News

POST TYPE

OPINION

မှတစ်ပါး အခြားမရှိ
12-Jun-2017

ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို အခြေခံ လူတန်းစားများ အလူးအလိမ့် ခံနေရသည်။ နေ့စဉ် စားသောက်စရိတ်များ အဆမတန် မြင့်တက်နေသော်လည်း ရရှိသည့်ဝင်ငွေမှာ သိသိသာသာ တိုးတက်လာခြင်း မရှိပါ။ သို့ဖြစ်၍ ဝင်ငွေ ထွက်ငွေ မမျှတဘဲ လုံးလည် ချာလည်ဘဝနှင့်သာ ရုန်းကန်လှုပ်ရှားနေကြရလေသည်။
အခြေခံ လူတန်းစားများ၏ အဓိက စားကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်ဈေးမှစ၍ ကန်စွန်းရွက်၊ ပဲပင်ပေါက်၊ ပဲပြားဈေးအထိ ချိုချိုသာသာ မရှိလှပေ။ ယခုတစ်လော မိုရာမုန်တိုင်းအပြီး နံနံပင်ဈေးသည်ပင် သောင်းဂဏန်းတက်သွား၍ တစ်ရာဖိုးပင် ဝယ်၍မရတော့ပေ။ အဓိက စားကုန်ဖြစ်သည့်ဆန်မှာလည်း ထောင်ဂဏန်းအထက်မှ ကျဆင်းသည်ဟူ၍မရှိ တက်ပြီးသား ဈေးနှုန်းမှန်သမျှ ကျဆင်းသွားသည်ဟူ၍ မရှိပါ။

ယခုတစ်လောတွင် အိမ်သုံးဆေးဝါးများ အဆမတန် ဈေးတက်နေလေသည်။ မည်မျှပင် ဆေးဈေးမြင့်နေစေကာမူ မဖြစ်မနေ သောက်ရမည့် ဆေးဝါးများအတွက် ခေါင်းခဲစရာပင် ဖြစ်သည်။ အိမ်သုံးဆေးဆိုင်များမှ လိုသမျှဆေးဝါးများကို ဝယ်ယူသောက်သုံးနေကြသော်လည်း ဆေးဝါးအတုများ၏ အန္တရာယ်ကိုမူ ကြုံနေရဆဲဖြစ်၏။ အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) ၏ ရှောင်တခင် စစ်ဆေးမှုများကြောင့် ဆေးဝါးအတုများ၊ တရားမဝင် တင်သွင်း ရောင်းချနေသည့် ဆေးဝါးများ၊ မှတ်ပုံတင်မထားသည့် ဆေးဝါးများနှင့် သက်တမ်းလွန် ဆေးဝါးများကို စိစစ်တွေ့ရှိနေရဆဲ ဖြစ်လေသည်။ ယင်းလုပ်ငန်းသည် နိုင်ငံတစ်ဝန်း တွေ့ကြုံနေရသည်ဖြစ်ရာ စစ်ဆေး အရေးယူမှုအပိုင်းတွင် မနိုင်ဝန်ကို ထမ်းနေရရာ အားနည်းချက်များ ရှိသည်ကို တွေ့ရ၏။

ယခုအခါတွင် ပုဂ္ဂလိက ဆေးရုံဆေးပေးခန်းများ တိုးချဲ့ဖွင့်လှစ်ခွင့်ရသည်ကို တွေ့ရ၏။ သို့သော်လည်း ယင်းဆေးရုံ ဆေးပေးခန်းများသည် အခြေခံ လူတန်းစားများအတွက် ခြေဦးလှည့်နိုင်မည် မဟုတ်ပေ။ ကြီးမြင့်သော ဆေးကုသစရိတ်၊ အခန်းစရိတ်များကြောင့် စိတ်ကူးယဉ်အိပ်မက် ပမာသာပင် ဖြစ်ပေလိမ့်မည်။ အခြေခံ လူတန်းစားများအတွက်မူ “မြင်သာ မြင် မကြင်ရမောင့်မှာ”အဖြစ်မျိုးသာပင်။

ပုဂ္ဂလိက ဆေးခန်းများ၏ စမ်းသပ်ခများ၊ ဝန်ဆောင်မှု စရိတ်များသည်လည်း တစ်ဟုန်ထိုး တိုးမြင့်လာရာ ချိန်းဆိုထားသည့် အပတ်စဉ်၊ လစဉ်မှန်မှန်ပင် ပြသနိုင်ဖို့ ခက်ခဲလာကြလေသည်။ မဖြစ်မနေ ဝယ်ယူ သောက်သုံးရမည့် ဆေးဈေးများကလည်း ခေါင်ထိမြင့်မားသော ဈေးနှုန်းသို့ ရောက်နေပြန်ပြီ။

ရန်ကုန်မြို့တွင် ခရိုင်လေးခုအတွင်း ပြည်သူ့ဆေးရုံကြီးများ အသီးသီး တည်ရှိလျက် ရှိပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သည့် ခုနစ်သန်းနီးပါးသော လူဦးရေမှ အများစု အားထားရာဖြစ်ပါသည်။ ဝန်ဆောင်မှု ကောင်းမွန်မှုကြောင့် နာမည်ကျော်ကြားလှသည့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာလည်း ဝန်နှင့်အားမမျှ။ များပြားလှစွာသော လူနာများအတွက် ပြည့်စုံလုံလောက်နိုင်ရန် လုံးပန်းနေရဆဲပင်ဖြစ်သည်။

တစ်ခါက စာရေးဖော်တစ်ဦး အလုပ်သွားရင်း မူးလဲသွား၍ ခရိုင်အဆင့် ဆေးရုံကြီးတစ်ရုံသို့ အရေးပေါ် တင်ပို့လိုက်ရပါသည်။ နောက်တစ်နေ့တွင် စာရေးသူနှင့် မိတ်ဆွေအချို့ သွား၍ သတင်းမေးကြသည်။ လူနာ ၆ ဦးခန့်ရှိသော အခန်းတွင် သွား၍တွေ့ရ၏။ အနံ့အသက် မကောင်းပါ။ လေဝင်လေထွက် မကောင်းပါ။ အလင်းရောင် မရှိပါ။ ခဏကြာသောအခါ အပေါ့သွားချင်၍ သန့်စင်ခန်းကိုမေးရာ အရှေ့ဘက်အစွန်တွင် ရှိသည်ဟုဆိုသည်။ ကျဉ်းမြောင်းသော (လူတစ်ကိုယ်စာ) ဝရန်တာလမ်းအတိုင်း သွားရ၏။ အကြောင်းမှာ ယင်းဝရန်တာတွင် အခန်းတွင်းမဆံ့သော လူနာများကို ခုတင်ငယ်များဖြင့် ဖြစ်သလို စီ၍ထားသောကြောင့် ဖြစ်သည်။

ယင်းလူနာများကြားမှ ဖြတ်ကာ သန့်စင်ခန်း ရှိရာသို့ ရောက်၏။ သန့်စင်ခန်းတွင် ရေများ လျှံကျနေပါသည်။ အညစ်အကြေးများနှင့် ပြည့်နှက်နေ၏။ သန့်စင်ခန်း ဆိုသည့် အဓိပ္ပာယ်ကိုပင် အားနာဖွယ် ကောင်း၏။ သန့်ရှင်းရေးဝန်ထမ်း မရှိလေသလား။ အဘယ့်ကြောင့် ဤမျှအထိ ယိုယွင်းပျက်စီးနေရသနည်းဟု တွေးမရဖြစ်မိသည်။ စာပေမိတ်ဆွေမှာလည်း ထူထူထောင်ထောင် ရှိသည်နှင့် ဆေးရုံမှ အမြန်ဆင်းသွားသည်ကို သိရလေသည်။

အဓိကအချက်မှာ ပြည်သူ့ဆေးရုံကြီးများသည်လည်း လူနာ အရေအတွက်နှင့် မမျှမတ ဖြစ်သောအခါ ဝန်ဆောင်မှု လျော့ကျသွားနိုင်ပါသည်။ အယုတ် အလတ် အမြတ်မရွေး အခမဲ့ ဆေးကုသခွင့် ရှိနေသည့် ပြည်သူ့ဆေးရုံများသည် အခြေခံ လူတန်းစားများ၏ အားကိုးအားထားရာ ဖြစ်ပါသည်။ မည်သို့သော အခက်အခဲများ၊ မပြေလည်မှုများ တွေ့ကြုံနေရစေကာမူ လူနာအများစုတို့မှာ ပြည်သူ့ဆေးရုံဆီသို့သာ ဦးတည်နေကြရပါသည်။ တစ်ချိန်က ပြည်သူ့ဆေးရုံ ဆိုသည်မှာ အခြေခံ လူတန်းစား အများစုသာ စုပြုံတိုးဝှေ့နေသော နေရာတစ်ခုဖြစ်ပါသည်။ ယခုအခါတွင် ပြည်သူ့ဆေးရုံကြီး၏ ဝန်ဆောင်မှုကောင်းမှု၊ ခေတ်မီ စက်ကိရိယာများ ပြည့်စုံမှု၊ ဆေးဝါးရရှိမှု၊ အခမဲ့ စစ်ဆေးကုသခွင့်များကြောင့် ပြည်သူ့ဆေးရုံကြီးသို့ လူတန်းစား အလွှာအသီးသီးမှ ဦးတည် ရွေ့လျားနေကြလေသည်။

လက်ရှိ အသုံးပြုလျက်ရှိသည့် ပြည်သူ့ဆေးရုံကြီးများတွင် တိုးချဲ့ဆောင်များ ဆောက်လုပ် အသုံးပြုနေသော်လည်း ပြည့်စုံလုံလောက်မှု မရှိနိုင်သေးပါ။ လူနာဦးရေ များပြားလာမှုကြောင့် ကျန်ရှိသည့် ဆေးရုံများတွင်လည်း လူနာ အပြည့်ပင်ဖြစ်လေသည်။ ယခုလက်ရှိ အသုံးပြုလျက်ရှိသော ပြည်သူ့ဆေးရုံကြီးများသည် ခေတ်အဆက်ဆက် သုံးခဲ့သည့် ဆေးရုံကြီးများဖြစ်သည်။ ရနိုင်သမျှ တိုးချဲ့နေသော်လည်း လုံလောက်မှု မရှိသည်ကို တွေ့နိုင်ပါသည်။

သို့ဖြစ်၍ အများစုသော အခြေခံလူတန်းစားများအတွက် အခမဲ့ ပြည်သူ့ဆေးရုံကြီးများ ထပ်မံ ဆောက်လုပ်ပေးသင့်ပါသည်။ ခရိုင်မြို့နယ်များအတွင်း သီးသန့် ဘဏ္ဍာငွေချ၍ ဆောင်ရွက်ရမည်ဖြစ်၏။ ခရိုနီဆေးရုံများထက် အခြေခံ လူတန်းစားများအတွက် မှတ်တိုင်သစ် စိုက်ထူရမည့် အချိန်ဖြစ်သင့်ပါသည်။
ယခုအခါတွင် အိမ်သုံးဆေးဝါးဈေးများလည်း ဈေးနှုန်း အလွန်မြင့်တက်၍နေပါသည်။ အချို့ မိသားစုများဆိုလျှင် အနောက်တိုင်းဆေးဝါးများကိုပင် ဝယ်ယူ မသုံးစွဲနိုင်တော့ပေ။ အများစုမှာ မြန်မာတိုင်းရင်းဆေးဝါးများကို အမှီပြုနေရလေသည်။ အနောက်တိုင်းဆေးဝါးများနှင့် ပတ်သက်၍ ဝယ်ယူသုံးစွဲနိုင်သူများပင် အခက်အခဲ ဖြစ်နေရ၏။ ဆရာဝန် ညွှန်ကြားသည့် ဆေးအမျိုးအစားများ ဝယ်ယူမရရှိခြင်း၊ အလားတူ ဆေးမျိုးများကိုသာ ဝယ်ယူသောက်သုံးနေရခြင်း၊ အချို့ဆေးများမှာ မှာယူ၍ပင်မရဘဲ  ဆေးပြတ်လပ်နေသည်နှင့် ကြုံတွေ့နေရလေသည်။

ပုဂ္ဂလိက ဆေးရုံကြီးများတွင် သွားရောက် ကုသနေရသည့် လူနာရှင်အချို့မှာ ဆေးဝယ်ယူသည့်နေရာတွင် နှစ်ပတ် တစ်ကြိမ်မှသာ ဝယ်ယူရရှိနေရခြင်း၊ အကန့်အသတ်ဖြင့် ရောင်းချနေခြင်းများကြောင့် ဆေးဖိုးထက် ခရီးစရိတ် ထောင်းနေသည့်အတွက် များစွာ ကုန်ုကျစရိတ် မြင့်နေကြောင်း သိရလေသည်။
မကြာသေးမီကပင် ပြည်သူ့ဆေးရုံကြီးများတွင် လိုအပ်နေသော နိုင်ငံခြားဖြစ်ဆေးဝါး အမျိုးမျိုး ဖြန့်ဖြူးရောင်းချမည့် သတင်းများ ကြားရ၏။ နောက်ပိုင်းတွင် သတင်းအစအနပင် ဆက်၍ မကြားရတော့ပေ။ ပြည်သူ အများစုမှာ ပုဂ္ဂလိက ဆေးဆိုင်များမှ ရောင်းချသမျှ ဆေးကို တောင်းသမျှ ဈေးနှုန်းဖြင့် ဝယ်ယူ အသက်ဆက်နေရလေသည်။

မြန်မာနိုင်ငံ၏ လူနေမှု အဆင့်အတန်းကိုကြည့်လျှင် ပို၍မြင့်တက်လာသည်ကို မတွေ့ရသေးပါ။ လူ့သက်တမ်းသည်လည်း စစ်တမ်းအချို့၏ စိစစ်ချက်အရဆိုလျှင် ၆၅ နှစ်ဝန်းကျင်သာ ရှိသေး၏။ မြင့်တက်လာသည့် နှုန်းထားမျိုး မတွေ့ရသေးပါ။ အသေအချာ စစ်တမ်းထုတ်ကြည့်လျှင် ဘဝနေထိုင်မှု အဆင့်များ သိသိသာသာ တိုးတက်မှု မရှိသေးသကဲ့သို့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင်လည်း ပုံစံဟောင်းမှ ခွဲထွက်၍ သိသာစွာ တိုးတက်လာမှု မရှိသေးပါ။ ဆိုလိုသည်မှာ ဘတ်ဂျက်ငွေများ ပိုမိုသုံးစွဲလာနိုင်သော်လည်း တိုးတက်များပြားလာပါသည့် လူဦးရေနှင့် မကာမိနိုင်သေးပါ။

ပုဂ္ဂလိက ဆေးရုံဆေးခန်းများ တိုးတက်လာနေပါသည်။ ကောင်းပါသည်။ ဆေးဝါးဈေးနှုန်း ကြီးမြင့်နေပါသည်။ စမ်းသပ်ခများ ကြီးမြင့်လာနေပါသည်။ အများစု မတတ်နိုင်ကြပါ။ ပြည်သူ့ဆေးရုံများသို့ စုပြုံတိုးဝှေ့နေကြပါသည်။ ဝန်နှင့်အား မမျှသေးပါ။ ဝမ်းရေးထက် ကျန်းမာရေးအတွက် ရနိုင်သမျှ ငွေကိုသာ ရှာဖွေနေကြရ၏။ ခြိုးခြံချွေတာ စားကြရ၏။ ဆေးမြီတို ကလေးဝယ်ယူစားသုံးရန်ပင် ငွေကြေးတစ်စုံတစ်ရာ မပြည့်စုံပါက အသက် အသေခံရုံမှတစ်ပါး အခြားမရှိလေပြီ။

ခင်မောင်ဌေး (ပညာရေး)

  • VIA