်လည်း ခရီးစရိတ်ကို ဌာနက ထုတ်ပေးခွင့်မရှိဘူးလားဗျာ။

ကျွန်တော်တို့နိုင်ငံဟာ ပြည်သူတွေရဲ့ ထောက်ခံမှုတွေနဲ့ ပြောင်းလဲမှုအသစ်တွေကို အရှိန်အဟုန်မြင့် ခြေလှမ်းတွေနဲ့ ချီတက်နေပြီဖြစ်တယ်။ ဌာနအသီးသီးမှာ ရှိနေတဲ့ အောက်ခြေဝန်ထမ်းကစလို့ အထက်ဆုံးအထိ ပြည်သူတွေအပေါ် ကိုယ်ချင်းစာနာစိတ်နဲ့ ဝန်ဆောင်မှုပေးဖို့ လိုပါတယ်။ ပြည်သူကျွေးတဲ့ထမင်းကို စားနေတဲ့ ဝန်ထမ်းတွေအနေနဲ့ ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီ လိုက်နာကျင့်ကြံ နေထိုင်ဖို့လိုပြီး ပြည်သူတွေချစ်အောင်၊ လေးစားမှုရှိအောင် နေပြဖို့ လိုအပ်လှပါတယ်။ သက်ဆိုင်ရာ အထက်လူကြီးတွေကလည်း သူတို့ကိုယ်တိုင် အပြောအဆို အမူအကျင့်တွေ ပြောင်းလဲအောင်လုပ်ပြီး လက်အောက် ဝန်ထမ်းတွေရဲ့ ရုပ်ရောစိတ်ပါ ပြောင်းလဲနိုင်ဖို့ရာ ထိန်းကျောင်း လေ့ကျင့် ပညာပေးရမယ့် တာဝန်ရှိပါတယ်။ 

ဒီလိုမှမဟုတ်ရင်တော့ စနစ်ဟောင်းက အမူအကျင့်တွေကို တွယ်ဖက်နေတဲ့ ဝန်ထမ်းတွေဟာ ပြည်သူ့ချဉ်ဖတ်တွေဖြစ်ပြီး လူမှုအဖွဲ့အစည်းရဲ့ အပြင်ဘက်ကို ရောက်မှန်းမသိ ရောက်သွားပေလိမ့်မယ်။

သို့ဖြင့် တာဝန်ထမ်းဆောင်ရမယ့်အတူတူ မြန်မာ့စီးပွားရေးဘဏ်မှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ စာနာစိတ်လေးမွေးပြီး ပင်စင်စားတွေကို ကြင်နာမှုပေးကြပါလို့ မေတ္တာရပ်ခံလိုကြောင်းပါခင်ဗျား။

ကိုသောင်း (ပညာရေး)

  • VIA