News

POST TYPE

OPINION

လက်ရုံး နှလုံး အတူထွန်းမှ(Daily, Vol-5/No-51)
11-Jun-2017

လူသားတစ်ဦး ဘဝရဲ့ စိန်ခေါ်မှုတွေကို နေ့စဉ် ရင်ဆိုင်ဖြတ်သန်းရတဲ့အခါ အသိဉာဏ်နဲ့ ချင့်ချင့်ချိန်ချိန် လုပ်ဖို့ ဦးစားပေးရတဲ့အခါရှိသလို မဖြစ်မနေ ကျွမ်းကျင်မှုခွန်အားနဲ့ အင်တိုက်အားတိုက် လုပ်ဖို့လိုတဲ့ အခါတွေ ရှိစမြဲဖြစ်တယ်။ အဲဒီလို လုပ်ဆောင်တဲ့အခါတိုင်းမှာ တွေးဆချင့်ချိန်မှု မရှိဘဲ ကျွမ်းကျင်မှုနဲ့ အင်တိုက်အားတိုက်လုပ်မှုက မပေါက်မြောက်နိုင်သလို လုပ်နည်းလုပ်ဟန်ကို ကြံဆမိပေမယ့် လက်တွေ့လုပ်နိုင်ဖို့ ကျွမ်းကျင်မှုနဲ့ ခွန်အား မရှိပြန်ရင်လည်း မပေါက်မြောက်နိုင်ပါဘူး။ ဆိုလိုတာက လက်ရုံးရည်နဲ့ နှလုံးရည်ဆိုတာ ခွဲခြားအပ်တာ မဟုတ်ဘူးဆိုတာပါ။

ဒါကြောင့် လူတစ်ဦး တစ်ယောက်ချင်းဖြစ်စေ၊ အဖွဲ့အစည်းတွေဖြစ်စေ လက်ရုံးနဲ့ နှလုံးဆိုတာ အတူတကွ ယှဉ်တွဲ ဖွံ့ဖြိုးမှသာ ရေရှည်ရပ်တည်ပြီး လိုလားချက်ပန်းတိုင်ကို ပေါက်မြောက် ရောက်ရှိမှာ ဖြစ်တယ်။ အဖွဲ့အစည်း တစ်ခု အခက်အခဲ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီး ရပ်တည် ရှင်သန်အောင်မြင်ဖို့ဆိုရင် ရှေ့ကိုကြိုတွေးပြီး ခမ်းနားကြီးကျယ်တဲ့ ပန်းတိုင်မျှော်မှန်းမှုတွေလုပ်ဖို့  မျှော်မြင်နိုင်တဲ့ လူတွေရှိဖို့ လိုသလို လက်တွေ့ကျကျ မူဝါဒတွေချပြီး အမှန်တကယ် အကောင်အထည် ဖော်နိုင်မယ့် လူတွေလည်း ပါဝင်ဖွဲ့စည်းထားဖို့လိုတယ်။

အဓိက အရေးကြီးတာက လက်ရုံးအားပြုချိန်လား၊ နှလုံးကို ပိုအားပြုချိန်လား ခွဲခြားဖို့လိုရင်းသာ ဖြစ်တယ်။ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းတွေဖြစ်စေ လက်ရုံး အားပြုချိန်မှာလည်း ပညာနှင့်ယှဉ်သော လက်ရုံးရည်ဖြစ်ဖို့လိုသလို နှလုံးအား ပြုချိန်မှာလည်း လိုအပ်တဲ့ လက်ရုံးရည်ကိုသုံးနိုင်ဖို့ ကျွမ်းကျင်အောင် ပြင်ဆင် ထားဖို့သာ ဖြစ်တယ်။ အဲလို မျှတချင့်ချိန်နိုင်စွမ်းမရှိဘဲ ကိုယ့်မှာ အားသန်တာ တစ်ခုကိုပဲ အမြဲအားပြုပြီး ကိုယ့်မှာ အားနည်းတဲ့ အရည်အချင်းကိုတော့ မဖြည့်ဆည်းထားဘူးဆိုရင် အဲဒါဟာ ရေရှည်ကို မမျှော်မှန်းတဲ့၊ လက်တွေ့မကျတဲ့၊ ပုံသဏ္ဌာန် မမှန်တဲ့ တစ်ဖက်စောင်းနင်း ဖွံ့ဖြိုးမှုသာ ဖြစ်တယ်။

တစ်ဦးချင်းစီနဲ့ အဖွဲ့အစည်းတွေမှာလိုပဲ နိုင်ငံတစ်နိုင်ငံမှာလည်း လက်ရုံးနဲ့ နှလုံးဆိုတာ အမြဲ တစ်ပြိုင်တည်း အတူ ဖွံ့ဖြိုးလာအောင် မွေးမြူ၊ ပျိုးထောင်ပေးနေရမယ်။ အဲလို မျှမျှတတ ဖွံ့ဖြိုးအောင် လုပ်မထားနိုင်ရင် ဂရိသမိုင်းဆရာကြီး သူဆစ်ဒစ်ဒီးဇ်ပြောတဲ့ “ပညာရှင်တွေနဲ့ စစ်သည်တော်တွေကို ခွဲခြားထားတဲ့ လူ့အဖွဲ့အစည်းတစ်ခုဟာ သူတို့အတွက် တွေးခေါ်မျှော်မြင် ဆုံးဖြတ်ချက်တွေကို သူရဲဘောကြောင်သူတွေက ဆုံးဖြတ်ကြပြီး သူတို့ရဲ့ တိုက်ပွဲတွေကိုတော့ မိုက်မဲသူတွေက တိုက်ကြလိမ့်မယ်”ဆိုတဲ့ လူ့အဖွဲ့အစည်းကိုသာ ရလာလိမ့်မယ်ဆိုတာကို ထောက်ပြလိုရင်း ဖြစ်တယ်။ အချုပ်အားဖြင့်ဆိုရရင် လက်ရုံးနဲ့ နှလုံးဆိုတာ ဘက်မျှ ထွန်းကားအောင် ရှင်သန်ခွင့် ပေးထားရမယ့် စွမ်းရည်တွေ ဖြစ်တယ်ဆိုတာ ဆိုလိုရင်းဖြစ်တယ်။

အယ်ဒီတာ (၁၀-၆-၂၀၁၇)

  • VIA