News

POST TYPE

OPINION

ဖြေဖို့လိုနေတဲ့ ခေါက်ရိုးများ
12-Jun-2017

ကျွန်ုပ်တို့နိုင်ငံသည် လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ပါလီမန် ဒီမိုကရေစီစနစ်ကို နှစ်အနည်းငယ်သာ ကျင့်သုံးခဲ့ရပြီး နောက်ပိုင်းကာလ နှစ်ပေါင်း ၅၀ အတွင်းတွင် တစ်ပါတီ အာဏာရှင်စနစ်သို့ ကျရောက်ခဲ့ရသည်။ သို့အတွက်ပင် ဝန်ထမ်း အဖွဲ့အစည်းကြီး အတွင်းတွင် အချို့သော ကိစ္စရပ် အတော်များများမှာ ဗျူရိုကရက်စနစ်ဆန်ဆန် ခေါက်ရိုးကျိုးနေသည့်စနစ်များ၊ အမူအကျင့်များသည် ယနေ့ထက်တိုင် စွဲကျန်ရစ်ခဲ့သည်။ အစိုးရအမျိုးမျိုး ပြောင်းပြီး အထက်ပိုင်း နိုင်ငံရေးခေါင်းဆောင်များ မရှိတော့သော်လည်း ကျန်ရစ်နေခဲ့သည့် ဝန်ထမ်းများမှာမူ ထိုစနစ်ဟောင်း ခေတ်ဟောင်းက အမူအကျင့်ဟောင်းများကိုမူ ယနေ့ထက်တိုင် ပြောင်းလဲမှု မရှိသေးဘဲ တစ်ချိန်က အထက်ပိုင်းလူကြီးများကို လုပ်ပေးနေကြသည့် အမူအကျင့် အတိုင်းသာ ယခုအချိန်အထိ ဆက်လက် လုပ်ဆောင်ပေးနေကြစမြဲဖြစ်သည်ကိုလည်း အမှန်အတိုင်း တွေ့နေရသည်။ အမှန်ဆိုရလျှင် တစ်ပါတီ အာဏာရှင်စနစ်၊ နဝတ၊ နယကစနစ်များမှ ပါတီစုံဒီမိုကရေစီစနစ်သို့ ကူးပြောင်း ကျင့်သုံးခဲ့သည်မှာ ယခုဆိုလျှင် ၆ နှစ်ပင် ကျော်လာပြီဖြစ်လာပြီဖြစ်သဖြင့် ထိုခေါက်ရိုး ကျိုးနေမှုများကိုလည်း ပြောင်းလဲကျင့်သုံးပြီး မိမိတို့ရုံးလုပ်ငန်းများ လွယ်ကူလျင်မြန်လာစေရေးနှင့် အချိန်ကုန် ငွေကုန်သက်သာပြီး ပြည်သူ့အကျိုးပြု လုပ်ငန်းများ အောင်မြင်ထိရောက်လာစေရေးတို့အတွက်ကိုသာ ဦးတည် ဆောင်ရွက်ကြရတော့မည့် အချိန်အခါတစ်ခုလည်း ဖြစ်နေလေသည်။ ထိုခေါက်ရိုးကျိုးနေသည့် အခြေအနေများကို တစ်ခုချင်း ရှင်းလင်းဖော်ပြရလျှင် -

အစည်းအဝေးနှင့် အခမ်းအနား မသဲကွဲကြခြင်း

ပထမဦးစွာ တင်ပြမည့် ခေါက်ရိုးကျိုးနေမြဲတစ်ခုမှာ ဌာနဆိုင်ရာ အများစုတွင် ကျင်းပနေကြသည့် အစည်းအဝေးနှင့် အခမ်းအနားများကို သဲသဲကွဲကွဲ မမြင်ကြ၊ မကျင်းပတတ်ကြခြင်းပင် ဖြစ်သည်။ အစည်းအဝေး တစ်ခုစသည်နှင့် အခမ်းအနား တစ်ခုကဲ့သို့ အစီအစဉ် ကြေညာသူများကို ဘေးတွင်ထားရှိကာ အစီအစဉ် တစ်ခုချင်းစီအလိုက် ကြေညာခြင်း၊ တစ်ခုပြီးဆုံးတိုင်း ကျေးဇူးတင်ကြောင်း ပြောကြားခြင်းနှင့် လက်ခုပ်တီးကြခြင်း၊ ထိုအစီအစဉ်များတွင် သုံးနှုန်းကြသည့် အသုံးအနှုန်းများသည်လည်း မင်းခမ်းမင်းနား ဆန်နေခြင်းများသည် အခမ်းအနားတစ်ခု၏ လုပ်ရိုးလုပ်စဉ်များနှင့် ရောပြွမ်းနေကြခြင်းပင်ဖြစ်သည်။ အမှန်ဆိုလျှင် အစည်းအဝေးဟုဆိုလျှင် အစီအစဉ်များ ကြိုတင်ဖြန့်ဝေထားပြီး အခမ်းအနားမှူးမလိုပေ။ သက်ဆိုင်ရာအဖွဲ့၏ အတွင်းရေးမှူး (သို့မဟုတ်) တွဲဖက်အတွင်းရေးမှူးကသာ ဝေငှထားသည့် အစီအစဉ်အလိုက် သူကဦးဆောင်ပြီး သူ့အစီအစဉ်နှင့်သူ ဆွေးနွေးခြင်းများ ပြုလုပ်သွားကြရမည်သာ ဖြစ်သည်။ ဥက္ကဋ္ဌကြီးက၊ သဘာပတိကြီးက အဖွင့်အမှာစကား၊ အပိတ်အမှာစကား ပြောကြားပေးပါရန် လေးစားစွာ တင်ပြအပ်ပါသည် ဆိုသည်မှာလည်း ခေတ်စနစ်နှင့် မညီတော့ပေ။ ဥက္ကဋ္ဌက အစည်းအဝေး ဆုံးဖြတ်ချက်များ ချမှတ်ပေးရန်ဖြစ်ပါတယ်ဟု ဆိုလျှင်ပင်ရမည်ဖြစ်သည်။ အခမ်းအနား တစ်ခုကျင်းပလျှင်သာ အခမ်းအနားမှူးက အစီအစဉ် တစ်ခုချင်းစီအလိုက် ကြေညာပေးခြင်း၊ အစီအစဉ်တစ်ခုပြီးလျှင် တက်ရောက်လာသူများက လက်ခုပ်တီး အားပေးကြခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ အစည်းအဝေးတွင် ပြုလုပ်ကြရမည့်ကိစ္စနှင့် အခမ်းအနားတစ်ခုတွင် ပြုလုပ်ကြရမည့်ကိစ္စမှာ မရောထွေးစေရန်ဖြစ်သည်။ ယခုလက်တွေ့တွင်မူ ရောပြွမ်းပြီး ယခင်ခေတ်ဟောင်းက ခေါက်ရိုးကျိုးနေမှုများ ရှိနေဆဲပင် ဖြစ်သည်။

ရုံးလုပ်ငန်းများ ဆောင်ရွက်မှု

ရုံးလုပ်ငန်းများ ဆောင်ရွက်ကြသည့် လုပ်ငန်းများတွင်လည်း ပို၍ ဆိုးသည်။ စာတစ်စောင်ကို အဆင့်လိုက် တင်ပြကြရာတွင် အချို့ကိစ္စများမှာ အလှအပ အပြင်အဆင် မွမ်းမံနေသည်က များသည်။ ဖိုင်အမည်တပ်ခြင်း၊ တင်ပြသည့် အကြောင်းအရာကို ဘေးမှစတစ်ထိုးခြင်း၊ တစ်ခုချင်း ဖတ်၍ရစေရန် ပြင်ဆင်ပေးကြခြင်း စသည်ဖြင့် စာပါအကြောင်းအရာကို ပြည့်စုံကောင်းမွန်အောင်၊ လုပ်ငန်း လွယ်ကူလျင်မြန်အောင်၊ လက်တွေ့ကျသည့် ရုံးလုပ်ငန်း သဘောဖြစ်အောင် ဆောင်ရွက်ကြရခြင်းထက် ထိုစာအပေါ် အထက်လူကြီးထံ ရောက်ရန် မွမ်းမံပြင်ဆင်နေသည်က များနေသည်။ တင်ပြချက်များသည်လည်း အပြင်အဆင်များဖြင့်သာ ထုံမွမ်းထားပြီး အနှစ်မပါရှိတတ်ကြပေ။ ထို့အတွက် အချိန်ကုန်ခြင်း၊ အချိန်ကြန့်ကြာခြင်းနှင့် လက်ရှိအခြေအနေနှင့် ကိုက်ညီမှု မရှိခြင်းများ ဖြစ်ပေါ်နေသည်။ ထိုအရာသည်ပင်လျှင် လက်တွေ့ ခေတ်အခြေအနေနှင့် မညီသည့် ခေါက်ရိုးကျိုးနေမှု တစ်ရပ်လည်းဖြစ်သည်။

အထက်အောက်ဆက်ဆံရေး

ဤအကြောင်းပြောရလျှင် စာရေးသူကို ဘာသာရေး အဆုံးအမနှင့် ဝေးသူဟုပင် ထင်မြင်ကောင်း ထင်မြင်နိုင်သည်။ အထက်အောက် ဘေးတိုက်ဆက်ဆံရေးတွင် ကျွန်ုပ်တို့မြန်မာမှုနယ်ပယ်၌ ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကိုသနားဟု ဆိုရိုးရှိခဲ့သည်မှာ မှန်ပါသည်။ မိမိထက် ဝါ၊ ရာထူးအားဖြင့် အတွေ့အကြုံအားဖြင် ကြီးရင့်သူ ဆရာသမားများအပေါ် ရိုသေလေးစားကြရမည်မှာ မှန်ပါသည်။ ဤနေရာတွင် ပြောချင်သည့် အထက်အောက် ဆက်ဆံရေး ဆိုသည်မှာ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာ၌လည်းကောင်း၊ ဆွေးနွေးကြရာ၌လည်းကောင်း အလွန်ယဉ်ကျေးသည့် အသုံးအနှုန်းများ သုံးနှုန်းခြင်း၊ နည်းလမ်း မှားနေသည့်ကိစ္စကို ပြန်လည် ကျိုးကြောင်းပြချက်နှင့် တင်ပြရန် အားနာနေခြင်း၊ လိုအပ်သည်ထက်ပိုကာ အရိုအသေပေး အခေါ်အဝေါ် အသုံးအနှုန်းများ ခေါ်ဝေါ်ပြုမူနေကြခြင်း၊ အထက်လူကြီးဆိုလျှင် အလိုလိုနေရင်း ကြောက်ရွံ့နေတတ်ခြင်း၊ သူပြောသည်က အမှန်၊ သူပြောသည်က သဘာဝ ကျသည်ဟု တစိုက်မတ်မတ် ထောက်ခံနေခြင်း၊ အထက်လူကြီးကပြောလျှင် ဟုတ်ပါတယ် ခင်ဗျ၊ မှန်ပါတယ်ခင်ဗျဟု လက်ညှိုးထောင် ခေါင်းညိတ်ကာ လူကြီးများ အကြိုက် လိုက်နေခြင်းများကို ဆိုလိုလိုရင်း ဖြစ်ပါသည်။

ခရီးဦးကြိုဆိုမှု၊ ဧည့်ခံမှုများ

ဤအကြောင်း ပြောရလျှင် လွန်ခဲ့သည့်ရက်ပိုင်းကပင် Facebook အင်တာနက် လူမှုကွန်ရက် စာမျက်နှာအပေါ် ပျံ့နှံ့လာသည့်ဓာတ်ပုံ တစ်ပုံအကြောင်းလည်းပါသည်။ အထက်လူကြီးများ တာဝန်တစ်ခုဖြင့် နယ်တစ်ခုသို့လာလျှင် ဒေသခံများက ကြိုဆိုကြရမည်မှာ ထုံးစံတစ်ခု၊ ဧည့်ဝတ်ကျေပွန်မှု တစ်ခု၊ ဘာသာတရား အဆုံးအမ တစ်ခုဆိုသည်မှာ မှန်သော်လည်း ဝန်ထမ်းကြီးငယ်များ၊ ကျောင်းသားကျောင်းသူများ၊ အရပ်သား ပြည်သူများကိုခေါ်ယူပြီး လက်အုပ်ချီမိုးကာ မကန်တော့ရုံတစ်မည် ကြိုဆိုနေကြခြင်းများ၊ တာဝန်ရှိသူများ ကိုယ်တိုင်ပင်လျှင် လိုသည်ထက် ဦးညွတ်နေကြခြင်းများ၊ အရိုအသေပေးကာ ထီးတော်မိုး ဖိနပ်တော်ကိုင်နေကြခြင်းများနှင့် ထိုအခမ်းအနားများတွင် လိုအပ်သည်ထက် ပြင်ဆင်ကျွေးမွေးကြခြင်းများကြောင့် ငွေကြေးများ အဟောသိကံ ဖြစ်ရခြင်းများ ကြုံနေရဆဲ ဖြစ်နေသည်။ ပြည်သူ့ဘဏ္ဍာများ လေလွင့်နေကြဆဲဖြစ်သည်။

အထက်လူကြီးများ၏ လမ်းကြောင်းများ

ထိုကိစ္စသည် ပြည်သူများအကြား အတော် လူပြောများသည့်ကိစ္စ ဖြစ်သည်။ လူကြီးတစ်ဦး နေရာတစ်ခုသို့ လာမည်ဆိုလျှင် မလာခင် တစ်ပတ်လောက်ကတည်းက ဒေသခံပြည်သူများက သိကြသည်။ လူကြီးများ လာမည်ဆိုပါမှ လာမည့် အဆောက်အအုံများအား ရှင်းလင်းခြင်း၊ ထုံးသုတ်ခြင်း၊ အပင်များ စိုက်ခြင်းများ အပူတပြင်း လုပ်ကြသည်။ လူကြီးပြန်သွားလျှင် ယခင်အတိုင်း ချုံနွယ်ပိတ်ပေါင်း များစွာဖြင့်ပင် ဖြစ်နေတတ်ပြန်သည်။ နောက် ဆိုးဝါးသည့် အခြေအနေတစ်ခုမှာ လူကြီးတစ်ဦး ကားဖြင့်လာသည်ဆိုပါစို့။ ယာဉ်တန်းအလယ်မှာ လိုက်ပါလာသည့်လူကြီး ဆိုသူကဖြင့် သိသည် မသိသည်မသိ။ ရှေ့ဆုံးက လာသည့်ယာဉ်ကတော့ ဖြင့်မူ ရှေ့မီးနှစ်လုံးကို စုံဖွင့်သည်။ ဟွန်းအဆက်မပြတ် တီးသည်။ ထိုလမ်းတစ်လျှောက် သွားလာနေသမျှ ပြည်သူများ ကြောက်လန့်တကြား ဘေးသို့ ဆင်းပေးကြရ၏။ အချို့ အချိန်မရ၍ မဖယ်ပေးနိုင်ဖြစ်ရသူများကိုပင် ယာဉ်ပေါ်မှပါသည့် အစောင့်အကြပ်များက အပြစ်တင် ပြောဆိုခြင်းများပင် ကြုံရသည်။ ထိုအခြေအနေများမှာ လုံခြုံရေးအရ နယ်မြေအပေါ် မူတည်၍သော်လည်းကောင်း၊ ဆောင်ရွက်မည့် ကိစ္စအရသော်လည်းကောင်း ထိုသို့ဆောင်ရွက်ခြင်းမှာ မှန်ကောင်းမှန်နိုင်မည် ဖြစ်သော်လည်း နေရာတိုင်း၊ မြို့ကြီး ရွာကြီးတိုင်းတွင်မူ မှန်ကန်သည့် ပြုမူဆောင်ရွက်ခြင်းမျိုးမှာ မဟုတ်ပါ။ ထိုအခြင်းအရာသည်လည်း စနစ်ဟောင်းမှ ခေါက်ရိုးကျိုးနေသည့် အရာတစ်ခုဖြစ်သည်။ ကြက်တူရွေးက တော်တော် မယ်တော်က ကဲကဲဆိုသလို နောက်အလယ်မှာ လိုက်ပါစီးနင်းလာသည့် လူကြီးကတော့ ရှေ့ကားများက ထိုသို့လုပ်နေသည်ကို သူတို့ သိချင်မှသိမည်။ လုပ်နေသည်မှာ ယခင်ကတည်းက ခေါက်ရိုးကျိုးလာနေသည့် ယာဉ်မောင်းနှင့် လုံခြုံရေး အစောင့်အကြပ်များကသာ လုပ်နေကြခြင်း ဖြစ်ဟန်တူသည်။ နောက်ဆုံးတော့ ပြည်သူက ဒီလူကြီးကြီးကြီးကျယ်ကျယ် လုပ်သည်၊ အရင်ခေတ်အတိုင်း မပြောင်းလဲဟုသာ မှတ်ချက်ချတော့သည်။

လက်ဆောင်ပဏ္ဏာ ဂါရဝပစ္စည်း ပေးကြခြင်းများ

ထိုကိစ္စနှင့်ပတ်သက်ပြီး ယခုအစိုးရ တက်တက်လာချင်းတွင် လက်ဆောင်ပစ္စည်း၏တန်ဖိုးကို ၂၅၀ဝ၀/ိထက် မည်သူမျှ ကျော်လွန်ပေးဆောင်ခြင်း မပြုရ၊ ကျော်လွန်လျှင် လာဘ်လာဘ ပေးသည်၊ ယူသည်ဟု မှတ်ယူကာ အရေးယူခံရမည်ဟု အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့သော်လည်း အမှန်လက်တွေ့တွင်မူ ယနေ့အချိန်အထိ ထိုကိစ္စနှင့်ပတ်သက်၍ တစ်ဦးတလေမျှ အရေးယူခံကြရခြင်း မရှိ။ မည်သူ့ကိုတော့ဖြင့် မည်သို့ ပေးကမ်းလိုက်ရသဖြင့် မည်သို့ ဖော်ထုတ်ပြီး အရေးယူလိုက်သည်ဟု မကြားဖူးကြချေ။ ဆိုလိုသည်မှာ ယခင်စနစ်ဟောင်း လမ်းကြောင်းအတိုင်းသာ သွားမြဲ ကန်တော့မြဲ ပေးကမ်းနေမြဲသာ ဖြစ်ကြသည်။ လက်ဆောင်ပစ္စည်း ရောင်းသည့်ဆိုင်များမှ အထူးပြုလုပ်ထားသည့် ခြင်းတောင်းလေး အငယ်ဆုံးတစ်ခု၏ ဈေးကဖြင့်မူ ၂၅၀ဝ၀/ိအောက်ရနိုင်မည့်ခြင်း မတွေ့ကြရချေ။ ထိုထက်ပိုသည့်ခြင်းများကိုလည်း ပြင်ပလက်ဆောင်ဆိုင်များတွင် ရောင်းချနေကြသည်မှာလည်း စဉ်းစားစရာပင် ဖြစ်နေပေသည်။ လက်ဆောင် ပစ္စည်းပေးကြသည်ဆိုခြင်းတွင် သီတင်းဝါလကျွတ်ချိန်၊ မိမိဒေသသို့ ခွင့်ပြန်ရာမှ ပြန်လာချိန် အောက်ခြေဝန်ထမ်းငယ်လေးများမှ အထက်လူကြီး ဆရာသမားများထံ ဒေသထွက် ပစ္စည်းလေးများ ပေးကြသည်ကို မဆိုလို။ လုပ်ငန်းကိစ္စများအတွက်၊ ရာထူးတိုး နေရာပြောင်းကိစ္စများအတွက် ဝင်ထွက်နေကြသည့်ကိစ္စကိုသာ ဆိုလိုလိုရင်းဖြစ်သည်။

ပြည်သူ့ရေးရာ ဝန်ဆောင်မှု လုပ်ငန်းများ

ဒီဆောင်းပါးတွင် အဓိက ပြောချင်သည့်ကိစ္စမှာ ဤကိစ္စ၊ ဤခေါင်းစဉ် ဖြစ်သည်။ လွန်ခဲ့သည့် ကာလများဆီက ဗျူရိုကရက်စနစ်အကြားတွင် ရှင်သန်ခဲ့ရသည့် ဝန်ထမ်းများမှာ သူတို့သည် ပြည်သူများအပေါ် ဝန်ဆောင်မှု ပေးကြရမည် ဆိုသည့်အချက်ကို မမြင်မသိခဲ့ကြပေ။ အာဏာရှင်စနစ်၏ ဆိုးကျိုးအကြားတွင် ငါတို့ လုပ်ပေးမှရမည်၊ ငါတို့လုပ်ပိုင်ခွင့် ပါမစ်ပေးမှ သူတို့ အလုပ်ရကြမည်ဟူသည့် ခေါက်ရိုးကျိုးနေခဲ့သည်မှာ ကြာနေခဲ့သည်။ ကြာနေခဲ့သည်မှာလည်း ကြာလာတော့လည်း ယနေ့အထိပင် ထိုခေါက်ရိုးမှာ မပြေချင်ကြသေးပေ။ ယခင်က Civil Service နိုင်ငံ့ဝန်ထမ်းဟုဆိုထားရာမှ Public Servant ပြည်သူ့ဝန်ထမ်းဟု ဆိုလာသည်ကို သူတို့သဘောမပေါက်၊ နိုင်ငံရေးသမား အစိုးရခေါင်းဆောင်များ၏ ပြောင်းလဲ ဖော်ဆောင်မှုနောက်ကို သူတို့လိုက်ပါဖို့အရေး နှေးကွေးနေဆဲ ဖြစ်သည်။ ဝန်ထမ်းဖြစ်လာကတည်းကပင်လျှင် ပြည်သူ့ရေးရာ ဝန်ဆောင်မှုအတွက် ဖော်ဆောင်ပေးရမည်၊ ပြည်သူများကို အလုပ်အကျွေးပြုရမည်၊ ပြည်သူကို ရေလို လလို ဆက်ဆံကြရမည်ကို သူတို့ မသိရှာ။ ယနေ့အချိန်ထိ အောက်ခြေရုံးဌာနများတွင် အပေးအယူများ ရှိနေဆဲ၊ အကျင့်ပျက် လာဘ်စားမှုများ ပြင်းထန်နေမြဲ၊ ပြည်သူကို ပြည်သူဟု မမြင်မြဲပင် ဖြစ်နေသေးသည်။

အစည်းအဝေးများ များနေခြင်း

ဖြေရမည့်ခေါက်ရိုးများတွင် ဌာနဆိုင်ရာများ၌ ပြုလုပ်နေကြသည့် အစည်းအဝေးများ များပြားနေခြင်းကလည်း တစ်ခု အပါအဝင်ဖြစ်သည်။ ဌာနဆိုင်ရာများတွင် ပြုလုပ်ကြသည့် အစည်းအဝေးများမှာ လိုအပ်သည်ထက် များနေခြင်းသည်ကလည်း အချိန်များကို ဖြုန်းတီးစေပြီး လုပ်နိုင်ကိုင်နိုင်သည့်အားများကို ဖျက်ဆီးပစ်ရာ ရောက်သည်။ ထိုအကြောင်းကို အပျော်အပြက်ဆန်ဆန် ပြောထားသည့် စကားတစ်ခွန်းပင် ရှိသေးသည်။ ၎င်းမှာ အစည်းအဝေး တစ်ခုတွင် ဥက္ကဋ္ဌဆိုသူက စပြောသည့်အခါ အခုလုပ်တဲ့ အစည်းအဝေးကတော့ များနေတဲ့ အစည်းအဝေးတွေကို လျှော့ချဖို့ ပြုလုပ်တဲ့ အစည်းအဝေး ဖြစ်ပါတယ်။ ဒါက ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးသာ ဖြစ်ပါတယ်တဲ့။ ဤစကားသည် ပြက်ရယ်စကားသာ ဖြစ်သော်လည်း အမှန်တွင်မူ ဌာနဆိုင်ရာများ၌ အမှန်ဖြစ်နေသည့် ကိစ္စဖြစ်သည်။ အစည်းအဝေးများမှာ တစ်ခုပြီးတစ်ခု ဆက်နေသည်။ ထိုအခါ ထိုဌာနဆိုင်ရာ လူကြီး၏လက်မှတ်ရရှိမှ အလုပ်လုပ်ကြရမည့် အရာများ အားလုံးသည် ထိုလူကြီး အစည်းအဝေးပြီးအောင် စောင့်ဆိုင်းနေကြရသည်။ ထိုလူကြီးသည် ညနေပိုင်းမှ အစည်းအဝေးပြီးသည့်အခါ ပြည်သူများအတွက် ဝန်ဆောင်မှု ပေးရမည့်စာများသည် ညနေပိုင်းမှသာ လက်မှတ်ထိုးနိုင်တော့သည်။ ထိုအခါ ထိုစာကိုဖြန့်ကြရမည့် ထိုဌာနရှိ ဝန်ထမ်းများက ရုံးဆင်းချိန် မဆင်းရ၊ အပိုချိန်အဖြစ်သာ ဆက်ကြရတော့သည်။

နိဂုံးချုပ်အားဖြင့် တင်ပြရလျှင် ယနေ့အချိန်တွင် ဖြစ်ပေါ်ပြောင်းလဲနေသည့် ခေတ်စနစ် အခြေအနေများနှင့်အညီ ထိုဝန်ထမ်း အဖွဲ့အစည်းကြီးထဲတွင်လည်း လိုက်ပါပြောင်းလဲ လုပ်ဆောင်ကြရတော့မည်ဖြစ်သည်။ ယခင်ခေတ်ဟောင်း စနစ်ဟောင်းက ကပ်ပါငြိတွယ်လာနေသည့် ခေါက်ရိုး ကျိုးနေမှုများကို ဖြေလျှော့ပစ်ရန် အချိန်တန်နေပေပြီ။ သို့မှသာ ပြည်သူများအတွင်း စွဲထင်နေသည့် ဝန်ထမ်းများအပေါ် အမြင်မှားနေမှုများ၊ နှောင့်နှေးကြန့်ကြာမှုများ ပပျောက်ပြီး အစိုးရယန္တရားကြီးတစ်ခုလုံး သွက်လက်မြန်ဆန်လာကာ နိုင်ငံသည်လည်း ဖွံ့ဖြိုးတိုးတက်မည်မှာ အမှန်ပင်ဖြစ်ပါကြောင်း စိတ်ကောင်းစေတနာဖြင့် ရေးသားတင်ပြလိုက်ရပါသည်။

အောင်ဇေယျ

  • VIA