News

POST TYPE

OPINION

ပြည်သူလူထုကို အမှန်တကယ် အကာအကွယ် ပေးနိုင်မည့်သူ (Daily, Vol-5/No-52)
11-Jun-2017
မြန်မာနိုင်ငံတွင်း ယခင်ခေတ် အဆက်ဆက်ကတည်းက အငြင်းပွားဖွယ် အနေအထားဖြင့်ရှိခဲ့ပြီး မဖြစ်မနေ ပြုပြင်ပြောင်းလဲရန် လိုအပ်သည့် ဥပဒေများ၊ တစ်နည်းအားဖြင့် ဒီမိုကရေစီ ထွန်းကားသော လူ့အဖွဲ့အစည်းတစ်ရပ်၊ နိုင်ငံတစ်ရပ် ပေါ်ထွန်းရေးတွင် ကြီးမားသည့် အဟန့်အတားသဖွယ် ဖြစ်နေသည့် ဥပဒေများနှင့် ယင်းဥပဒေများကို ပြင်ဆင်ရေးဆွဲပေးကြမည့် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍ အရေးကြီးကြောင်း သက်ဆိုင်သူ အားလုံး သိရှိထားပြီး ဖြစ်သည်။ 

မြန်မာနိုင်ငံသားများ သိထားကြသည့်အတိုင်း လက်ရှိအချိန်ကာလသည် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်တင်မြှောက် ခံထားရသော အမျိုးသား ဒီမိုကရေစီ ပါတီအဖွဲ့ချုပ်(NLD) အစိုးရက အုပ်ချုပ်နေပြီး လွှတ်တော်နှစ်ရပ်တွင်လည်း ပြည်သူအများစု လိုလိုလားလားဖြင့် ထောက်ခံခဲ့ကြသော NLD ပါတီမှ ကိုယ်စားလှယ်များ နေရာရရှိထားချိန် ဖြစ်သည်။ သို့သော် ယနေ့မြန်မာ့အရေးကို လေ့လာဆန်းစစ်လျက် ရှိသူများ သာမက မြန်မာနိုင်ငံသားများပါ တူညီစွာ နားလည်ထားသည့် အချက်မှာ မျှော်လင့်ထားခဲ့သလောက် ခရီးမပေါက်သေး ဟူသည့်အချက်ပင်ဖြစ်သည်။ ပြည်သူလူထု ကိုယ်စား၊ ပြည်သူ့အသံဟု တင်စားခေါ်ဆိုခံရသည့် လွှတ်တော်၏ အခန်းကဏ္ဍကို ကြည့်မည်ဆိုပါက ယခုလွှတ်တော်သည် ယခင်ငါးနှစ်တာ ကာလက လွှတ်တော်လောက် ဥပဒေပြုရေး ကိစ္စရပ်များ၌ တက်ကြွမှု မရှိသလို အစိုးရနှင့် လွှတ်တော်အကြားက Check and Balance ဟူသည်မှာလည်း ယခင်ငါးနှစ်တာခေတ်ကလောက် အားကောင်းမောင်းသန် မရှိတော့သည်ကို တွေ့ရပါလိမ့်မည်။ အလားတူပင် ယခင်လွှတ်တော်၌ အာဏာရပါတီနှင့် အတိုက်အခံတို့အကြား အကျေအလည် ငြင်းခုံမှုများဖြင့် ဥပဒေပြု လုပ်ငန်းစဉ်မှာ များစွာ အားရစရာ ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ ပြည်သူဘက်ကရပ်ကာ ထုတ်ဖော် ပြောဆိုပေးမည့် အတိုက် အခံအင်အားစုများ လွှတ်တော်တွင်း၌သာမက လွှတ်တော်ပြင်ပတွင်ပါ မရှိသလောက်ဖြစ်သွားသည်ကိုလည်း တွေ့ရပါလိမ့်မည်။ ပို၍ အား မလိုအားမရဖြစ်စရာကောင်းသည့်အချက်မှာ ပြည်သူကိုကိုယ်စားပြုသည့် လွှတ်တော်ဖြင့် အုပ်ချုပ်ရေးယန္တရားကို ထိန်းကျောင်းနိုင်မည့် ဒီမိုကရေစီ စနစ်ပေါ်ပေါက်ရန် ကြိုးပမ်းမှုများကြောင့် နိုင်ငံရေး အကျဉ်းသားဘဝသို့ ရောက်ရှိခဲ့ဖူးသူ နိုင်ငံရေးသမားကြီးများ မိမိအလိုရှိရာ အရာကိုရရှိထားပြီ ဖြစ်သော်လည်း လက်တွေ့ကျကျမည်သို့ အကောင်အထည် ဖော်ရမည်ဟူသည်ကို ရိပ်စားနိုင်မှု မရှိခြင်းပင် ဖြစ်ပေသည်။ ထို့အတူယခင် ငါးနှစ်တာကာလက အာဏာရပါတီ၏ ကိုယ်စားလှယ်များသည်လည်း ယခုလွှတ်တော်တွင် ပြည်သူ ယုံကြည်လောက်သည့် အတိုက်အခံ အင်အားစုကောင်း တစ်ရပ် ဖန်တီးပြီး ပြည်သူ၏မေတ္တာကို ယူနိုင်ခြင်းမရှိဘဲ ဖြစ်နေသေးသည်မှာ ဝမ်းနည်းစရာပင် ဖြစ်ပေသည်။

စစ်မှန်သော ဒီမိုကရေစီ စနစ်နှင့်ပတ်သက်၍ မတူညီသော နိုင်ငံနှင့် ယဉ်ကျေးမှုတို့အလိုက် သတ်မှတ်ပြဋ္ဌာန်းထားသော မတူကွဲပြားသော စံနှုန်း အသီးသီးနှင့် ဆိုရိုးအသီးသီး ရှိသော်လည်း တူညီသည့်အချက်မှာ ဒီမိုကရေစီ ဟူသည် တရားဥပဒေ စိုးမိုးရေး၊ တစ်နည်းအားဖြင့် ပြည်သူတို့ကို အမှန်တကယ် အကာအကွယ်ပြုပေးသည့် ဥပဒေကောင်းများ ရှင်သန်နေခြင်းကို ဆိုလိုပေသည်။ ဒီမိုကရေစီစနစ် အလွန်အားကောင်းသွားပြီ ဖြစ်သောကြောင့် ရွေးကောက်ပွဲများကိုပင် ပြည်သူလူထုက များစွာ စိတ်မဝင်စားကြတော့သည့် နိုင်ငံများ (ဥပမာ-ဂျာမနီနှင့် မြောက်ဥရောပနိုင်ငံများ)ကိုကြည့်မည်ဆိုလျှင် ကြုံတွေ့ခဲ့ဖူးသော အဖြစ်ဆိုးများ လုံးဝ ထပ်မဖြစ်နိုင်အောင် ပိတ်ပင် ဟန့်တားထားပြီး နိုင်ငံသားများကို အမှန်တကယ် အကာအကွယ်ပေးသည့် ဥပဒေများ ရှင်သန်နေသည်ကို တွေ့ရပေမည်။ ဤနေရာတွင် ပြည်သူလူထု အမှန်တကယ် မှီခို အားထားရမည့် ဥပဒေများပေါ်ထွန်းရေး ကိစ္စနှင့်ပတ်သက်လာမည်ဆိုပါက ပါတီ၏မျက်နှာနှင့် ပြည်သူ၏မျက်နှာ မည်သည့်မျက်နှာကို ကြည့်သင့်သနည်း ဟူသောမေးခွန်းကို ဥပဒေပြုရေးမဏ္ဍိုင်မှ တာဝန်ရှိသူများ သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်များ အလေးအနက်ထား စဉ်းစားသင့်ပေသည်။ အကြောင်းမှာ အစိုးရအဖွဲ့ သာမက နိုင်ငံအတွက် အရေးပါသည့် အင်စတီ ကျူးရှင်းကြီးများတွင် “အထက်ကအမိန့်”အတိုင်း လိုက်နာဆောင်ရွက်ပါက “ဝန်ထမ်းကောင်း”၊ “အမှုထမ်းကောင်း”အဖြစ် သတ်မှတ်ခံရစမြဲ ဖြစ်သော်လည်း ဒီမိုကရေစီ အမှန်တကယ် ဖော်ဆောင်လိုသော ပြည်သူ့ကိုယ်စားလှယ်အတွက်မူ ဥပဒေကောင်းများ အထက်၌ မည်သည့်ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းတစ်ခုမျှ မရှိအောင် အခိုင်အမာ လုပ်ဆောင်နိုင်ပါမှ ပြည်သူ့ကိုယ်စားလှယ်ကောင်းအဖြစ် သတ်မှတ်ခံရမည်ဟူသည်ကို ပြောလိုရင်း ဖြစ်ပေသည်။ 

အယ်ဒီတာ (၁၁-၆-၂၀၁၇)


  • VIA